Leave a comment

လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု

လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု PDF Print
Written by ၀င်းနိုင်ထွန်း
Wednesday, 03 October 2012

1bmtဘယ်အချိန်ခါမဆို ကမ္ဘာနှင့်တစ်ဝန်း လူကုန်ကူးခံနေရသူ၊ လူမှောင်ခိုသွင်းခံနေရသူ သန်းပေါင်းများစွာ ရှိနေလေသည်။ ထိုလူကုန်ကူးမှုနှင့် လူမှောင်ခိုမှုတို့သည် လူသားတို့၏ ဂုဏ်သိက္ခာကို ထိပါးရန် အလွန်အမင်း ခြိမ်းခြောက်နေသကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်လည်း ဖြစ်နေသည်။ သို့ကြောင့်လည်း ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှ နယ် စပ်ဖြတ်ကျော်ဂိုဏ်းဖွဲ့၍ ပြစ်မှုများ နှိမ်နင်းရေးဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ယင်း၏နောက်ဆက်တွဲ စာချုပ်များကိုချမှတ်ကာ နယ်စပ်ဖြတ်ကျော်ဂိုဏ်းဖွဲ့၍ ပြစ်မှုများနှိမ်နင်းရေး အားထုတ် ကြိုးပမ်းမှုကို တစ်ကမ္ဘာလုံးက တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံသည် ထိုကွန်ဗင်းရှင်းနှင့် ယင်း၏နောက်ဆက်တွဲ စာချုပ်တို့၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အရေး ပါလှသည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်း ခဲ့သည်။

လူကုန်ကူးမှုတိုက်ဖျက်ရာတွင် အရေးတကြီးလုပ်ဆောင်ရသည့် နယ်ပယ်များမှာ သုတေသနပြုခြင်း၊ အသိပညာပေးများဆောင်ရွက်ခြင်း၊ ထိုနောက်ဆက်တွဲ စာချုပ်များအတိုင်း တိုးမြှင့်ဆောင်ရွက်ခြင်း၊ စွမ်းရည်မြှင့်တင်ခြင်း၊ တာဝန်ရှိသူများနှင့် အခြားလူမှုအသိုင်းအ၀ိုင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းတို့ အားမြှင့်ဆောင်ရွက်ရေးတို့ ပါဝင်ကြသည်။

လူတစ်ဦးကို ထိုသူ၏ သဘောတူညီသည်ဖြစ်စေ၊ သဘောတူညီမှု မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ပေးခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ၀ယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ခိုလှုံခွင့်ပေးခြင်းတို့ ဆောင်ရွက်ရာတွင် ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အခြားနည်း အနိုင်အထက်ပြုခြင်း၊ သွေးဆောင်ခေါ်ခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ ငွေကြေး သို့မဟုတ် အကျိုးအမြတ်ကိုပေးခြင်း စသည့်နည်းလမ်းများသုံးခြင်း ပြုမှုခံရပါက လူကုန်ကူးခံရခြင်း ပင်ဖြစ်သည်။

ခေါင်းပုံဖြတ်ခြင်းတွင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ အတင်းအဓမ္မ ခိုင်းစေခြင်း၊ အဓမ္မ၀န်ဆောင်မှု ပေးစေခြင်း၊ ကျွန်ပြုခြင်း၊ ကျွန်ကဲ့သို့ခိုင်းစေခြင်းနှင့် ခန္ဓကိုယ်၏ အစိတ် အပိုင်းအား ထုတ်ယူဖယ်ရှားခြင်းတို့ ပါဝင်ကြသည်။
လူကုန်ကူးမှုသည် လူကုန်ကူးခြင်း ခံရသူတို့၏ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်သည့်လုပ်ရပ် ဖြစ်သည်။ ထိုသို့ ချိုးဖောက်ခံရမှု ကာလအတိုင်းအတာသည် ခေါင်းပုံ ဖြတ် အမြတ်ထုတ်ခံနေရသည့် ကာလတစ်လျှောက်လုံးပင် ဖြစ်သည်။ နှစ်နှင့်ချီကာ ခံစားခဲ့ကြရသည်။ ဖြစ်ပွားသည့်နေရာများ အမျိုးမျိုးရှိရာ တချို့ဖြစ်ရပ်များသည် နယ်စပ်များတွင်လည်း ကောင်း၊ မိခင်နေရပ်နှင့် အလွန်အလှမ်းကွာဝေးသည့် အရပ်ဒေသများတွင် လည်းကောင်း စသည့်နေရာအသီးသီးတွင် ဖြစ်လေ့ရှိကြသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၃၇ နိုင်ငံတွင် ၁၂၇ နိုင်ငံမှ လာကြသည့် သားကောင်များ (လူကုန်ကူးခြင်းခံ နေရသူများ) ကို တွေ့ရှိနေရသည်။ နှစ်စဉ်အနည်းဆုံး ၂ ဒသမ ၄ သန်း ခန့် လူကုန်ကူးခံနေကြရသည်။ နေ့စဉ် ၆,၈၀၀ ဦးတို့သည် လူကုန်ကူးခံနေကြရသည်။ အာရှတိုက်တစ်ခုတည်းပင်လျှင် ၉ သန်းမျှ လူကုန်ကူးခံနေရသည့်ဘ၀ ရောက်ရှိနေကြသည်။ သိသာထင်ရှားသည့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုသည် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းပင်ဖြစ်သည်။ လူကုန်ကူးခြင်းခံရသူများ၏ ၇၉ ရာခိုင် နှုန်းသည် ထိုခေါင်းပုံဖြတ်ခံရသည့် ပုံစံမျိုးဖြင့် လူကုန်ကူးခြင်း ခံနေကြရသည်။ ကျန် ၁၈ ရာခိုင်နှုန်းသည် အတင်းအဓမ္မ ခိုင်းစေခံနေကြရသူများ ဖြစ်ကြသည်။ ထိုလုပ်ငန်းများမှ နှစ်စဉ်လူကုန်ကူးသူများ၏ အကျိုးအမြတ်ရရှိငွေသည် အမေရိကန်ဒေါ်လာ ဘီလီယျံ ၃၀ နီးပါးရှိသည်ဟု ခန့်မှန်းပညာရှင်များက ခန့်မှန်းထားကြသည်။

ရွှေ့ပြောင်းသွားလာသူများကို လူမှောင်ခိုလုပ်ခြင်းသည် အခြားနိုင်ငံသို့ တရားမ၀င်တင်ပို့ပေးခြင်းဖြင့် ငွေကြေးအကျိုးအမြတ် ရရှိစေရန်နှင့် အခြားအမြတ်ရရှိရေးအတွက် လုပ်ကိုင် ကြခြင်း ဖြစ်သည်။ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်းတို့မှ လူမှောင်ခိုမှုလုပ်ခြင်းဆိုင်ရာ နောက်ဆက်တွဲဆိုင်ရာ စာချုပ်များတွင် အခြားနိုင်ငံထဲသို့ နိုင်ငံသားမဟုတ်ဘဲ၊ တရား မ၀င် ၀င်ထွက်နိုင်ရန် အကူအညီ ပေးခြင်း၊ တရားမ၀င် နေထိုင်နိုင်အောင် အကူအညီပေးခြင်းတို့ကို အားပေးအားမြှောက်ပေးခြင်းသည် ပြစ်မှုကျူးလွန်ခြင်း ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ရွှေ့ပြောင်းသွားလာသူများ ၎င်းင်းတို့ကိုယ်တိုင် သွားလာခြင်းကို မဆိုလို၊ ထိုရွှေ့ပြောင်းသွားလာသူများကို လူမှောင်ခိုလုပ်သူများအား အဓိကထားကာ ပြစ်မှုကျူးလွန်သူဟု ပြဋ္ဌာန်းသတ်မှတ်ကြသည်။ လူမှောင်ခိုလုပ်သူများသည် ငွေကြေးထောက်ပံ့မှု၊ ခရီးသွားစာရွက်စာတမ်းအတု ပြုလုပ်မှု စသည့်အကူအညီများ ပြုလုပ်ပေးကောင်း ပေးနိုင်သည်။ ခရီးဆုံး နိုင်ငံများအနေဖြင့်လည်း ၎င်းတို့ နယ်စပ်ဒေသများတွင် ထိန်းချုပ်မှုများ ပိုမိုတိုးမြှင့်လာသည့်အခါ လူမှောင်ခိုသမားများသည် အုပ်စုဖွဲ့ကာ ရွှေ့ပြောင်းသွားလာသူများ သွားလာနိုင်ရေးနှင့် အခြားနိုင်ငံတွင်းသို့ ၀င်ရောက်ရေးတို့အတွက် ပိုစနစ်ကျနစွာ လုပ်ကိုင်လာကြသည်။

1bmt2

သို့ကြောင့်လည်း ရွှေ့ပြောင်းသွားလာကြသူမျာအဖို့ တစ်ခါတစ်ရံ အလွှဲသုံးစားပြုကျင့်ခြင်းခံရသည့် အခြေအနေမျိုး (သို့) အန္တရာယ်ကျရောက်လွယ်သည့် အခြေအနေမျိုးတို့နှင့် ကြုံတွေ့လာကြရသည်။ ၎င်းင်းတို့ ၏ ဘ၀ကိုပင် ခြိမ်းခြောက်ခံရသည့် အခြေအနေမျိုးထိပင် ရှိလာနေသည်။ မြန်မာနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုဖြစ်စဉ်များအား လေ့လာရာတွင် ၈၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ လည်းကောင်း၊ ၁၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံသို့ လည်းကောင်း၊ ၆ ရာ ခိုင်နှုန်းသည် မလေးရှားနိုင်ငံသို့ လည်းကောင်း၊ ပို့ဆောင်ခံကြရပြီး ပြည်တွင်းလူကုန်ကူးမှုသည် လေးရာခိုင်နှုန်းခန့်ရှိသည်ကို တွေ့ရှိရသည်။

တရုတ်နိုင်ငံသို့ လူကုန်ကူးမှုသည် အဓမ္မထိမ်းမြားလက်ထပ်ရန် အမျိုးသမီးငယ်များအား ရောင်းဝယ်ခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံတွင်မူ တိုက်ရိုက်လူကုန်ကူးခြင်းထက် တရားမ၀င် အလုပ်လုပ်ကိုင်ရာမှတစ်ဆင့် လိင်မှုဆိုင်ရာ ခေါင်းပုံဖြတ်မှုအတွက် နည်းမျိုးစုံ လူကုန်ကူးခံရမှုဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသည်။ မလေးရှားနိုင်ငံသို့လည်း တိုက်ရိုက်လူကုန်ကူး ခြင်းထက် ထိုင်းနိုင်ငံမှ တစ်ဆင့် သွေးဆောင်ဖြားယောင်းပြီး ပြည့်တန်ဆာပြုခြင်းနှင့် ကလေးငယ်များအား အဓမ္မတောင်းရမ်းခိုင်းစေမှု ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်များအရ လေ့လာသိရှိရသည်။

ယနေ့ကမ္ဘာပေါ်တွင် တရားမ၀င် ရွှေ့ပြောင်းသွားလာ နေထိုင်ကြသူဦးရေမှာ သန်း ၅၀ ခန့်ရှိနေပြီဖြစ်သည်။ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုများတွင် သိသိသာသာတွေ့ရှိရသည့် အချက်မှာ ရွှေ့ပြောင်းသွားလာသူများသည် နယ်စပ်ဖြတ်ကျော်နိုင်ရန်အတွက် အကူအညီရယူရန် ငွေကြေးပေးဆောင်ကြရခြင်းပင် ဖြစ်သည်။ ထိုပေးဆောင်လိုက်ရသည့် ငွေကြေး အကျိုးအမြတ်များက နယ်စပ်တွင် တာဝန်ထမ်းဆောင်နေကြသည့် အစိုးရအမှုထမ်းများကို အဂတိတရား ပိုမိုလိုက်စားကြစေရန်နှင့် အုပ်စုဖွဲ့ပြစ်မှုကျူးလွန်မှုများကို ပိုမိုအားပေးအား မြှောက် ဖြစ်နေစေပေသည်။

လူကုန်ကူးမှုနှင့် ရွှေ့ပြောင်းသွားလာသူများအား လူမှောင်ခိုမှုသည် အချင်းချင်းချိတ်ဆက် ဆက်စပ်နေကြသည့် အကြောင်းတရားများပင်ဖြစ်သည်။ ဥပဒေကြောင်းအရဆိုလျှင် ပြစ်မှုကျူးလွန်ပုံချင်းတော့ ကွဲပြားခြားနားသည်။ ရွှေ့ပြောင်းသွားလာသူများကို လူမှောင်ခိုလုပ်သည့် တရားမ၀င်လုပ်ရပ်တွင် တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု (သို့) နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားမဟုတ်ဘဲ၊ အမြဲနေထိုင်သူမဟုတ်ဘဲ တရားမ၀င်နေထိုင်နိုင်အောင် ပြုမှုဆောင်ရွက်ပေးခြင်းနှင့် ကာယကံရှင်၏ ဆန္ဒပါ ပါဝင်ကျူးလွန်ကြခြင်းဖြစ်သည်။


တရားမ၀င် ၀င်ထွက်နိုင်ရန် အကူအညီပေးခြင်း၊ တရားမ၀င်နေထိုင်နိုင်အောင် အကူအညီပေးခြင်းတို့ကို အားပေးအားမြှောက်ပေးခြင်းသည် ပြစ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ရွှေ့ပြောင်းသွားလာသူများ ၎င်းတို့ကိုယ်တိုင် သွားလာခြင်းကို မဆိုလို၊ ထိုရွှေ့ပြောင်းသွားလာသူများကို လူမှောင်ခိုလုပ်သူများအား အဓိကထားကာ ပြစ်မှုကျူးလွန်သူဟု ပြဋ္ဌာန်းသတ်မှတ်ကြသည် . . .


လူကုန်ကူးခြင်းခံရသူ သားကောင်များအခြေအနေနှင့် နှိုင်းယှဉ်ပါက ခြားနားမှုရှိကြသည်။ ကာယကံရှင်ဆန္ဒမပါဘဲ (သို့) စိတ်ကူးမရှိဘဲ၊ လူကုန်ကူးသူများက သားကောင်ကို အမြတ်ထုတ်ရန် သက်သက်အတွက် ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အခြားနည်း အနိုင်အထက်ပြုခြင်း၊ သွေးဆောင်ခေါ်ခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း စသည့်နည်းနာများကို သုံးစွဲလေ့ရှိကြသည်။

လက်တွေ့တွင်မူ၊ ထိုအမှုနှစ်ခုလုံးသည် တစ်ချိန်တည်းဖြစ်ကာ တစ်စိတ်တစ်ပိုင်း ဆက်နွယ်မှုများရှိနေသည်။ ထိုအမှုနှစ်ခုစလုံးသည် တရားမ၀င်ရွှေ့ပြောင်းသွားလာမှုတွင် ပတ်သက်ကောင်း ပတ်သက်နိုင်ကြပေသည်။ လူကုန်ကူးခံရသူများကို တစ်ခါတစ်ရံ နယ်စပ်ဖြတ်ကျော်ကာ လူမှောင်ခိုမှုပြုကြသည်။ သို့သော် အထူးသဖြင့် လူမှောင်ခိုဖြင့် ခိုးသွင်းလာကြ ရသည့် ရွှေ့ပြောင်းသွားလာသူများသာ ဘ၀ရပ်တည်ရန် ခက်ခဲပြီး လူကုန်ကူးခံရနိုင်သည့် အခြေအနေမျိုး ထိလွယ်ရှလွယ်သည့် အခြေအနေမျိုးများသာ ဖြစ်ရသည်က များသည်။

အုပ်စုဖွဲ့ကျူးလွန်မှုက ထိုအမှုနှစ်မျိုးစလုံးကို တစ်ခါတစ်ရံ တစ်ပြိုင်တည်းကျူးလွန်ကြသည်။ သို့သော် အမြဲတွဲလျက် ကျူးလွန်ခြင်းတော့ မရှိပေ။ လူကုန်ကူးခံရသူများအပေါ် ကျူးလွန်သူလား (သို့) ရွှေ့ပြောင်းသွားလာသူများကို လူမှောင်ခိုကူးသူလားဆိုသည်ကို ရှာဖွေဖော်ထုတ်ရန် ခက်ခဲနိုင်သည်ကို တွေ့ရသည်။ သို့ကြောင့် ထိုအမှုအခင်းများကို တိုက်ဖျက်သူ များအဖို့ ထိုအမှုနှစ်ခုစလုံးအကြောင်းကို သိထားရန်နှင့် ထိုအမှုအခင်းနှစ်ခုအတွင်း မှန်မှန်ကန်ကန် ခွဲခြားသိမြင်နိုင်ရန် လိုအပ်သည်။

ထိုအမှုများကို ကျူးလွန်ခံရသူများသည် လူသားများဖြစ်ကြသည့်အတွက် မည်သည့်ကာကွယ်တိုက်ဖျက်မှုမျိုးမဆို အဓိကထားရမည်မှာ လူကုန်ကူးခံရသူများကို အကာအကွယ် ပေးရန်နှင့် လူမှောင်ခိုတင်ပို့ခံရသည့် ရွှေ့ပြောင်းသွားလာသူများ၏ အခွင့်အရေးတို့ကို အကာအကွယ်ပေးရန်တို့ ဖြစ်သည်။ လူကုန်ကူးမှု ကာကွယ်ရန်နှင့် တိုက်ဖျက်ရန်တို့ ကြိုးပမ်းအား ထုတ်မှုတို့သည် ရွှေ့ပြောင်းသွားလာသူများ လူမှောင်ခိုကို ကာကွယ်တိုက်ဖျက်မှုတို့ ကြိုးပမ်းအားထုတ်မှုတို့နှင့် ဆက်စပ်မှုရှိကာ တစ်ချိန်တည်း တစ်ပြိုင်တည်းပင် တစ်စိတ်တစ်ဒေသအား ဖြင့် ထပ်တူထပ်မျှဖြစ်ကြသည်။ ထိုသို့ ဆက်စပ်မှုရှိသည့် ကြိုးပမ်းအားထုတ်မှုများမှာ ရွှေ့ပြောင်းသွားလာမှုကိုဖြစ်စေသည့် တွန်းအားဖြစ်စေသည့်အချက်များ၊ ဆွဲအားဖြစ်စေသည့် အချက်များ တို့ကိုပါ ထည့်သွင်းစဉ်းစားရမည့် ချဉ်းကပ်မှုများ၊ အသိပညာပေးမှုများ၊ ကာကွယ်ရေးဆောင်ရွက်ချက်များ၊ ထိုအမှုများကို ကျူးလွန်သူများကို ဥပဒေကြောင်းအရ တရားစွဲတင်မှုများနှင့် လူကုန်ကူးခံရသူများနှင့် ရွှေ့ပြောင်းသွားလာသူများ၏ လူ့အခွင့်အရေးလုံခြုံမှုကို အကာအကွယ်ပေးမှုများတို့ ဖြစ်ကြသည်။

ထိုအမှုများ၏ အရေးတကြီး ခြိမ်းခြောက်မှုများကို တစ်ဦးချင်း၊ လူ့အသိုင်းအ၀ိုင်းများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများက တုံ့ပြန်ခဲ့ကြပြီးဖြစ်သည်။ လူကုန်ကူးမှုနှင့် ရွှေ့ ပြောင်းသွားလာသူများအား လူမှောင်ခိုမှုတို့ကို ကာကွယ်မှုနှင့် တိုက်ဖျက်မှုများကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီးလည်း ဖြစ်သည်။ သင်ခန်းစာ အမြောက်အမြားလည်း ရရှိ ကြပြီးဖြစ်သည့်အတွက် မည်သို့သောတိုးတက်မှုမျိုးဖြင့် ကာကွယ်တိုက်ဖျက်မှု ဆောင်ရွက်ရမည်၊ မည်သည့်ပြုမှုဆောင်ရွက်ချက်တို့က ထိရောက်မှုရှိသည်၊ မည်သည့်နယ်ပယ်တွင် ဆက်လက်စိန်ခေါ်မှုများ ရှိနေကြလိမ့်မည်တို့ကို သိရှိနေကြပြီ ဖြစ်ပေသည်။

Source: A comprehensive Strategy to Combat Trafficking in Persons and Smuggling of Migrants by UNODC

 

 

 

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 229 other followers

%d bloggers like this: