Leave a comment

နိုင်ငံမဲ့ဖြစ်ရန် လွယ်ကူသော်လည်း နိုင်ငံသားဖြစ်ရန် ခက်ခဲလှသည့် ၁၉၈၂ နိုင်ငံသား ဥပဒေ

နေမင်း (Eastern Star)

နိုင်ငံမဲ့ဖြစ်ရန် လွယ်ကူသော်လည်း နိုင်ငံသားဖြစ်ရန် ခက်ခဲလှသည့် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေ

justice3

၂၀၁၂-ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ဆက်စပ်၍ လွန်ခဲ့သော နှစ် ၃၀ က ပြဌာန်းခဲ့သော ၁၉၈၂ နိုင်ငံသားဥပဒေကို ဝေဖန်သံများကြားနေရပါသည်။ ဘင်္ဂါလီဟုခေါ်ခံရသူများ၊ ရိုဟင်ဂျာဟု မိမိကိုယ်မိမိ သတ်မှတ်သူများဘက်မှ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ပြောင်းလဲပြင်ဆင်လိုကြသကဲ့သို့ အမျိုးသားရေးစိတ်ဓါတ်အခံဖြင့် တိုင်းရင်းသား လူမျိုးသစ်တစ်မျိုး ဖန်တီးမှုကို လက်မခံနိုင်သောအုပ်စုများကလည်း ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေကို ပြောင်းလဲ ပြင်ဆင်စရာမလို။ အစစပြီးပြည့်စုံသော ဥပဒေဖြစ် သည်ဟု ပြောဆိုဝေဖန်သံများ၊ ထောက်ခံ ဆန္ဒပြုမှုများကိုလည်း မြင်တွေ့ရပါသည်။ ပြည်တွင်းပြဿနာကို နိုင်ငံတကာပြဿနာဖြစ်အောင် လုပ်နေကြသည်ဟု စွပ်စွဲ သံများကို လည်း ကြားရပါ၏။ ၂၁-ရာစု ကမ္ဘာ့ရွာကြီးတွင် ယခင်က ပြည်တွင်းပြဿနာဟု သတ်မှတ်ထားသော အရာများသည် ယနေ့  နိုင်ငံတကာ ဆိုင် ရာ ပြဿနာဖြစ် လာနိုင်သည်ကို ကျွန်တော်တို့ မြန်မာနိုင်ငံသားများ သတိရှိရှိ ဝေဖန်သိမြင်ဖို့ လိုအပ်လာကြောင်း အသိပေးလိုသဖြင့် ဤစာတမ်းကို ရေးသား ရခြင်းဖြစ်ပါသည်။

1982 Law

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအား ပယ်ဖျက်သင့်ကြောင်း အဆိုတင်သွင်းဆွေးနွေးသူ အမျိုးသား လွှတ်တော်အမတ်များအား ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ မည်သည့်အခန်း မည်သည့်ပုဒ်မသည် အားနည်းနေကြောင်း၊ ပြင်ဆင်ရန်လိုကြောင်း၊ တိကျစွာ အတည်ပြုထောက်ပြပေး သင့်ပါသည်ဟု ၆.၁၁.၂၀၁၂ လွှတ်တော်အစည်းဝေးတွင် အကြံပြုသွားသည်ဟု သိရပါသည်။ အလားတူ နိုင်ငံရေးခေါင်းဆောင်တစ်ဦး အနောက်ဥရောပခရီးစဉ်တစ်ခုတွင် ရခိုင်ပြည်နယ်မှ လူမှုပဋိပက္ခများအကြောင်း သတင်းထောက်တစ်ဦးက စူးစမ်းမေးမြန်းသောမေးခွန်းတစ်ခုကို နိုင်ငံသားဥပဒေ၏ အားနည်းချက်ကြောင့်ဖြစ်ရသည်ဟု တစ်နေရာတွင် ထင်မြင်ချက်ပေးခဲ့၏။ အခြားတစ်နေရာတွင် နိုင်ငံသားဥပဒေ၏ အားနည်းချက်ဆိုသည်မှာ ဘယ်အချက်ကို ဆိုလိုပါသလဲဟု အမေးခံရသောအခါ မိမိအဆိုပါနိုင်ငံသား ဥပဒေ ကို ကောင်းစွာ မလေ့လာရသေးဟု ၀န်ခံစကားပြောလိုက်ရသည်ဟု သတင်း ဂျာနယ်ဖတ်သူများက ကျွန်တော့်အား လာရောက်ပြောကြားရင်း နိုင်ငံခေါင်းဆောင် လုပ်မည့်သူများ အကဲ ဆတ်လှသည့် ကိစ္စများကို လွယ်လွယ်မပြောသင့်ကြောင်း၊ ယခုလည်း ဥပဒေသမားတွေ၊ နိုင်ငံရေးသမားတွေ၊ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေအကြောင်းကို ပြည်တွင်းမှာ အပြောများ၍ ပြည်ပက မေးလာပါလျှင် ဘယ်လိုဖြေကြ၊ ပြောကြမည်မသိပါ။ ခင်ဗျားလည်း ရှေ့နေ တစ်ယောက်ဖြစ်ခဲ့သဖြင့် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေအကြောင်းကို ဘယ် လိုမြင်ပါ သလဲဟု မေးမြန်းတာ မကြာခဏ ကြုံနေရပါသည်။

အဆိုပါပုဂ္ဂိုလ်များအတွက် ဤစာတမ်းသည် ကျွန်တော်၏ ကိုယ်တွေ့အမြင်နှင့် သုံးသပ်ချက် အဖြေဖြစ်ပါသည်။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းတွင် နေထိုင်ခဲ့သော ရန်ကုန်မွေးဇာတိ တိုင်းရင်းသား ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင် ဦးအောင်မြင့် (ခ) Mr. L.Ambrosejustice4

အသက် ၆၂-နှစ်ရှိသူအပေါ် ၁၉၄၇-ခုနှစ်၊ လ၀က အက်ဥပဒေ ပုဒ်မ ၁၃(၁)အရ အရေးယူ ခံရမှုနှင့်ပတ်သက်၍ ကျွန်တော်၏ တပည့် ရှေ့နေ ဦးကျော်ညွန့်က ဗဟိုတရားရုံးတွင် လိုက်ပါဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံသဖြင့် ၁၉၈၆-ခုနှစ် ဖေဖော်ဝါရီလတွင် ကျွန်တော် လက်ခံဆောင်ရွက်ခဲ့ပါသည်။

အမှုဖြစ်စဉ်အကျဉ်းချုပ်မှာ ဦးအောင်မြင့်၏သမီး Mrs. P. Ambrose, 121, Mills Street, Queens Park, W.A.6107 နေသူက တစ်ကွဲတစ်ပြားစီနေထိုင်ရသည့်အဖြစ်ကို လွမ်းဆွတ် လှ သဖြင့် မိဘများကို တွေ့လိုကြောင်း ၁၉၈၂-ခုနှစ်ခန့်ကစ၍ အကြိမ်ကြိမ် မှာကြားဖိတ်ခေါ်သည်ကို သွားရောက်ရန်အတွက် မိဘများကလည်း သမီးထံ သွားရောက်နိုင်ရေး  အကြိမ်ကြိမ် မဆလအစိုးရလက်အောက်ခံ ပြည်ထဲရေးဌာနတွင် Passport နှင့် Visa များရရှိအောင် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပါ။ ပွဲစားများ၏ အကြံပေးချက် အရ Passport မယူပဲ Certificate of Identity (C of I) ကို ယူ၍ နိုင်ငံခြားထွက်လို့ရကြောင်း (C of I) မှာ အလွယ်တကူ ရယူနိုင်ကြောင်းပြောသည်ကို ယုံကြည်ပြီး ဦးအောင်မြင့်သည် ပြည်ထဲရေးဌာနမှ (C of I) ကို လျှောက်ထားရယူခဲ့ပါသည်။

ပြည်ထဲရေးဌာနမှ ၃.၆.၁၉၈၅ ရက်နေ့တွင် (C of I) လက်မှတ်အမှတ် ၁၁၇၄ ကို ဦးအောင်မြင့်အား ထုတ်ပေးခဲ့ပြီး အဆိုပါလက်မှတ်သည် မြန်မာနိုင်ငံအတွင်း ၂.၆.၈၆ နေ့အထိ အတည်ဖြစ်သည်ဟု လည်းကောင်း၊ ဦးအောင်မြင့်သည် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာသွားပြီး ၃-လအကြာတွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံသား အဖြစ်မှ ရပ်စဲပြီးဖြစ်ပါသည်ဟုလည်းကောင်း အဆိုပါလက်မှတ်တွင် ဖော်ပြထားပါသည်။ (အဆိုပါ C of I ကို ပူးတွဲ-၁ အဖြစ် ဖော်ပြထားပါသည်။)

justice 1

ဦးအောင်မြင့်သည် ၂၉.၆.၈၅ နေ့တွင် BAC လေကြောင်းခရီးစဉ် UB 221 နှင့် ဘန်ကောက်မှတဆင့် သြစတြေးလျသို့ သွားရောက်ခဲ့ပြီး ၁-လခန့်အကြာတွင် မြန်မာနိုင်ငံ တွင်ကျန်ရှိသော ဇနီးဖြစ်သူက နှလုံးရောဂါ အသည်းအသန်ဖြစ်၍ မသေမီ တွေ့လိုပါသည်ဟု အကြောင်းကြားခြင်းခံရပါသည်။ ဦးအောင်မြင့်အနေဖြင့် ဇနီးနှင့်သမီးကြား  ဗျာများ ခဲ့ရပြီး နောက်ဆုံး အခြေအနေ ကြုံနေရသော ဇနီးထံပြန်ရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် မိမိလက်ဝယ်ရှိ (C of I)သည် မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် ပြန်လို့ ရမရ ဒွိဟဖြစ်စရာရှိသဖြင့် Camberra ရှိ မြန်မာသံရုံးသို့ ၇.၈.၈၅ နေ့စွဲဖြင့် တရားဝင် စာရေသားမေးမြန်းမှု ပြုခဲ့ပါသည်။ ၉.၈.၈၅ နေ့ နေ့လည် ၂-နာရီခန့်တွင် သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ် မစ္စက်လင့် ဆိုသူထံမှ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားအဖြစ် ရှိနေသေးသဖြင့် (C of I) သက်တမ်း ၃-လအတွင်း မြန်မာနိုင်ငံသို့ အချိန်မီပြန်နိုင်ကြောင်း ပထမဦးစွာ ဖုန်းဖြင့်ပြန်ကြား ခဲ့သည်။ ထို့နောက် သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာ နိုင်ငံတော် သံရုံးမှ စာဖြင့် အောက်ပါအတိုင်း သဘောထားမှတ်ချက် ထပ်မံပေးပို့ခဲ့ပါသည်။ အဆိုပါစာကို ဦးအောင်မြင့်မှ တရားရုံးတွင် သက်သေခံ ၃ အဖြစ် တင်ပြထားပါသည်။ အဆိုပါစာကို ပူးတွဲ-၂ အဖြစ် ဖော်ပြထားပါသည်။

ဦးအောင်မြင့်သည် သံရုံးမှ တယ်လီဖုန်းဖြင့် အကြောင်းပြန်ကြားချက် ရလျှင်ရချင်း မြန်မာနိုင်ငံရှိ နှလုံးရောဂါသည် ဇနီးသည်ထံ အမြန်ပြန်နိုင်ရေး ကြိုးစား ဆောင်ရွက်ခဲ့ရာ ၂၄.၄.၈၅ ရက်နေ့တွင် မင်္ဂလာဒုံလေဆိပ်သို့ ထိုင်းလေကြောင်းဖြင့် ခရီးစဉ်အမှတ် TG-305  နှင့် ညနေ ၄-နာရီအချိန် ဘန်ကောက်မြို့မှတဆင့် ပြန်လည်ဝင်ရောက်ခဲ့ပါသည်။ လေဆိပ်တွင် လ၀က ဌာနမှ လူဝင်မှုကြီးကြပ်ရေး လတ်တလောဥပဒေပုဒ်မ ၃(၁) ၁၃(၁)အရ ဦးအောင်မြင့်အား ဖမ်းဆီးတရားစွဲဆိုမှု ပြုခဲ့ပါသည်။ လ၀ကဌာနမှ ဦးအောင်မြင့် သည် နိုင်ငံသား ဥပဒေပုဒ်မ-၁၆ နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇တို့အရ မြန်မာနိုင်ငံသား အဖြစ်မှ ရပ်စဲခဲ့ပြီဖြစ်၍ မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာအာဏာပိုင်၏ ခွင့်ပြုချက်မပါရှိပဲ ၀င်ရောက်ခွင့်မရှိသဖြင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း လ၀က ဦးစီးမှူးက တရားရုံးတွင် ထွက်ဆိုသွားပါသည်။

အဆိုပါအမှုတွင် ဦးအောင်မြင့်၏ မူလ မင်္ဂလာဒုံမြို့နယ် ပြစ်မှုကြီးအမှုအမှတ် (၁၇၃၂/၈၅) တရားရုံးရှေ့နေ ဦးကျော်ညွန့်က လိုက်ပါ ဆောင်ရွက်ခဲ့ပြီး ဦးအောင်မြင့်လက်ဝယ်ရှိ (C of I) justice2

သက်တမ်းမှာ ကုန်ဆုံးခြင်းမရှိသေး၍ မြန်မာနိုင်ငံသားအဖြစ် တရားဝင် တည်ရှိဆဲဖြစ်ကြောင်း သြစတြေးလျရှိ မြန်မာနိုင်ငံ သံရုံးမှ ဦးအောင်မြင့်ထံ တရားဝင် ပြန်ကြားကြရန်လည်း ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားဖြစ် ပြန်ခွင့်ရှိကြောင်း ဖော်ပြပါရှိသဖြင့် ဦးအောင်မြင့် မြန်မာနိုင်ငံသို့ပြန်လာခြင်းသည် ဥပဒေနှင့်အညီဖြစ်၍ အပြစ်မရှိကြောင်း၊ ခုခံချေပ ဖြေရှင်း ခဲ့ပါသည်။

မင်္ဂလာဒုံတရားရုံးမှ ဦးအောင်မြင့်အပေါ် လ၀က (အရေးပေါ်ပြဌာန်းချက်) အက်ဥပဒေပုဒ်မ-၁၃(၁)အရ ငွေဒဏ် ၂၀၀ ထမ်းဆောင်စေ၊ မဆောင်က ထောင်ဒဏ် ၆-လ ကျစေဟု အမိန့်ချ ခဲ့ပါသည်။ တိုင်းတရားရုံးကလည်း အောက်ရုံးအမိန့်ကိုပင် ထပ်ဆင့်အတည်ပြုပါသည်။ ယင်းအမှု ဗဟိုတရားရုံးတက်ရောက်ရန် အောက်ရုံးရှေ့နေ ဦးကျော်ညွန့် လွှဲအပ်သဖြင့် ကျွန်တော်သည် ဦးအောင်မြင့်အမှုကို ဗဟိုတရားရုံးအတွက် လိုက်ပါဆောင်ရွက်ခွင့်ရခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်က အမှုသည် ဦးအောင်မြင့် ယခုဘယ်မှာလဲဟုမေးမြန်းရာ ဦးအောင်မြင့်၏ မိတ်ဆွေများက မြို့နယ်တရားရုံးက စွဲဆိုသောအမှု၏ ဒဏ်ငွေ ၂၀၀ ကို ဦးအောင်မြင့်က ချက်ချင်းပေးဆောင်ခဲ့သော်လည်း လ၀ကမှ ဦးအောင်မြင့်သည် ယခု မြန်မာနိုင်ငံသားမဟုတ်တော့ကြောင်း မည်သည့်နိုင်ငံသားဟုလည်း သတ်မှတ်ရန်မဖြစ်နိုင်ပဲ နိုင်ငံမဲ့ဖြစ်သွားပြီဖြစ်၍ အင်းစိန်ထောင်အတွင်း ထည့်ထားရ မည်ဖြစ်ကြောင်း ပြော ဆိုပြီး အင်းစိန်ထောင်သို့ခေါ်သွားပြီဖြစ်ကြောင်း ပြောပါသည်။

၁-လနှင့် ၂၅-ရက်အတွင်း မွေးရာပါ မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသား၊ ရန်ကုန်ဇာတိဖွား ပုဂ္ဂိုလ်တစ်ယောက် နိုင်ငံမဲ့ဖြစ်သွားစေသည့် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေ နိုင်ငံသား လုပ်ထုံးလုပ်နည်း ဥပဒေ၏ အစွမ်းကို အထူးပင် တုန်လှုပ်သွားပါသည်။ ထို့ကြောင့် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကိုလည်း အပြန်ပြန် အလှန်လှန် လေ့ လာဖြစ်ခဲ့ပါသည်။ နိုင်ငံသားလုပ်ထုံးလုပ်နည်းဥပဒေကို လေ့လာလိုသဖြင့် ရှာဖွေရာ ၁၉၈၆-ခုနှစ်ဝန်းကျင်က ရန်ကုန်တိုင်းအတွင်း လ၀ကမြို့နယ် ဦးစီးမှုအဆင့်ပင်တွင် စုံစမ်းမရခဲ့ပါ။ ရန်ကုန်မြို့ ကမ်းနားလမ်း ၆-ထပ်လုံးရှိ လ၀က တိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးထံတွင် ရှားရှားပါးပါး လုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇ ကို ကူးယူမှတ်သားခွင့်ရခဲ့ပါသည်။ စာအုပ်တစ်အုပ်လုံး ဖတ်ရှုခွင့်မရပါ။ ထို့ကြောင့် အဆိုပါရှားပါးလှသော လုပ်ထုံးလုပ်နည်းစာအုပ်ကို ဖတ်ရှုလိုသဖြင့် ကြိုးစားလုပ်ဆောင်ရင်း ကံအားလျော်စွာ ထိုစဉ်က ၀န်ကြီးချုပ်ရုံးနှင့်သက်ဆိုင်သော ဌာနတစ်ခုမှ ညွှန်မှူးတစ်ယောက် ကူညီသောကြောင့် ထိုစာအုပ်တစ်အုပ်ကို ရရှိခဲ့ပါသည်။ နိုင်ငံသား လုပ်ထုံးလုပ်နည်းစာအုပ်ကို ဖတ်ရသဖြင့် ထိုစဉ်က ကျွန်တော်တို့ မြန်မာနိုင်ငံသားများကိုင်ဆောင်ထားသော အမျိုးသား မှတ်ပုံတင်များသည် အနာဂတ်တွင် နိုင်ငံသားစိစစ်ရေးကတ်များကို ပြောင်းလဲ ကိုင်ဆောင် ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကာလ လွန်မြောက်ပြီးမှ နိုင်ငံသားစာအုပ်ကို ပြောင်းလဲကိုင်ဆောင်ရမည်ဖြစ်ကြောင်း နမူနာကတ်နှင့် စာအုပ်ကိုပါ လုပ်ထုံးလုပ်နည်း စာအုပ်တွင် ပူးတွဲပါရှိသည်ကို တွေ့မြင်ဖတ်ရှု သိရှိခဲ့ရပါသည်။

justice5

ထို့ကြောင့် ယနေ့ ပန်းရောင်နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခွင့် ရသည့်သူများ ငါတို့တော့ မြန်မာနိုင်ငံသား ဖြစ်ပြီဟု ၀မ်းမြောက်မှု မစောကြစေချင်ပါ။ ယခု   မြန်မာနိုင်ငံ ပြည်သူအားလုံး နိုင်ငံသားဖြစ်ထိုက်မဖြစ်ထိုက် စိစစ်ခံနေရသည်မှာ မြန်မာနိုင်ငံသားဥပဒေ စတင်ပြဋ္ဌာန်းသည့် ၁၉၈၂-ခုနှစ်မှရေတွက်လျှင် နှစ်ပေါင်း ၃၀-ကျော်တော့မ ည်ဖြစ်ပါသည်။ နိုင်ငံတော် သမ္မတကြီးမှစ၍ လွှတ်တော်အမတ်များအပါအ၀င် ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ပြောင်းလဲပြင်ဆင်စရာမလို အစစပြည့်စုံသော ဥပဒေဖြစ် သည်ဟု ထောက်ခံပြောဆိုသူများထဲတွင် မြန်မာနိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေတွေပါရှိသော နိုင်ငံသားစာအုပ်ကိုင်ဆောင်ခွင့်ရသူ မည်သူပါရှိပါသနည်းဟု အလျဉ်းသင့်၍ ကျွန်တော် မေးလိုပါသည်။

ကျွန်တော်သည် ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေနှင့် အထက်ပါဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ခန့်အကြာ ၂၀.၉.၈၃ နေ့စွဲပါ ၀န်ကြီးအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၁၃/၈၃)ဖြင့် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေများကို လေ့လာခဲ့ပြီးနောက် ဗဟို တရားရုံးသို့ ဦးအောင်မြင့်ကိုယ်စား ပြစ်မှုပြင်ဆင်မှုအတွက် (၁၀၄(ခ)/၁၉၈၆)ကို ၂၄.၂.၈၆ နေ့တွင် တင်သွင်းမှုပြုခဲ့ပါသည်။ အမှုတင်သွင်းသည့်အခါ အမှုတွဲစိစစ်လက်ခံသူ တရားရေးအရာရှိနှင့် ပြဿနာပေါ်ပါသည်။ ကျွန်တော် က လျှောက်ထားသူအမှုသည် ဦးအောင်မြင့်၏အမည်အောက်တွင် (နိုင်ငံမဲ့အကျဉ်းသား အင်းစိန်ထောင်)ဟု ဖော်ပြထားချက်ကို တရားရေးအရာရှိက အထူးအဆန်းဖြစ်နေသဖြင့် အမှုတွဲတွင် ခပ်ကြောင်ကြောင် အရေးအသားများရေးသည်ကို တရားသူကြီးများက မကြိုက်ကြောင်း (နိုင်ငံမဲ့အကျဉ်းသား)ဟူသော အသုံးအနှုန်းကို ပြင်ဆင်ရေး သား ရန် တောင်းဆိုပါသည်။ ကျွန်တော်က မိမိအမှုသည် ဦးအောင်မြင့် အကျဉ်းထောင်ထဲ ရောက်နေခြင်းမှာ ယခုပြင်ဆင်မှုတင်သွင်းသော အမှုကြောင့်   ရောက်နေခြင်းမဟုတ်ကြောင်း ယခုပြင်ဆင်မှုနှင့်ပတ်သက်၍ ပြစ်ဒဏ်ချမှတ်သော ဒဏ်ငွေ ၂၀၀ ကို ပေးဆောင်ပြီးဖြစ်ကြောင်း၊ အဆိုပါ ဒဏ်ငွေပေးဆောင်ရသော အမှု၏ နောက်ဆက် တွဲအကျိုး ဆက်ကြောင့် နိုင် ငံမဲ့သူဖြစ်၍ အင်းစိန်ထောင်အတွင်း ရောက်ရှိနေထိုင် ရသူဖြစ်သဖြင့် နိုင်ငံမဲ့အကျဉ်းသား အသုံးအနှုန်းကို မပြင်နိုင်ကြောင်း ဤအသုံးအနှုန်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို မိမိလက်ခံမည်ဖြစ်ကြောင်း ကျွန်တော်က ပြန်လည်ရှင်းလင်းခဲ့ရပါသည်။

အထက်ပါအတိုင်း ပြဿနာရှိသော အမှုဖြစ်သဖြင့် ဤအမှုနှင့်ပတ်သက်၍ ကျွန်တော့်ဘက်က လစ်ဟင်းမှုမရှိအောင် အထူးဂရုစိုက်ပြီး လက်ခံသင့် မခံသင့် လျှောက်လဲချက် ကိုလည်း ပြင်ဆင်ထားခဲ့ပါသည်။ ပြင်ဆင်မှုလျှောက်လွှာတွင် “(၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေနှင့်ပတ်သက်သော အဓိကအားနည်းချက်အဖြစ် ဤဥပဒေကို ၁၉၈၂-ခုနှစ်တွင် ပြည်သူ့ လွှတ်တော်မှ ပြဌာန်းခဲ့စဉ်ကပင် အာဏာတည်ရမယ့်နေ့ရက် ဖော်ပြပါရှိခြင်းမရှိသောကြောင့် ယင်းဥပဒေသည် ယနေ့တိုင် တရားဝင် အကျိုးသက်ရောက်အာဏာတည်ခြင်း ရှိ/မရှိ ဒွိဟဖြစ်စရာအခြေအနေ ပေါ်ပေါက်နေပါကြောင်း) မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာလည်း ၀န်ကြီးအဖွဲ့က လွှတ်တော်မှ ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ခန့်အကြာ (၂၀.၉.၈၃-နေ့တွင်) အမိန့်ကြော်ငြာစာအမှတ် (၁၃/၈၃)ဖြင့် နောက်ကျထုတ်ပြန်ခဲ့ခြင်း ဖြစ်သဖြင့် ဥပဒေကိုလိုက်နာမည့် ပြည်သူများသာမက ယင်းဥပဒေကို အကောင် အထည်ဖော်ရသည့် ဌာနများတွင်ပင် အခက်အခဲများစွာ ရှိနေပါကြောင်း” နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေအရ တာဝန်လွှဲခြင်းခံရသော သြစတြေးလျနိုင်ငံရှိ မြန်မာနိုင်ငံ ကိုယ်စားပြု မြန်မာ သံရုံးတာဝန်ရှိ သံအရာရှိများက ဦးအောင်မြင့်၏ရည်မှန်းချက်အရ မြန်မာနိုင်ငံသားအဖြစ် ရှိနေဆဲဖြစ်ပါကြောင်း မြန်မာနိုင်ငံသို့ တရားဝင် ပြန်နိုင်ကြောင်း အဆုံးအဖြတ်ပေး ခဲ့သော်လည်း မြန်မာနိုင်ငံ မင်္ဂလာဒုံမြို့နယ်မှ လ၀က အရာရှိများကမူ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားမဟုတ်တော့သဖြင့် မြန်မာနိုင်ငံသို့ ခွင့်ပြုချက်မရှိပဲ ပြန် လာခွင့်မရှိကြောင်း ယခုအခါ ကမ္ဘာပေါ်တွင် နိုင်ငံမရှိသော လူသားတစ်ဦးသာဖြစ်ကြောင်း ထို့ကြောင့် အင်းစိန်ထောင်ထဲတွင်သာ ထည့်ထားရမည့် လူသားတစ်ဦးဖြစ်ကြောင်း ဆန့်ကျင်ကွဲလွဲစွာ အဆုံးအဖြတ်ပေးခဲ့ကြခြင်းက ထင်ရှားသော သာဓကတစ်ရပ်ဖြစ်နေပါကြောင်း၊ ထို့အပြင် ဦးအောင်မြင့်အား ထုတ်ပေးခဲ့သော (C of I) သက်သေခံမှု လက်မှတ် တွင် ပြဋ္ဌာန်းပါရှိသော စည်းကမ်းချက်များသည် လ၀က လတ်တလော အက်ဥပဒေပုဒ်မ-၄(၂)အရ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ၀င်ခွင့်ပြုထားသော သို့မဟုတ် နေထိုင် ခွင့်ပြုထားသော စည်းကမ်းချက်များအဖြစ် မှတ်ယူရမည်ဟူသော ပြဌာန်းချက်ကြောင့် သတ်မှတ်ကာလ ၃-လအတွင်း မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသားတစ်ဦးအဖြစ် တရားဝင် ပြန်လာခြင်းဖြစ်ပါကြောင်း တင်ပြလျှောက်ထားခဲ့ပါသည်။ ကျွန်တော့်အနေဖြင့် အထက်ဖော်ပြပါ ပြင်ဆင်မှုလျှောက်လွှာပါ ဥပဒေအချက်အလက်များနှင့် ဆက်စပ်၍ လျှောက် လဲချက်ပေးရန် ထပ်ဆင့်ပြင်ဆင်ခဲ့ရာတွင်

(၁) မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂-ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေ အမှတ်-၄)တွင် ဥပဒေအာဏာတည်သည့်နေ့ သတ်မှတ်ပြဌာန်းထားခြင်းမရှိသော်လည်း ယင်းဥပဒေ ပုဒ်မ-၆၊ ၃၈၊ ၃၄၊ ၄၅၊ ၅၂၊ ၆၁၊ ၇၂ တို့တွင် ဤဥပဒေအာဏာတည်သည့်နေ့အပေါ် တည်မှီ၍ လုပ်ဆောင်ခွင့်ရှိသည့် အချက်များကို ကန့်သတ်မှုတွေ့ရသဖြင့် ဤဥပဒေ အာဏာတည် သည့်နေ့ သည် အလွန်အရေးကြီး အဓိကကျနေပါကြောင်း၊

(၂) မြန်မာနိုင်ငံသားဥပဒေပုဒ်မ (၇၅)တွင် ၀န်ကြီးအဖွဲ့သည် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်ဟု လွှတ်တော်က လုပ်ကိုင်အပ်နှင်းထားသော်လည်း မူလ “မြန်မာနိုင်ငံသားဥပဒေ အာဏာမတည်သရွေ့ ကာလပတ်လုံး ၁၉၇၃-ခုနှစ် စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုရေး (တော်လှန်ရေးကောင်စီဥပဒေ အမှတ် -၂၂) အခန်း-၅ “အာဏာမတည်သေးသော ဥပဒေနှင့်စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်များ”ကဏ္ဍ ပုဒ်မ-၁၇(ဂ)တွင် “ယင်းသို့ ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ သို့မဟုတ် အမိန့်သည် ယင်းဥပဒေ စတင် အာဏာမတည်သေးသမျှ ကာလပတ်လုံး အကျိုးသက်ရောက်မှု မရှိစေရ”ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်အရ မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၁၆၊ လုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇အရ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲခဲ့ပြီဟု မင်္ဂလာဒုံမြို့နယ် လ.၀.က မှဆုံးဖြတ်၍ အင်းစိန် အကျဉ်းထောင်အတွင်း ထည့်သွင်းထားခြင်းသည် မြန်မာနိုင်ငံအတွင်း အာဏာမတည်သေးသော ဥပဒေလုပ်ထုံးလုပ်နည်း လုပ်ပိုင်ခွင့်ကို အလွဲသုံးရာရောက်ပါကြောင်း၊

(၃) ယခုအမှုတွင် အရေးကြီးသော ပြဿနာအဖြစ် တင်ပြလိုသောအချက်မှာ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေတွင် ဥပဒေအာဏာတည်သည့်နေ့ကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးခြင်းမရှိဘဲ ချန်လှပ်ထားမှုပင်ဖြစ်ပါသည်။ မ.ဆ.လအစိုးရလွှတ်တော်က ပြဋ္ဌာန်းထားသော မူလဥပဒေများစွာတွင် အာဏာတည်သည့်နေ့ရက်များပါရှိပါလျက် ယခုကဲ့သို့အရေးကြီးလှသော နိုင်ငံသားဥပဒေတွင် ပြဋ္ဌာန်းဖော်ပြရန် ပျက်ကွက် နေပါကြောင်း၊ ယင်းဥပဒေပုဒ်မ-၇၅ တွင် နိုင်ငံသားဥပဒေပြဌာန်းချက်ကို အကောင် အထည်ဖော်ဆောင် ရွက်ရန် ၀န်ကြီးအဖွဲ့အား လုပ်ထုံး လုပ်နည်းများရေးဆွဲ၍ နိုင်ငံတော်ကောင်စီ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်ဟု ဖော်ပြထားပါကြောင်း၊ “၀န်ကြီး အဖွဲ့က ရေး ဆွဲသော လုပ်ထုံးလုပ်နည်းဥပဒေ၏ ပုဒ်မ-၇ နှင့် ၈ တွင် မြန်မာနိုင်ငံသားဥပဒေတည်သည့်နေ့သည် ၁၉၈၂-ခုနှစ် အောက်တိုဘာလ (၁၅) ရက်ဟု ဖော်ပြပါရှိ သည်ကို တွေ့ ရပါကြောင်း၊ ၀န်ကြီးအဖွဲ့သည် လွှတ်တော်က ဥပဒေပြဌာန်းသည့်ရက်ကိုပင် ဥပဒေအာဏာတည်သည့်ရက်ဟု မိမိသဘောဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနေသည်ဟု ယူဆ ပါကြောင်း၊ အမှန်မှာ ဥပဒေပြဋ္ဌာန်းလိုက်ယုံဖြင့် ယင်းဥပဒေသည် အာဏာသက်ဝင်ခြင်း မရှိကြောင်း၊ အာဏာတည်သည့်နေ့ရက် (၀ါ) ဥပဒေ၏ အကျိုးသက်ရောက်စေ၇ မည့် နေ့ရက်ကို ဥပဒေရေးဆွဲသူ လွှတ်တော်ကသာ ပြဋ္ဌာန်းပေးမှ တရားဝင်ပါကြောင်း၊

စကားရပ်များ အဓိပ္ပါယ်ဖွင့်ဆိုသည့် ဥပဒေ အခန်း (၅) ပုဒ်မ-၁၇ပါ ပြဌာန်းချက်များအရ ဥပဒေတစ်ရပ် ပြဌာန်းချက်များအရ ဥပဒေတစ်ရပ် ပြဌာန်းထုတ်ပြန်ပြီး ဖြစ်သော်လည်း ယင်းဥပဒေသည် ချက်ချင်းအာဏာတည်သော ဥပဒေ၊ ချက်ချင်း အာဏာမတည်သော ဥပဒေများဟု ရှိပါကြောင်း။ ယခု နိုင်ငံသား ဥပဒေတွင် “ချက်ချင်း အာဏာတည်စေရမည်” ဟူသော စကားရပ်မပါရှိသလို မည်သည့်အချိန်တွင် အာဏာတည်ရမည်ဟု သတ်မှတ်ဖော်ပြချက်လည်း မပါရှိပါကြောင်း၊ ယင်းအခြေအနေတွင် ၀န်ကြီးအဖွဲ့က (၁၅.၁၀.၈၂)နေ့ မှစ၍ နိုင်ငံသား ဥပဒေသည် အာဏာသက်ဝင်သည်ဟု (၂၀.၉.၈၃) ရက်စွဲပါ စာအမှတ် ၃/၆၂(အထူး)၀ဖ ၈၃(၂)ဖြင့် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စာအုပ်တွင် ၀န်ကြီး အဖွဲ့ အတွင်းရေးမှူး ဦးကျော်တင့်က လက်မှတ်ရေးထိုး ဖော်ပြထားခြင်းမှာ ဥပဒေပြု လွှတ်တော်၏ လုပ်ပိုင်ခွင့် အာဏာကို ၀န်ကြီးအဖွဲ့ကျူးကျော် လုပ်ဆောင်ရာ   ရောက်နေပါကြောင်း။

၁၉၇၄-ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၄)အရ ဥပဒေပြုမှု အာဏာသည် ပြည်သူ့လွှတ်တော်မှာသာရှိပြီး ၀န်ကြီးအဖွဲ့မှာ အခြေခံ ဥပဒေပုဒ်မ-၈၃၊ ၈၄အရ လွှတ်တော်ကို

justice6

တာဝန်ခံရသည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး အဖွဲ့သာ ဖြစ်ပါကြောင်း၊ (၁၉၇၃-ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေသည် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိဘဲ တော်လှန်ရေး ကောင်စီ ဥက္ကဌတစ်ဦးတည်းက အချုပ်အချာအာဏာ (၃)ရပ်ကို ကိုင်စွဲအုပ်ချုပ်သော ကာလအတွက် အဓိက ရည်စူးရေးဆွဲထားခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၉၇၄-ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာချိန်တွင် ဥပဒေပြုမှုအာဏာ၊ ဥပဒေအာဏာ သက်ဝင်ရမည့် ကာလကို ပြည်သူ့လွှတ်တော်ကသာ သတ်မှတ်ခွင့် ရှိပါသဖြင့် အခြားပုဂ္ဂိုလ် အဖွဲ့အစည်းများတွင် မရှိနိုင်သည်ကို သတိပြုသင့်ပါကြောင်း။)

စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုသည့် ဥပဒေပုဒ်မ-၁၇(ဂ)အရ မူလရေးဆွဲ ပြန်ဌာန်းထားသော ဥပဒေအာဏာ မတည်သေးသမျှ ကာလပတ်လုံး ကြိုတင် ထုတ်ပြန်ထားသော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ (သို့မဟုတ်) အမိန့်သည် အကျိုးသက်ရောက်မှု မရှိစေရဟု ပြဌာန်းထားမှုအရ ၀န်ကြီးအဖွဲ့၏ နိုင်ငံသား လုပ်ထုံး လုပ်နည်း အမိန့် ကြော်ငြာစာအမှတ် (၁၃/၈၃)သည် မျက်မှောက်ကာလ၌ အကျိုးသက်ရောက်သော၊ ယနေ့တရားဝင် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရှိသော အမိန့်ဟုတ် မဟုတ် ဗဟိုတရားရုံးတော်မှ အလေးထား ဆုံးဖြတ်ပေးပါရန် အရေးကြီးလှပါကြောင်း။

အလားတူပင် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ရုတ်သိမ်းသော ဥပဒေမှာ ၁၉၄၈-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ(၂)ရပ်သာ ဖြစ်ပါသည်။ ဦးအောင်မြင့်အား (C of I) တရားဝင် ထုတ်ပေးခဲ့သော ၁၉၄၇-လ၀က (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေ အပါအ၀င် အခြားဥပဒေ ပြဌာန်းချက်များမှာ တရားဝင် တည်ဆဲ ဥပဒေများအဖြစ် တည်ရှိဆဲ ဖြစ်ပါသည်။

မိမိအသစ် ပြဌာန်းထားသော ဥပဒေနှင့် ဆန့်ကျင်သော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်များကို ဥပဒေပြုစဉ်ကပင် ပြင်ရန်လိုပါသည်။ ယခု အသစ်ပြဌာန်းထားသာ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၁၆သည် လ၀က လတ်တလော ဥပဒေပုဒ်မ(၂)ဆနှင့် ပုဒ်မ(၃)နှင့်လည်းကောင်း ဆက်စပ် ထုတ်ပေးသော (C of I) ပေါ်ရှိ စည်းကမ်းများ အပါအ၀င် အခြား လူဝင်မှု စည်းကမ်းများကို မပြင်ဆင်ဘဲ အုပ်ချုပ်ရေး အာဏာပိုင် ကိုယ်လိုရာဆွဲ အရေးယူမှု ပြုနေလျှင် မြန်မာနိုင်ငံအတွင်း မလိုလားအပ်သော နိုင်ငံ သား ပြဿနာများ ပေါ်ပေါက်လာနိုင်ပါကြောင်း။ ဦးအောင်မြင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသားမဟုတ်ဟု သတ်မှတ်လိုသော ဆန္ဒပြင်းပြနေကြသည်ဆိုလျှင်လည်း လ၀က (လတ်တလော) ပုဒ်မ-၄(၂) အရ မြန်မာနိုင်ငံတော် သမ္မတ (နိုင်ငံတော်ကောင်စီဥက္ကဌ)က မြန်မာနိုင်ငံမှ နှင်ထုတ်နိုင်ပါကြောင်း၊ ယခုမူ ဦးအောင်မြင့်အား နိုင်ငံမဲ့ဖြစ်၍ အင်းစိန် အကျဉ်းထောင်ထဲမှာ နေရမည်ဟု အုပ်ချုပ်ရေးအာဏာကိုင်စွဲသူတို့၏လုပ်ရပ်မှာ မည်သည့်ဥပဒေ စံနှုန်းနှင့်မျှ ထိန်းညှိ၍ မရနိင်သောအခြေအနေဖြစ်၍ ဗဟိုတရားရုံးတော်မှ တည့်မတ်ပေးရန် အထူးလိုအပ်နေပါကြောင်း၊

(၄) U Aung Myint (a) Mr. LAmbrose. “Cases to be citizen of the Socialist Republic of the Union of Burma after three months from the date of depature” and since you departed from buma on 29th June 1985, and as such as you are still a citizen of Burma, we are of the opinion that you can still return to Burma within the period of three months.” ဟု သဘောထား မှတ်ချက်ပေး၍ မြန်မာနိုင်ငံသို့ပြန်နိုင်ကြောင်း လမ်းညွှန်ခဲ့သူပုဂ္ဂိုလ်သည် မြန်မာနိုင်ငံ ကိုယ်စားပြု ပထမအတွင်းဝန်အဆင့် သံတမန်တစ်ဦးဖြစ်ပါသည်။ ၁၉၆၁-ခုနှစ် ဗီယာနာ သံတမန်စာချုပ် (1961 Vienna Convention on Diplomatic relations) ယင်းစာချုပ် အပိုဒ်(၃)အရ ၎င်းသံတမန်သည် မြန်မာနိုင်ငံကိုယ်စားပြု ပြောဆိုဆောင်ရွက်ရသူဖြစ်ပါသည်။ မိမိနိုင်ငံနှင့် နိုင်ငံသားတို့အကျိုးအတွက် အကာအကွယ်ပေးရန် မိမိတာဝန် ထမ်းဆောင်ရာ သြစတြေးလျနိုင်ငံတွင် တာဝန်ရှိသူပုဂ္ဂိုလ်ဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်၏လမ်းညွှန်ချက်ကိုပင် ယုံကြည်စိတ်ချနိုင်သော အခြေအနေမရှိလျှင် နိုင်ငံခြားရောက်   မြန်မာလူမျိုးများအတွက် မိမိသံရုံးကိုပင် အားကိုးရာမရှိဖြစ်သွားနိုင်ပါကြောင်း။

(၅) ကုလသမဂ္ဂလူ့အခွင့်အရေး ကြော်ငြာစာတမ်း အပိုဒ်-၁၅ တွင် လူသားတိုင်းသည် မိမိနှင့်သက်ဆိုင်ရာနိုင်ငံ၌ နိုင်ငံသားဖြစ်ခွင့်ကို အသိအမှတ်ပြုထားပါသည်။ အကယ်၍   မြန်မာနိုင် ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများက မွေးရာပါနိုင်ငံသား တိုင်းရင်းသား ကရင်လူမျိုး ဦးအောင်မြင့်ကို မြန်မာနိုင်ငံသားအဖြစ် လက်မခံလိုပါက (C of I) ပါ သက်တမ်းတရားဝင်ကျန်ရှိနေသောကြောင့် မြန်မာနိုင်ငံမှ ပြန်ထွက်သွားရန်၊ ယင်းသို့မထွက်ပဲ ငြင်းဆန်လျှင် နိုင်ငံမဲ့ဖြစ်သွားသော ဦးအောင်မြင့်အား ထောင်ထဲသို့ ထည့်ထား မည်ဖြစ်ကြောင်း ရှင်းပြခဲ့လျှင် ဦးအောင်မြင့်သည် မြန်မာနိုင်ငံမှ (C of I) ကိုင်ဆောင်၍ ထွက်သွားချိန်ရပါလျက် ထွက်သွားခွင့်မပေးဘဲ ချက်ချင်း ထောင်ထဲသို့ ဆွဲသွင်းခဲ့သည့်လုပ်ရပ် သည် လူသား၏ နိုင်ငံသားဖြစ်ခွင့်ကို တန်ဖိုးမထားပဲ လူသားချင်းမစာနာ အလွန်ရက်စက်ရာရောက်နေပါကြောင်း၊

(၆) မကြင်မွှေးနှင့်နိုင်ငံတော် (ပြစ်မှုပြင်ဆင်မှု ၂၅၀(ခ)၁၉၆၈) စီရင်ထုံးကိုထောက်ထား၍ ပြည်သူတို့၏ အန္တရာယ်ကို တရားရုံးမှ စောင့်ရှောက်ကာကွယ်ရန် တာဝန်ဝတ္တရားရှိပုံ ကို ထောက်ထား၍ ဦးအောင်မြင့်၏ နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေးများကို နစ်နာမှုမရှိအောင် ကုစားပေးပါရန်အလို့ငှာ ယခုအမှုကို လက်ခံစဉ်းစားပေးတော်မူ ပါဟု လျှောက်လဲချက်ကို ပြင်ဆင်ထားခဲ့ပါသည်။ ဗဟိုတရားရုံး၌ ဦးအောင်မြင့်အမှု လက်ခံသင့်မသင့် လျှောက်လဲချက်ပေးရန် ချိန်းဆိုသောနေ့တွင် အထက်ပါအတိုင်း မိမိဘက်က လျှောက်လဲချက်ပေးရန် အသင့်သွားရောက်ခဲ့သော်လည်း တရားရုံး၌ လျှောက်လဲချက်ပေးခွင့်မရခဲ့ပါ။ သက်ဆိုင်ရာတရားရုံးအရာရှိမှ ကျွန်တော် တင်သွင်းခဲ့သော ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ လက်ခံသင့်မသင့် လျှောက်လဲချက်ပေးရန် ချိန်းဆိုသောနေ့တွင် အထက်ပါအတိုင်း မိမိဘက်က လျှောက်လဲချက်ပေးရန် အသင့်သွားရောက်ခဲ့သော် လည်း တရားရုံး၌ လျှောက်လဲချက်ပေးခွင့်မရခဲ့ပါ။ သက်ဆိုင်ရာတရားရုံးအရာရှိမှ ကျွန်တော်တင်သွင်းခဲ့သော ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ ဗဟိုတရားရုံးမှ လက်ခံကြားနာ ဆုံးဖြတ်နိုင်သော အခြေအနေမရှိဟု ယူဆပါသောကြောင့် ယင်းအမှုကို အဆုံးအဖြတ်ပေးရန် နိုင်ငံတော်ကောင်စီသို့ လွှဲအပ်လိုက်ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်ကောင်စီ၏ အဆုံးအဖြတ်ကိုသာ စောင့်ဆိုင်းနာယူပါဟု ကျွန်တော်နှင့် အမှုသည် မိသားစုအား ရှင်းပြပါသည်။

ဦးအောင်မြင့်၏ မိသားစုဝင်များဘက်မှ နိုင်ငံတော်ကောင်စီတွင် ဒေါက်တာမောင်မောင်နှင့် အဆက်အသွယ် ရှိသောကြောင့် နိုင်ငံတော်ကောင်စီနှင့် သက်ဆိုင်သော အမှုကို ၄င်းတို့ကိုယ်တိုင် ဆောင်ရွက်မည်ပြောသဖြင့် ကျွန်တော်နှင့် အမှုသည် ဦးအောင်မြင့် ဆွေမျိုးများအကြား ထိုအချိန်မှစ၍ အမှုကိစ္စလုပ်ငန်း တာဝန်ရပ်စဲသွားခဲ့ပါသည်။

(၂)နှစ်ခန့် ကြာသည့်တိုင်အောင် နိုင်ငံတော်ကောင်စီသည် ဦးအောင်မြင့်အမှုကို အဆုံးအဖြတ် မပေးခဲ့သဖြင် ၁၉၈၈-ခုနှစ်တွင် မဆလ နိုင်ငံတော် ပြိုကွဲသွားသည့်တိုင် ဗဟိုတရားရုံးမှ စစ်ဆေးစီရင်နိုင်ခြင်း မရှိ၍ နိုင်ငံတော်ကောင်စီသို့ လွှဲပြောင်းတင်ပြထားသော အမှုလက်ကျန် (၂၀)ကျော်တွင် ဦးအောင်မြင့်အမှုလည်း တစ်မှုအဖြစ် ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံသား၊ ကရင်တိုင်းရင်းသား ဦးအောင်မြင့်တစ်ယောက် နိုင်ငံမဲ့ဘ၀ဖြင့် အင်းစိန်ထောင်အတွင်း (၁၃)နှစ်ကျော် ရောက်ရှိပြီးနောက် ၁၉၉၇-ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် ၄င်းအမှုကို လက်ခံသင့် မခံသင့် လျှောက်လဲချက်ပေးရန် အမှုခေါ်စာရင်း စစ်အစိုးရခေတ် တရားရုံးချုပ်၌ ပေါ်ပေါက်ခဲ့သည်။

ကျွန်တော်အနေဖြင့် နိုင်ငံရေးအရ ၁၉၈၈-ခုနှစ်တွင် ပထမတစ်နှစ် ထိန်းသိမ်းခံရစဉ်ကပင် ရှေ့နေလိုင်စင် ရုတ်သိမ်းခံထားရပြီးဖြစ်ကြောင်း၊ ဗဟိုတရားရုံးမှ နိုင်ငံတော်ကောင်စီသို့ အမှုလွှဲအပ်စဉ်ကပင် အမှုလိုက်ပါခွင့်တာဝန် ပြီးဆုံသွားပါကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေငြာချက် (၄/၈၉)အရ ဦးအောင်မြင့်တစ်ယောက် လွတ်မြောက်ခဲ့ပြီဟု ယူဆခဲ့ ပါကြောင်း ယခုအခါတွင် ၄င်းအတွက် လိုက်ပါဆောင်ရွက်မည့် ရှေ့နေမရှိသောကြောင့် ၄င်း၏ အခွင့်အရေးများ မဆုံးရှုံးသင့်ပါကြောင်း ဖြေရှင်းလွှာတစ်စောင်ကို တရားရုံးချုပ်သို့ ကျွန်တော်တင်ပြခဲ့ပါသည်။

ဤစာရေးချိန်အထိ ဦးအောင်မြင့် မိသားစုနှင့် အဆက်အသွယ်မရှိသဖြင့် ဦးအောင်မြင့် အခြေအနေ မည်သို့ရှိသည်ကို ကျွန်တော်မသိပါ။ တရားရုံးချုပ်က မည်သို့ ဆုံးဖြတ်သည်ကို လည်း ယနေ့တိုင် မသိသေးပါ။ ကျွန်တော်ကိုယ်တိုင် အလွန်သိချင်ပါသည်။ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေသည် လွှတ်တော်မှ မူလ ရေးဆွဲစဉ်ကပင် ဥပဒေအာဏာသက်ဝင်စေသည့် ကာလသတ်မှတ်ချက် မပါရှိဘဲ ၀န်ကြီးအဖွဲ့မှ မိမိသဘောဖြင့် ကာလသတ်မှတ်၍ အကောင်အထည် အဖော်မှုသည် ဥပဒေနှင့် ညီမညီ ကျွန်တော်တင်ပြခဲ့သည်ကို မဆလခေတ် ဗဟိုတရားရုံး တရားသူကြီးများကလည်း အလေးထား ဆုံးဖြတ်ရမည့် ပြဿနာဟု ယူဆသောကြောင့်သာ ဦးအောင်မြင့်အမှုကို နိုင်ငံတော်ကောင်စီသို့ လွှဲအပ်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်တော်ယူဆပါသည်။

ဝန်ကြီးအဖွဲ့၏ နိုင်ငံသားလုပ်ထုံးလုပ်နည်းဥပဒေမှာ နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြရန်ခြင်း ဖြစ်သဖြင့် ကျွန်တော်တင်ပြသော ဥပဒေပြဿနာ တွင် နိုင် ငံတော်ကောင်စီ ပါ တာဝန်မကင်းသော အခြေအနေဆိုက်ရောက်သွားပြီဟု ယူဆရပါသည်။ သို့ဖြစ်ပါ၍ ဦးအောင်မြင့်၏အမှုသည် နိုင်ငံတော်ကောင်စီ ပျက်စီးသွား သည့် ၁၉၈၈-ခုနှစ် တိုင်အောင် ၃-နှစ်ခန့် နိုင်ငံတော်ကောင်စီက အဆုံးအဖြတ်မပေးပဲ ခေါက်သိမ်းထားခြင်းခံရသော အမှုတွဲစာရင်းသို့ ရောက်ရှိ သွားခဲ့ခြင်းဖြစ်သည်ဟု ယူဆရမည်ဖြစ်ပါသည်။

ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ ကျွန်တော်၏တင်ပြချက်များသည် မဆလခေတ် ဗဟိုတရားရုံးအဆင့်အထိ လက်ခံ စဉ်းစားပေးခဲ့သော်လည်း ၀န်ကြီးအဖွဲ့နှင့် နိုင်ငံတော်ကောင် စီသည် မိမိတို့အမှားကို တာဝန်မယူပဲ လူညီလျှင် ဤကိုကျွဲဖတ်လိုက်ကြစို့ဟူသည့် သဘောဖြင့် နိုင်ငံသားတစ်ဦး နိုင်ငံမဲ့ ဘ၀ရောက်သွားရသည့် နိုင်ငံသားဥပဒေ လုပ်ထုံးလုပ်နည်းပါ မှားယွင်း အကောင် အထည်ဖော်မှုကို အနည်းငယ်မျှ ပြင်ဆင်ပေးခြင်း မရှိဘဲ မျက်စိမှိတ်၍ ဇွတ်တိုးခဲ့သည်မှာ နှစ်(၃၀) ရှိတော့မည်ဖြစ်ပါသည်။

နိုင်ငံသားလုပ်ထုံးလုပ်နည်း ကျွဲခတ်၍ နိုင်ငံသားမည်မျှ နိုင်ငံသားဘ၀ ဆုံးရှုံးခဲ့ပြီကို ကျွန်တော် မမှန်းဆနိုင်တော့ပါ။

ကျွန်တော် လက်လှမ်းမီသမျှ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဆိုင်ရာ အက်ဥပဒေ၊ နည်းဥပဒေများနှင့် ၎င်းဥပဒေပါ အာဏာတည်မှုဆိုင်ရာ ပြဋ္ဌာန်းချက်အချို့ကို ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ယှဉ်တွဲလေ့လာနိုင်ရန် ရှာဖွေတင်ပြ ပေးလိုက်ပါသည်။

(၁)    The Registration of Forigners Act (နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ) ပုဒ်မ-၁(၂)
This act shall come into force on the 28th March 1940.
ဤအက်ဥပဒေသည် ၁၉၄၀-ခုနှစ် မတ်လ(၂၈)မှစ၍ အာဏာတည်စေရမည်။
(၂)    The Registration of Forigeners Rules, 1949 (၁၉၄၈-ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေ)
They shall come into force on 4th January 1949.
ဤနည်းဥပဒေသည် ၁၉၄၉-ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့မှစ၍ အာဏာတည်ရမည်။ ပုဒ်မ-၁(၂)
(၃)    The Burma Immigation (Emergency Provisions) Act, 1947
(၁၉၄၇-ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များမှာ) It shall come into force at once.
ဤအက်ဥပဒေသည် ချက်ချင်းအာဏာတည်စေရမည်။
(၄)    ၁၉၄၉-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ၊ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ-၁(၂) ဤအက်ဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြေငြာစာ ထုတ်ပြန်ကြော်ငြာ ၍ သတ်မှတ်သည့်နေ့ရက်၌ အာဏာတည်ရမည့်အပြင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းပါဝင်သော အရပ်ဒေသများကို ပိုင်းခြားပြီး နေ့ရက်များကို ခွဲခြား၍ သတ်မှတ်နိုင်သည်။
(၅)    ၁၉၇၂-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ သန်းခေါင်စာရင်းဥပဒေပုဒ်မ-၁(၂)
ဤဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ချက်ချင်းအာဏာတည်ရမည်။
(၆)    UNION CITIZENSHIP (ELECTION) ACT, 1948
၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး)အက်ဥပဒေ
(၁၉၄၈-ခုနှစ် အက်ဥပဒေအမှတ်-၂၆) (၈၂ နိုင်ငံသားဥပဒေအရ ပယ်ဖျက်ပြီး)
Wheres it is necessary to make provision ——- under section 11 (iv) of the constitutions.
အထက်ပါ ဥပဒေနိဒါန်းတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံပုဒ်မ-၁၁(ဃ) အရ ———— အောက်ပါအတိုင်း အက်ဥပဒေ ပြဋ္ဌာန်းလိုက်သည်ဟု ဖော်ပြထားပါသည်။
(၇)    The Union Citizenship Act, 1948
၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ (၈၂ နိုင်ငံသားဥပဒေအရ ပယ်ဖျက်ပြီး) ပုဒ်မ-၁(၂)
It shall extend to the whole of the Burma and shall be deemed to have come info force on the 4th day of January, 1948.
ဤအက်ဥပဒေသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ဝှမ်းလုံးနှင့်သက်ဆိုင်သည်။ ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ(၄)၇က်နေ့ ၁၃၀၉-ခု ပြာသိုလပြည့်ကျော် (၉)ရက်နေ့မှစ၍ အာဏာတည်သည်ဟု မှတ်ယူရမည်။
(၈)    မြန်မာနိုင်ငံသားဥပဒေ ၁၉၈၂-ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၄)

ဤဥပဒေတွင် မြန်မာ နိုင်ငံ၏ မည်သည့်ဒေသတွင် မည်သည့်အချိန်ကစ၍ အာဏာတည်ရမည်ဟု ဖော်ပြပါရှိခြင်း အလျင်းမရှိပါ။ သို့သော်လည်း –
ဤဥပဒေ၏
ပုဒ်မ-၆ တွင် ဤဥပဒေ အာဏာတည်သည့်နေ့တွင် —–
ပုဒ်မ-၃၈ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
ပုဒ်မ-၄၃ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
ပုဒ်မ-၄၅ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
ပုဒ်မ-၅၂ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ —–
ပုဒ်မ-၆၁ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
ပုဒ်မ – ၇၂ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —– ဟု ဥပဒေအာဏာတည်မှုပြဿနာကို ပုဒ်မ-၇ တွင် (၇)ကြိမ် ဖော်ပြထားပါသည်။ ဥပဒေအာဏာတည်မှုပြဿနာသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေတွင် မည်ရွေ့မည်မျှ အရေးပါခြင်း ရှိ-မရှိ စဉ်းစားကြပါ။

မူရင်းဥပဒေအာဏာ မတည်သေးသမျှ ယင်းဥပဒေအပေါ် တည်မှီထုတ်ပြန်ရသော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ သို့မဟုတ် အမိန့်သည် အကျိုးသက်ရောက်မှု မရှိစေရဟု ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၇ ပါ ပြဋ္ဌာန်းချက်များကို အလေးထားသုံးသပ်ကြပါ။

နိုင်ငံသားလုပ်ထုံးလုပ်နည်းများကို လမ်းညွှန်မည့် နိုင်ငံသား ဥပဒေပုဒ်မ-၇၅ ရှိ နိုင်ငံတော်ကောင်စီစကားရပ်၏နေရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သူက တာဝန် ယူရမည်ကိုလည်း စဉ်းစားဆုံးဖြတ်ကြပါ။ အထက်ပါ ဥပဒေအကြောင်းအချက်များကို ထည့်သွင်းစဉ်းစားလျှင် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ပြုသင့်၊ မသင့် တစ်စုံတစ်ရာ အဖြေထုတ်နိုင်မည်ဟု ကျွန်တော်ယူဆပါသည်။

ကျွန်တော်သည် ဥပဒေပညာရှင် မဟုတ်ပါ။ မြေလတ်ကျေးလက်မှ တောသားရှေ့နေ ဘ၀ ခေတ္တမျှ ကျင်လည်ခဲ့ဖူးသူသာ ဖြစ်ပါသည်။ နှစ် ၃၀-ခန့်ကြာသည့်တိုင် ကျွန်တော် အပါ အ၀င် မြန်မာနိုင်ငံသားများ စိစစ်ခံနေရဆဲ ဘ၀မှ မလွတ်မြောက်သေးသည့် အတွက် နိုင်ငံသားဥပဒေ အကောင်အထည်ဖော်သည့် လုပ်ထုံးလုပ်နည်းတစ်နေရာတွင် မှားနေ သည်က သေချာပါသည်။ မမှားသင့်သည်များ မမှားရအောင် ကျွန်တော်သိသမျှ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

ပညာ+သတိ ကြီးသူများ ဖြစ်ကြပါစေ။
ဖြစ်ရပါလို၏။
(နေမင်း)

မဏ္ဍိုင်ဥပဒေ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် စာတမ်းဖြစ်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: