Leave a comment

စုလ်သွာန် ဆွလာဟုဒ္ဒီးန် အိုင်ယူဘီ (သို့) သင်းကွဲ မွတ်စလင်တွေကို စုစည်းပေးခဲ့သူ

image

၁၂ ရာစုဟာ မွတ်စလင်သမိုင်းမှာ အခက်ခဲဆုံးနဲ့ ပရမ်းပတာအဖြစ်ဆုံး ကာလတွေထဲက တစ်ခုဖြစ်ပါတယ်။ အဆက်မပြတ်ဖြစ်နေတဲ့ နိုင်ငံရေးပြိုင်ဆိုင်မှုတွေ၊ ပြည်တွင်းပဋိပက္ခတွေကြောင့် မွတ်စလင်အွမ္မသ်အတွင်း စည်းလုံးညီညွတ်မှုဟာလည်း ပျက်သုဉ်းနေခဲ့ပါတယ်။ အရှေ့ပိုင်း အစ္စလာမ်ကမ္ဘာမှာဆိုရင် တစ်ချိန်က ခန့်ညားထည်ဝါခဲ့တဲ့ အဘ္ဘာစစ်ခလီဖာအုပ်ချုပ်ရေးစနစ်နဲ့ ဆဲလ်ဂျုက်မင်းဆက်တိုရဲ့ နိုင်ငံရေးသြဇာအရှိန်အ၀ါဟာလည်း ကျဆင်းနေပြီး နာမည်သာ ကျန်ပါတော့တယ်။ နောက်ပြီး တစ်ခေတ်တစ်ခါက အာဏာစက်ပြင်းခဲ့တဲ့ အီဂျစ်က ဖာသွီမိုက် ဘုရင့်နိုင်ငံတော်ကလည်း အလားတူအခြေအနေမျိုးပါပဲ။ အစ္စလာမ့်လခြမ်းအင်ပါယာ (အရှေ့အလယ်ပိုင်းဒေသ) နယ်မြေတွေကတော့ ပဒေသရာဇ်နိုင်ငံငယ်လေးတွေအဖြစ် အစိတ်စိတ်အပိုင်းအပိုင်းဖြစ်နေပြီး ဒီနိုင်ငံငယ်လေးတွေက ခေါင်းဆောင်တွေဟာလည်း သူတို့ရဲ့ နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ သြဇာကြီးမားလိုမှုအတွက် မကြာခဏ တိုက်ခိုက်နေကြပါတယ်။

ခရူးဆိတ်ဒါတွေရဲ့ ခြိမ်းခြောက်မှု
————————————-
ပိုပြီး ဆိုးရွားသွားစေတာက အရှေ့တိုင်း အစ္စလာမ်ကမ္ဘာကို လက်အောက်ခံအဖြစ် သိမ်းသွင်းဖို့ ဥရောပကနေ စစ်ချီလာတဲ့ “ခရူဆိတ်ဒါ” အမည်ရ သြဇာကြီးမားတဲ့ တိုင်းတစ်ပါးရန်သူတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတာပဲ ဖြစ်ပါတယ်။ ဘာမှပြင်ဆင်ထားခြင်းမရှိတဲ့ မွတ်စလင်တွေဟာ ခရူးဆိတ်စစ်သည်တွေရဲ့ အငိုက်ဖမ်းမှုကို ခံလိုက်ရပြီး မြေထဲပင်လယ် ကမ်းရိုးတမ်းတစ်လျှောက် မွတ်စလင်ပိုင် နယ်မြေတစ်ကျောကိုလည်း ပေးအပ်လိုက်ရပါတယ်။ အဲဒီလိုသိမ်းပိုက်ပြီး နောက်ပိုင်းမှာတော့ ခရူဆိတ်ဒါတွေဟာ သူတို့ရဲ့ အကြီးဆုံးဆုလာဘ်အဖြစ် အစ္စလာမ်ရဲ့ တတိယမြောက် အမြင့်မြတ်ဆုံးမြို့တော် အလ်-ကွဒ်စ်(ဂျေရုစလင်) ကို သိမ်းပိုက်ဖို့ ချီတက်လာကြပါတော့တယ်။ တကယ်တော့ ခရူဆိတ်ဒါတွေရဲ့ စုပေါင်းအင်အားနဲ့ တိုက်ရည်ခိုက်ရည်တွေကို ပြန်လည်တုံ့ပြန်ဖို့ ပဒေသရာဇ် နိုင်ငံငယ်လေးများက မွတ်စလင်ခေါင်းဆောင်တွေဟာ အဖြေရှာမတွေခဲ့ပါဘူး။ ဒါ့ကြောင့်ပဲ သူတို့ဟာ ချေမှုန်းခြင်းခံခဲ့ရပြီး ဂျေရုစလင်ဟာလည်း ခရူးဆိတ်စစ်သည်တွေရဲ့ လက်ထဲကို ကျရောက် သွားခဲ့ပြန်ပါတယ်။ ဂျေရုစလင်မြို့သားတွေ ကတော့ ခရူဆိတ်ဒါတွေရဲ့လက်အောက်မှာ အစုလိုက်အပြုံလိုက် မရှုမလှ အသက်ပျောက်ခဲ့ရပါတယ်။ ခရူဆိတ်ဒါတွေရဲ့ ကျူးကျော်မှု၊ နှိပ်ကွပ်မှုကို မျှော်လင့်ချက်မဲ့စွာ မွတ်စလင်တွေ ခံစားနေရတဲ့ အဲဒီလိုအချိန်မျိုးမှာ ချွတ်ခြုံကျနေတဲ့ မွတ်စလင်တွေရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးတွေကို ပြန်လည်အဖတ်ဆည်ရေးအတွက် စုလ်သွာန် ဆွလာဟုဒ္ဒီးန် အိုင်ယူဘီ ဆိုတဲ့ သမိုင်းတွင်မယ့် ခေါင်းဆောင်တစ်ဦး ပေါ်ထွက်လာပါတော့တယ်။

ငယ်စဉ်ဘဝ
————
အနောက်နိုင်ငံများက ဆာလာဒင် လို့သိကြတဲ့ “ဆွလာဟုဒ္ဒီးန် ယူစွပ်ဖ် အစ်ဗနိ အိုင်ယူးဘ်” ကို ခရစ်သက္ကရာဇ် ၁၁၃၇ ခုနှစ်၊ ယခုခေတ် အီရတ်နိုင်ငံ တစ်ကရစ်မြို့မှာ ကာဒ့်နွယ်ဖွားတွေထဲမှ မွေးဖွားခဲ့ပါတယ်။ အိုင်ယူဘီမိသားစုရဲ့ မူလဘူတဟာ ဗဟိုအာရှနိုင်ငံ အာမေးနီးယားက ဖြစ်ပါတယ်။ လက်ရှိ အီရတ်နိုင်ငံမြောက်ပိုင်းနဲ့ တူရကီနယ်မြေဒေသတွေမှာ အခြေချနေထိုင်လာပြီးတဲ့နောက်ပိုင်း အိုင်ယူဘ်မိသားစုဝင်များဟာ ဒေသတွင်းမှာ ထင်ရှားလာကြပါတယ်။ ဆွလာဟုဒ္ဒီးန်ရဲ့ ဖခင်နဲ့ ဦးလေးတို့ ၂ ဦးစလုံးဟာ စူလ်သွာန် အီမုဒ္ဒီးန် ဇန်ဂီရဲ့ နိုင်ငံရေးနဲ့လူမှုရေးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှာ အောင်မြင်တဲ့အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဆွလာဟုဒ္ဒီးန် မွေးဖွားတဲ့နှစ်မှာ ဖခင်ဖြစ်သူ နဂ်ျမုဒ္ဒီးန် အိုင်ယူးဘ်ဟာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်တဲ့ ဟီလီယိုပိုလစ်မြို့ (နောက်ပိုင်းတွင် `ဘာ အာလာဘက်´ဟု အမည်ပြောင်းခဲ့ပြီး ယခုလက်ဘနွန်ပိုင်နက်အတွင်း တည်ရှိသည်) ရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် ဆွလာဟုဒ္ဒီးန် ဟာ လူငယ်ဘ၀ နှစ်တော်တော်များများကို အဲဒီမြို့မှာပဲ ကုန်ဆုံးခဲ့ပါတယ်။ ဖခင်ဖြစ်သူက ဆူဖီဇင်(အစ္စလာမ့် ၀ိပဿနာ)ကို သင်ယူလေ့လာသူတစ်ဦး ဖြစ်တာကြောင့် နာမ်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုရှိကြသော သူ့ရဲ့သူငယ်ချင်း၊ မိတ်ဆွေတွေအတွက် ဆူဖီဝါဒကျင့်ကြံရာ နေရာတစ်ခု (ဇာဝိယဟ်)ကို ဖန်တီးခဲ့ပါတယ်။ အစောပိုင်းနှစ်တွေမှာ ဆွလာဟုဒ္ဒီးန် ဟာ ကုရ်အာန်ကျမ်းတော်မြတ်ကို သင်ယူတတ်မြောက်ခဲ့ပြီး အစ္စလာမ့်သိပ္ပံဆိုင်ရာကိုလည်း စေ့စေ့ငှငှ လေ့ကျင့်သင်ကြားခွင့် ရခဲ့ပါတယ်။ အဲဒီလိုပဲ အရဘီ၊ သဒ္ဒါ၊ စာပေနဲ့ ကဗျာလင်္ကာသီကုံးခြင်းအတတ်ကိုလည်း တတ်မြောက်ခဲ့ပါတယ်။
စုလ်သွာန် အီမုဒ္ဒီးန် ထီးနန်းစိုးစံနေချိန် အိုင်ယူးဘ်ရဲ့ ပြောင်မြောက်တဲ့စွမ်းဆောင်ရည်ကြောင့် စုလ်သွာန်ကြီးရဲ့ ချီးမြှင့်မြှောက်စားမှုကို ခံခဲ့ရပါတယ်။ ဒါပေမယ့် စုလ်သွာန်ကြီး ရုတ်တရတ် နတ်ရွာစံပြီးတဲ့နောက်မှာတော့ အိုင်ယူးဘ်တို့ မိသားစုဟာ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာဒုက္ခတွေကို ခါးစည်းခံခဲ့ရတာဟာ – ညီဖြစ်သူ အစဒုဒ္ဒီးန် ရှရ်ခူးဟ် (ထိုစဉ်က ဇင်ဂစ်ထီးနန်းကို ဆက်ခံခဲ့သူ အီမုဒ္ဒီးန်ရဲ့သား နူရုဒ္ဒီးန် မဟ်မူးဒ်၏ လက်အောက်တွင် အမှုထမ်းနေသူ) က ဇင်ဂစ်မင်းဆက် စိုးစံသူအသစ်လက်အောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းခံရချိန်အထိပါပဲ။ အမှုထမ်းဖို့ အိုင်ယူးဘ်ရဲ့ သဘောတူညီမှုက နူရုဒ္ဒီးန်ရဲ့ သြဇာလွှမ်းမိုးမှုကို ခိုင်မာတောင့်တင်းစေခဲ့ပြီး အပြန်အလှန်အားဖြင့် နူရုဒ္ဒီးန်ကလည်း နဂ်ျမုဒ္ဒီးန် အိုင်ယူးဘ်ကို သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ဆုလာဘ်အဖြစ် ဒမတ်စကတ်မြို့ အုပ်ချုပ်ရေးမှူးရာထူးကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီအချိန်က ဆွလာဟုဒ္ဒီးန် ဟာ ဆယ်ကျော်သက်အရွယ်ဖြစ်ပြီး နောက်ထပ် ဆယ်စုနှစ်တစ်ခု (၁၁၅၄ မှ ၁၁၆၄ ခုနှစ် အထိ)ကို ဖခင်ဖြစ်သူ တာဝန်ထမ်းဆောင်ရာ ဒမတ်စကတ်မှာ ကုန်ဆုံးခဲ့ရပါတယ်။
အုပ်ချုပ်ရေးမှူးရဲ့ သားတစ်ယောက်ဖြစ်တာကြောင့် ဆွလာဟုဒ္ဒီးန်ကို လူတိုင်းက အထင်ကြီးလေးစားမှု အပြည့်အ၀ ရှိပါတယ်။ ဒမတ်စကတ်မှာနေထိုင်တဲ့ကာလအတွင်း ဘုရင် နူရုဒ္ဒီးန်ရဲ့ ဘာသာတရားကိုင်းရှိုင်းမှု၊ စံထားလောက်တဲ့ အပြုအမူ၊ အမူအကျင့်တွေကြောင့် ဆွလာဟုဒ္ဒီးန် ဟာ ဘုရင်ကြီးနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ လူတွေရဲ့ အထင်ကြီးလေးစားမှုက အဲဒီဆက်ဆံရေးနဲ့လည်း သက်ဆိုင်နေပါတယ်။
အစ္စလာမ့်သွန်သင်မှုများနဲ့ လက်တွေ့ကျင့်ကြံမှုအပေါ် နူရုဒ္ဒီးန်ရဲ့ မတွန့်မဆုတ် ယုံကြည်လိုက်နာမှုတွေကို လေးစားအားကျတာကြောင့် ဆွလာဟုဒ္ဒီးန် ဟာလည်း သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို အစ္စလာမ့်အဆုံးအမတွေနဲ့ ကိုက်ညီအောင် ထုဆစ်ပုံဖော်ခဲ့ပါတော့တယ်။ တကယ်တော့ အစ္စလာမ့်စည်းမျဉ်းစည်းကမ်းတွေကို အလေးထားလိုက်နာမှု၊ သူ့ရဲ့စေ့စပ်သေချာတဲ့ အလေ့အကျင့်၊ အံ့မခန်းအရည်သွေးတွေနဲ့ ပေါင်းစပ်လိုက်ရာက နောက်ပိုင်းမှာ အရှေ့တိုင်းရော အနောက်တိုင်းကပါ ချီးကျူးထောပနာပြုခြင်းခံရသူဘ၀ကို ရရှိခဲ့ပါတယ်။ သူ့ကို ဝေဖန်ကြသူတွေတောင်မှ သူရဲ့သူမတူတဲ့ ကြင်နာမှု၊ သဘောထားကြီးမှု၊ သည်းခံခွင့်လွှတ်မှုတွေနဲ့ပတ်သက်ပြီး လေးစားအားကျခဲ့ရပါတယ်။
ဆွလာဟုဒ္ဒီးန် ဟာ ထည်ဝါခမ်းနားမှုကို မကြိုက်နှစ်သက်ဘဲ နေ့စဉ်ဝတ်ပြုမှုနဲ့ အခြားသော အိဗာဒဟ် (သာသနာ့ကောင်းမှုဆောက်တည်ခြင်း)တွေ ပြုလုပ်ရင်းနဲ့သာ သူ့ရဲ့အချိန်အများစုကို ကုန်ဆုံးစေခဲ့ပါတယ်။ စုလ်သွာန် နူရုဒ္ဒီးန်လိုပဲ ဆွလာဟုဒ္ဒီးန်ဟာ စည်းစိမ်ယစ်မူးခြင်းတွေ၊ အပျော်အပါးတွေကို ကျောခိုင်းထားပြီး ရိုးရိုးကျင့်၊ မြင်မြင့်ကြံတဲ့ သာမန်ဘ၀တစ်ခုကိုသာ တည်ဆောက်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်အထိ ဆွလာဟုဒ္ဒီးန်ဟာ လာလတ္တံ့သော ကြီးမြတ်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ လက္ခဏာမျိုး ပြသခြင်းမရှိခဲ့ဘဲ သာမန်လူကဲ့သို့ ရှင်သန်ရပ်တည်ခဲ့ပါတယ်။ ဆွလာဟုဒ္ဒီးန်ဟာ သူ့ရဲ့ ကလေးဘ၀နဲ့လူလတ်ပိုင်းဘ၀ အစောပိုင်းကာလတွေမှာ ထူးခြားချက်မရှိတဲ့၊ လုံးဝငြိမ်းချမ်းတဲ့ ဘ၀မျိုးမှာ ရှင်သန်လာရတာကြောင့် အသက်အရွယ်ရင့်ကျက်တဲ့အချိန်ကိုလည်း အေးအေးလူလူဖြတ်သန်းဖို့ သူက မျှော်လင်ခဲ့ပါတယ်။ ဒါပေမယ့် မှောင်အတိဖုံးပြီး အန္တရာယ်များလှတဲ့ ကမ္ဘာ့နိုင်ငံရေးလောကထဲ သူ့အဖို့ ခြေစုံပစ်ဝင်ရောက်ရမယ့်အရေးကို ရုတ်တရက် တွေ့လိုက်ရပါတော့တယ်။

စင်တော်က ကောက်ပြီ
————————-
ကျန်းမာရေး ချူချာလာတဲ့ ဘုရင်ကြီး နူရုဒ္ဒီးန်ဟာ အိပ်ရာထဲမှာ ဘုန်းဘုန်းလဲခဲ့တယ်။ အဲဒီအချိန်မှာပဲ အဖျက်အမှောင့်တွေလုပ်နေတဲ့ အီဂျစ် ဖာသွိမိုက်ဘုရင့်နိုင်ငံကို စစ်ရေးအရ အရေးယူနိုင်အောင် အခွင့်ပေးဖို့ ဘုရင်ကြီးနူရုဒ္ဒီးန်ကို သူ့စစ်တပ်ရဲ့စစ်ဦးစီးချုပ် ဆွလာဟုဒ္ဒီးန်ရဲ့ဦးလေးဖြစ်သူ ရှရ်ခူးဟ် က ချဉ်းကပ်တောင်းဆိုလာပါတယ်။ အဲဒီအခါမှာ ဘုရင်ကြီးဟာ အနည်းငယ်တွေဝေခဲ့ပေမယ့် အဲ့ဒီအရေးမှာဦးဆောင်ဖို့ စစ်ဦးစီးချုပ် ရှရ်ခူးဟ် ကို ခွင့်ပြုခဲ့ပါတယ်။ ဆွလာဟုဒ္ဒီးန် လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်တဲ့ ရှရ်ခူးဟ်ရဲ့ တပ်တွေက ရန်သူတွေကို ပရိယာယ်ကောင်းကောင်းနဲ့ အနိုင်ယူခဲ့ပြီး ဖာသွိမိုက်တို့ရဲ့ အီဂျစ်ကိုလည်း အပြည့်အ၀ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အီဂျစ်ကို သိမ်းပိုက်ပြီး တိုင်းပြည်ကို မစုစည်းနိုင်ခင် ၁၁၆၀ ခုနှစ်မှာ စစ်ဦးစီးချုပ် ရှရ်ခူးဟ် ကွယ်လွန်ခဲ့ပါတယ်။
ဆွလာဟုဒ္ဒီးန်ဟာ စစ်ပွဲမှာ စိတ်လိုလက်ရလိုက်ပါခြင်းမဟုတ်ပေမယ့် တိုက်ရည်ခိုက်ရည်ပြည့်ဝတဲ့ ဦးလေးဖြစ်သူက အဓိက ဆုံးဖြတ်ချက်တွေချမှတ်ဖို့ သူ့ကိုအခွင့်ပေးတဲ့အခါမှာတော့ ပီတိဖြစ်ခဲ့ပါတယ်။ ဦးလေးဖြစ်သူကွယ်လွန်တဲ့အခါ ဒီအရေးကိစ္စတွေကို ကိုယ်တိုင် ကိုယ်တွယ်ဖြေရှင်းဖို့ကလွဲလို့ သူ့မှာ ရွေးစရာမရှိတော့ပါဘူး။ ဒီလိုတာဝန်ယူဆောင်ရွက်ရင်းနဲ့ပဲ ဆွလာဟုဒ္ဒီးန်ဟာ သမိုင်းမှတ်တမ်းမှာ ထူးခြားတဲ့ နေရာတစ်နေရာကို ရယူနိုင်ခဲ့ပါတယ်။ စစ်ဦးစီးချုပ် ရှရ်ခူးဟ် ကွယ်လွန်ပြီး ၃ ရက်မြောက်တဲ့နေမှာပဲ ဖာသွိမိုက်ခလီဖဟ် အလ် အဇစ်က ဦးလေးဖြစ်သူရဲ့နေရာကို ဆက်ခံဖို့ ဆွလာဟုဒ္ဒီးန်ကို ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆွလာဟုဒ္ဒီးန်ကို အလ်-မာလစ်က် အန်-အန်ဆွာရ် ဆိုတဲ့ဘွဲ့ကို အပ်နှင်းပေးခဲ့ပြီး အီဂျစ်ထီးနန်းကို စိုးစံစေခဲ့ပါတယ်။
အဲဒီအချိန်မှာ ဆွလာဟုဒ္ဒီးန်ဟာ အသက် ၃၀ မျှသာရှိသေးပြီး အီဂျစ်မှာ အာဏာရလိုက်ခြင်းက သူ့ကို ပိုပြီးအားဖြည့်လိုက်သလိုဖြစ်တာမို့ ဆုံးဖြတ်ချက်ခိုင်မာတဲ့၊ အမျှော်အမြင်ရှိတဲ့ နိုင်ငံရေးရာ စီမံခန့်ခွဲသူတစ်ဦး ဖြစ်လာစေခဲ့ပါတယ်။ ဒါပေမယ့် ဆွလာဟုဒ္ဒီးန်ဟာ သူ့ရဲ့ သာမန်ဘ၀ ပုံစံအတိုင်းသာ ဆက်လက်ရှင်သန်နေထိုင်ပြီး အထက်တန်းလွှာဘ၀ရဲ့ အပျော်အပါးတွေကို ရှောင်ဖယ်လို့ သာ နေခဲ့ပါတယ်။ ခေတ်ပြိုင်တွေရဲ့အဆိုအရ ဆွလာဟုဒ္ဒီးန်ရဲ့ ကိုယ်ပိုင်ဘ၀ဟာ အရင်လို သာမန်ပုံစံအတိုင်းရှိခဲ့ပြီး၊ အချိန်ကြာကြာ ၀တ်ပြုမှုနဲ့ တရားဘာဝနာစီးဖြန်းမှုတွေကိုလည်း မပြတ်တမ်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဘာသာတရားကိုင်းရှိုင်းပြီး ဥာဏ်အမျှော်အမြင်ကြီးမားတဲ့ ဆွလာဟုဒ္ဒီးန်ဟာ အစ္စလာမ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မွတ်စလင်ကမ္ဘာကို စုစည်းနိုင်ဖို့ မနားမနေ ကြိုးစားခဲ့ပါတယ်။ အဲဒီကြိုးစားမှုကပဲ ခရူဆိတ်ဒါတွေရဲ့ ထိန်းချုပ်မှုအောက်ရောက်နေတဲ့ မြင့်မြတ်တဲ့ ဂျေရူစလင်မြို့ လွတ်မြောက်စေရေး ရည်ရွယ်ချက်နဲ့အတူ သြဇာကြီးမားတဲ့ အရှေ့တိုင်း အစ္စလာမ်အင်ပါယာကို ထူထောင်နိုင်စေခဲ့ပါတယ်။
“မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က အီဂျစ်ပြည်ကြီးကို ကျွန်တော့်ဆီ ချီးမြှင့်လိုက်တဲ့ အခါ ပါလက်စတိုင်းက ကျွန်တော့်ရဲ့အုပ်ချုပ်မှုအောက် ရောက်လာလိ့မ်မယ်ဆိုတာ သေချာသိခဲ့ပါတယ်´ လို့ ဆွလာဟုဒ္ဒီးန်က နောက်ပိုင်းမှာ ဖွင့်ဟခဲ့ပါတယ်။

မင်းကောင်းကျင့်ဝတ်နဲ့အညီ
—————————–
ဂျေရုစလင်ကို ခရူဆိတ်ဒါတွေရဲ့ လက်အောက်နေ လွတ်မြောက်ရေး စီစဉ်မှုတွေနဲ့ ဆွလာဟုဒ္ဒီးန်က အလုပ်ရှုပ်နေချိန်မှာ အခြားမွတ်စလင်ဘုရင်တွေကတော့ သူတို့ရဲ့ တစ်ကိုယ်ရည်အာဏာအတွက်၊ ပစ္စည်းဥစ္စာအတွက် အချင်းချင်း တိုက်ခိုက်နေကြပါတယ်။ လောကလက်ဆောင်ဖြစ်တဲ့ ဆွလာဟုဒ္ဒီးန်လို ပုဂ္ဂိုလ်မျိုးဟာ အမြဲတစေ ထွက်ပေါ်မလာတတ်ပါဘူး။ လူ့သမိုင်းရဲ့ အရေးပါတဲ့အချိန်မှသာ ပေါ်ပေါက်လာပြီး သူတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ ထင်သာမြင်သာအားအင်ရဲ့ သွင်ပြင်လက္ခဏာတွေက ကမ္ဘာ့သမိုင်းရဲ့လားရာကို ဦးတည်ပြောင်းလဲသွားစေလေ့ရှိပါတယ်။
အီဂျစ်နိုင်ငံရဲ့ အုပ်ချုပ်သူဖြစ်ပြီးတဲ့နောက် ခရူဆိတ်ဒါတွေကို ဂျေရုစလင်ကနေ နှင်ထုတ်ပြီး အစ္စလာမ့်ဂုဏ်သိက္ခာကို ပြန်လည် ရယူဖို့ဆိုတာဟာ ဆွလာဟုဒ္ဒီးန်ရဲ့ အဓိက နိုင်ငံရေး ရည်ရွယ်ချက် ဖြစ်လာခဲ့ပါတယ်။ မျှော်လင့် မထားကြတဲ့ ခရူဆိတ်ဒါအတွေအပေါ် သူရဲ့အောင်ပွဲက အစ္စလာမ်ကို ရပ်တည်ကာကွယ်ပေးသူပုဂ္ဂိုလ်တစ်ယောက်အဖြစ် သူ့ဂုဏ်သိက္ခာကို ခိုင်မြဲစေခဲ့သလို သူဟာ ကမ္ဘာ့သမိုင်းမှတ်တမ်းမှာ အအောင်မြင်ဆုံး သူရဲကောင်းဘုရင်များအကြား အပါအ၀င် ဖြစ်လာခဲ့ပါတော့တယ်။
အလ်-မာလစ်က် အန်-အန်ဆွာရ် ဘွဲ့အမည်ရ ဆွလာဟုဒ္ဒီးန်ဟာ အီဂျစ်က အာဏာအမြင့်ဆုံး ရာထူးအလွှာများ အတွင်း ပြုပြင်ပြောင်းလဲမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် စတင်လုပ်ဆောင်ခဲ့ပါတယ်။ သူ့အစိုးရရဲ့ ပြည်သူ့ရေးရာနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တည်ဆောက်ပုံတွေကို ပြန်လည်ဖွဲ့စည်းမွမ်းမံခဲ့ပြီး၊ အုပ်ချုပ်ရေးပိုင်းခြစားသူတွေ၊ လျှို့ဝှက်ကြံစည်နေသူတွေ၊ သစ္စာဖောက်မယ့်သူတွေ အားလုံးကိုလည်း ဖယ်ရှားခဲ့ပါတယ်။ ပြီးတဲ့အခါ သန့်ရှင်းရိုးသားပြီး ဖြောင့်မတ်သူတွေနဲ့ အစားထိုးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဆွလာဟုဒ္ဒီးန်ဟာ ဒမတ်စကတ်မှာရှိနေတဲ့ ဖခင် အိုင်ယူးဘ်ကို အီဂျစ်နဲ့ လာရောက်ပေါင်းစည်းဖို့အတွက် ဖိတ်ခေါ်ခဲ့တယ်။ ဒါ့ကြောင့် အိုင်ယူးဘ်ဟာ အရင်းအချာမဟုတ်တဲ့ သားချင်းတွေ၊ အသိအကျွမ်းတွေ အပါအ၀င် မိသားစုအားလုံးနဲ့အတူ အီဂျစ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။
နီးစပ်တဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ပထမဆုံးအကြိမ် ၀ိုင်းဝန်းလိုက်တဲ့ ဆွလာဟုဒ္ဒီးန်ဟာ နောက်ဆုံးမှာတော့ အီဂျစ်ရဲ့ အငြင်းပွားဖွယ်မရှိတဲ့ အုပ်ချုပ်သူ ဖြစ်လာပါတော့တယ်။ အီဂျစ်က သူရဲ့သြဇာအာဏာ ခိုင်မာတောင့်တင်းမှုဟာ ပြောစရာမလိုတော့ဘဲ အကျင့်စာရိတ္တပျက်ပြားနေတဲ့ ဖာသွိမိုက်မင်းဆက်ကို ဖျက်သိမ်းခြင်းအပါအ၀င် နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ အကူအညီဖြစ်စေခဲ့ပါတယ်။ (နောက်ဆုံးဘုရင် အလ်-အဇစ် ကွယ်လွန်ပြီးတဲ့နောက်ပိုင်း ဖာသွိမိုက်မင်းဆက် ပျက်သုဉ်းသွားပါတယ်) ပြီးတော့ ဆွလာဟုဒ္ဒီးန်ဟာ ဖာသွိမိုက်မင်းဆက်တွေ သိမ်းပိုက်ထားတဲ့ ဓနဥစ္စာပိုင်ဆိုင်မှုအားလုံးကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် အသုံးပြုခဲ့ပါတယ်။
ဒါ့အပြင် သူ့ရဲ့ ကြွယ်ဝမှုကို သုံးပုံပုံခဲ့ပြီး ဘဂ္ဂဒတ်က အဘ္ဘာစစ် ခလီဖာနဲ့ ဒမတ်စကတ်က ဘုရင် နူရုဒ္ဒီးန်ကို တစ်ပုံစီပေးပို့ခဲ့တယ်။ ကျန်တဲ့တစ်ပုံကိုတော့ အီဂျစ်ပြည်သူတွေရဲ့ လူမှုဖူလုံရေးအတွက် ပြည်သူ့ဘဏ္ဍာတိုက်ထဲ ထားရှိခဲ့ပါတယ်။ ဆွလာဟုဒ္ဒီးန်ဟာ သူနဲ့ သူ့မိသားစုတွေခံစားဖို့အတွက် မည်သည့်စည်းစိမ်ဥစ္စာကိုမျှ လက်မခံခဲ့ပါဘူး။ သူ့ရဲ့ ကြင်နာမှုနဲ့ ရက်ရောမှုတွေကြောင့် မကြာခင်မှာပဲ ပြည်သူတွေရဲ့မေတ္တာကို ရရှိခဲ့ပါတယ်။ ခြိုးခြံချွေတာတဲ့ သာမန်ဘ၀မှာ နေထိုင်ရတာကို ဆွလာဟုဒ္ဒီးန်က ပိုနှစ်သက်ပြီး ပြည်သူတွေကိုတော့ ဆုလာဘ် များစွာ ချီးမြှင့်သူ ဖြစ်ပါတယ်။ သူကိုယ်တိုင်က ဖာသွိမိုက်ဘုရင်တွေ ငွေကြေးအမြောက် အများ အကုန်ကျခံ တည်ဆောက်သွားခဲ့တဲ့ ခမ်းခမ်းနားနား နန်းတော်တွေမှာနေဖို့ ငြင်းဆန်ခဲ့ပြီး ကိုင်ရိုက သာမန် အိမ်အိုအိမ်ဟောင်းလေးမှာပဲ နေထိုင်သွားခဲ့ပါတယ်။ ဒီအိမ်လေးဟာ အီဂျစ်အုပ်စိုးသူတစ်ဦးရဲ့နေအိမ်ဟာ အလွန်သေးငယ်နေတာကို သူ့အစိုးရအဖွဲ့က တွေ့ရှိသွားတဲ့အခါမှသာ ထိရောက်ချောမွေ့တဲ့ အုပ်ချုပ်ရေးတာဝန်တွေကို ဆောင်ရွက်နိုင်ဖို့အတွက် ရိုးရှင်းခမ်းနားတဲ့အဆောက်အဦးတစ်ခုကို ကိုင်ရိုမှာ ဆောက်လုပ်ခဲ့ကြပါတယ်။

အင်ပါယာရှင်ဖြစ်ပြီ
——————–
အီဂျစ်ရဲ့သြဇာကို ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ပြီး မကြာခင် ၁၁၇၄ ခုနှစ်မှာ ဘုရင်ကြီး နူရုဒ္ဒီးန် ကွယ်လွန်တဲ့သတင်းကို ဆွလာဟုဒ္ဒီးန်က ရရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆွလာဟုဒ္ဒီးန်က အခြေအနေအချိန်အခါရဲ့လေးနက်မှုကို နားလည်သဘောပေါက်ခဲ့ပြီး ဆီးရီးယားပြည်တွင်း ပဋိပက္ခဖြစ်မှုကို ရှောင်လွှဲဖို့ ဆောင်ရွက်နိုင်ခဲ့တာကြောင့် မဟာဗျူဟာအရ အရေးပါတဲ့ ဆီးရီးယားကိုလည်း အပြည့်အ၀ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တူဖြစ်သူ ဖာရူးက် ရှားဟ်ကို ဆီးရီးယားအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့တယ်။ အသက် ၃၆ နှစ်သာရှိသေးတဲ့ ဆွလာဟုဒ္ဒီးန်ဟာ အဲ့ဒီချိန်ကစလို့ ၀န်းကျင်တစ်ခွင်က ဖွတ်ဖွတ်ညက်ကြေနေတဲ့ မွတ်စလင်တိုင်းပြည်တွေကို စုစည်းလဖို့နဲ့ အင်အားတောင့်တင်းလာဖို့အတွက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို စတင်ပါတော့တယ်။ ဆီးရီးယား၊ မက်ဆိုပိုတေးမီးယားဒေသ၊ တူနီးရှား၊ လစ်ဗျား တို့အပါအ၀င် အာဖရိကမြောက်ပိုင်းနဲ့ အာရေဗျကျွန်းဆွယ်အစိတ်အပိုင်းအများစုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး ယီမင်ကိုပါ ရရှိခဲ့ပါတယ်။
မကြာခင်မှာပဲ ဆွလာဟုဒ္ဒီးန်ဟာ အင်ပါယာကြီးတစ်ခုကို လက်ဝယ်ပိုင်ဆိုင်လာခဲ့ပြီး အဲဒီရဲ့ ရလဒ်ကတော့ အဲဒီခေတ်ကာလမွတ်စလင်ကမ္ဘာရဲ့ အငြင်းပွားဖွယ်မရှိ ခေါင်းဆောင်တစ်ဦး ဖြစ်လာတာပါပဲ။

မေတ္တာအောင်ပွဲ
—————-
သူ့ခေတ်သူ့အခါမှာ သြဇာအကြီးဆုံး မွတ်စလင်ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဆွလာဟုဒ္ဒီးန်ဟာ တကယ်လို့များ ဆန္ဒရှိမယ်ဆိုရင် သူ့ရဲ့ ကျန်ရှိနေတဲ့ဘ၀ကို မပူမပင် မကြောင့်မကြနဲ့ ကုန်ဆုံးဖို့ ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် ပါလက်စတိုင်းဒေသအပေါ် အဲဒီအခါက တင်းကြပ်စွာအုပ်စိုးထားတဲ့ ခရူဆိတ်ဒါတွေရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေအပေါ် အာရုံစိုက်ခဲ့ပါတယ်။ ပါလက်စတိုင်းဒေသမှာ အခြေခိုင်ပြီးတဲ့နောက် ဒေသတစ်ခုလုံးကို ပျက်စီးအောင် ခရူဆိတ်ဒါတွေ စတင်လုပ်ဆောင်လာခဲ့ပါတယ်။ တစ်ချိန်မှာ ခရူဆိတ်ဒါတွေဟာ မုဟမ္မဒ်သခင်(ငြိမ်းချမ်းပါစေ)ရဲ့ မြို့တော်ဖြစ်တဲ့ မဒီနဟ်ပရ၀ုဏ်နဲ့ အရမ်းနီးကပ်တဲ့နေရာအထိ ချီတက်ခဲ့ကြပြီး စီးနင်းဖို့အထိ ခြိမ်းခြောက်ခဲ့ကြပါတယ်။ မဒီနဟ်ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ခရူဆိတ်ဒါတွေရဲ့ ရိုင်းစိုင်းတဲ့အပြုအမူတွေအကြောင်းကို ကြားသိတဲ့အခါမှာတော့ ဆွလာဟုဒ္ဒီးန်က ဒီတရားမဲ့သူတွေကို သူ့ရဲ့လက်နဲ့ အပြစ်ပေးဆုံးမဖို့ သန္နိဌာန် ချလိုက်ပါတော့တယ်။
ခရူဆိတ်ဒါတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့အတွက် ဆွလာဟုဒ္ဒီးန်ဟာ အီဂျစ်ကနေ ပါလက်စတိုင်းဒေသကို စစ်ဦးစီးချုပ်အဖြစ်နဲ့ ကိုယ်တိုင်စစ်ချီခဲ့ပါတယ်။ သက္ကရာဇ် ၁၁၈၇ ခုနှစ်၊ ဂယ်လီလေးပင်လယ်အနီး တိုင်ဘာရီယက်စ် လို့ခေါ်တဲ့နေရာမှာ ရန်သူတွေနဲ့ မျက်နှာချင်းဆိုင်မိပြီး ကြောက်မက်ဖွယ်တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပါတယ်။ ဆွလာဟုဒ္ဒီးန်ရဲ့တပ်တွေဟာ ပြင်သစ်စစ်သည်တွေကို ဟာကွက်မရှိ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့တယ်။ အချိန်တိုအတွင်း ပြင်သစ်စစ်သည်တွေရဲ့စိတ်ဓာတ်တွေ ချည့်နဲ့သွားကြတယ်။ ကြံရာမရဖြစ်ကြတဲ့ ပြင်သစ်ဗိုလ်ချုပ်အချို့ဟာလည်း သူတို့ရဲ့တပ်တွေကို စွန့်ခွာကြပြီးတဲ့နောက် ပြစ်ဒဏ်ကင်းလွတ်သက်သာအောင် ဆွလာဟုဒ္ဒီးန်ဆီကို တိုက်ရိုက်လာရောက် အသနားခံခဲ့ကြတယ်။ ဒါဟာ ဆွလာဟုဒ္ဒီးန်ရဲ့ အောင်မြင်မှုတွေ တိုးပွားဖို့အတွက် ဖြစ်သွားပါတယ်။
`ဟစ်တင်´ လို့ခေါ်တဲ့ အဲဒီသမိုင်းဝင်တိုက်ပွဲမှာ ဆွလာဟုဒ္ဒီးန်က ပြင်သစ်ခရူးဆိတ်စစ်သည်တွေကို ကြင်နာမှု၊ သဘောထားကြီးမှု၊ မေတ္တာ ကရုဏာတွေ ပြသခြင်းနဲ့တစ်ကွ သင်ခန်းစာပေးခဲ့ပါသေးတယ်။ အဲဒီကစလို့ ဆွလာဟုဒ္ဒီးန်ရဲ့ အမည်နာမဟာ ရဲရင့်ပြတ်သားခြင်းနဲ့ သူရဲကောင်းဝါဒများရဲ့ ၀ိသေသတစ်ခုအဖြစ် အရှေ့တိုင်းနဲ့ အနောက်တိုင်းတို့မှာ ဟိုးလေးတကျော် ဖြစ်သွားပါတော့တယ်။
တိုင်ဘာရီယက်စ် အောင်မြင်မှုဟာ ပါလက်စတိုင်းရဲ့ ကျန်ရှိအစိတ်အပိုင်းတွေကို အောင်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ ပြင်သစ်တွေ စစ်တပ်ကို ပြန်မစုစည်းနိုင်ခင်မှာပဲ ဆွလာဟုဒ္ဒီးန်ဟာ လျင်လျင်မြန်မြန်နဲ့ လှုပ်ရှားလိုက်တဲ့အခါ – သူခြေမချနိုင်မီ မျိုးဆက် ၃ ဆက်အလျင်က ခရစ်ယာန်ဘုရားကျောင်းအဖြစ် ခရူးဆိတ်စစ်သည်တွေ အသွင်ပြောင်းခဲ့တဲ့ ဂျေရုစလင် ဗလီဝတ်ကျောင်းတော် အတွင်းမှာ သောကြာနေ့ စုပေါင်းဝတ်ပြုမှုကို ပြန်လည်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဂျေရုဆလင်ကျဆုံးခန်းက ဥရောပတစ်ခွင်ကို တုန်လှုပ်သွားစေတယ်။ မွတ်စလင်တို့လက်က ပြန်သိမ်းဖို့ ဂျာမဏီ၊ ပြင်သစ်နဲ့ အင်္ဂလန် အင်ပါယာပြည့်ရှင်များက စုပေါင်းအင်အားအလုံးအရင်းနဲ့ တက်သုတ်ရိုက်ချီတက်လာတယ်။ ဆွလာဟုဒ္ဒီးန် တစ်ဦးတည်းက ဥရောပရဲ့စုပေါင်းအင်အားကြီးကို တွန်းလှန်ခဲ့ပြီး၊ အစိတ်စိတ်အမွှာအမွှာ ကွဲကြေစေခဲ့ပါတယ်။ ဂျေရုစလင်အပါအ၀င် ပါလက်စတိုင်းရဲ့ ကျန်အစိတ်အပိုင်းတွေကို သိမ်းယူဖို့အတွက် အချိန် သိပ်မကြာခဲ့ပါဘူး။ ပြီးတော့ အဲဒီလို သိမ်းယူမှုကိုလည်း အပြစ်မဲ့သွေးတွေ မြေမကျစေဘဲ ဆွလာဟုဒ္ဒီးန်က ဆောင်ရွက်ခဲ့ပါတယ်။
ခရူးဆိတ်စစ်သည်တွေ ဂျေရုစလင်ကို ၀င်ရောက်လာစဉ်တုန်းက ရှိသမျှလူတွေအပေါ် ဓားမိုးဆက်ဆံခဲ့လို့ မြို့တစ်ခုလုံး သွေးချင်းချင်းနီခဲ့ရပါတယ်။ ဒါနဲ့ခြားနားစွာ ဆွလာဟုဒ္ဒီးန်ရဲ့ ကြင်နာမှု၊ သဘောထားကြီးမှုနဲ့ စေတနာသဒ္ဓါတရားတို့က ပါလက်စတိုင်း ပြည်သူအားလုံးရဲ့ စိတ်နှလုံးသားတွေကို ညှို့ယူဖမ်းစားနိုင်ခဲ့ပါတယ်။ ခရူးဆိတ် သမိုင်းမှတ်တမ်းပြုစုသူတွေပင်လျှင် ဂျေရုစလင်ပြည်သူတွေပေါ် ပြုမူခဲ့တဲ့ ဆွလာဟုဒ္ဒီးန်ရဲ့ စံထားလောက်တဲ့ အပြုအမူ၊ အမူအကျင့်တွေအတွက် ချီးကျူးဖို့ကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

ရိုးရှင်းတဲ့ ဘ၀နိဂုံး
——————
ဆွလာဟုဒ္ဒီးန်ရဲ့ ကျေးဇူးကြောင့်ပဲ အစ္စလာမ့်တတိယမြောက် အမြင့်မြတ်ဆုံးမြို့ အလ်-ကွဒ်စ် (ဂျေရုစလင်)ဟာ အစ္စလာမ့်အုပ်ချုပ်မှုအောက်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့တာဝန်ပြီးတာနဲ့ ဆွလာဟုဒ္ဒီးန်ဟာ ဒမတ်စကတ်ကို ပြန်သွားခဲ့တယ်။ အဲဒီမှာ စာသင်ကျောင်းတွေ၊ ဗလီဝတ်ကျောင်းတော်တွေ၊ ဆေးရုံတွေ အများအပြားကို တည်ဆောက်ခြင်းနဲ့တစ်ကွ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီး အသက် ၅၅ နှစ်မှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါတယ်။ သူ့ရဲ့ ရုပ်ကလာပ်ကိုတော့ ဒမတ်စကတ်က သမိုင်းဝင် အုမိုင်ယဒ် ဗလီဝတ်ကျောင်းတော်ရဲ့ ပရ၀ုဏ်အတွင်း မြှုပ်နှံခဲ့ပါတယ်။ သူစိုက်ပျိုးခဲ့တဲ့ ငြိမ်းချမ်းရေးအသီးအပွင့်ကို ရေရှည်မခံစားခဲ့ရပေမယ့် သူ့ရဲ့ နာမည်နဲ့ ဂုဏ်သတင်း ကျော်စောမှုဟာ မွတ်စလင်ကမ္ဘာနဲ့ အနောက်တိုင်းလောကမှာပါ ယနေ့ထက်တိုင် ပဲ့တင်ထပ်နေဆဲပါ။
ဒီလို အလွန်ထူးခြားပြောင်မြောက်တဲ့ ကိုယ်ကျင့်တရား၊ အံ့မခန်းအရည်အသွေးရှင် ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဆွလာဟုဒ္ဒီးန်ကို အကျော်ကြားဆုံးနဲ့ သြဇာအလွှမ်းမိုးဆုံး မွတ်စလင်တွေအနက် တစ်ယောက်အပါအ၀င်အဖြစ် သတ်မှတ်တာကတော့ အံ့သြစရာမဟုတ်ကြောင်းပါ…….
(မိတ်ဆွေတို့ဗဟုသုတအလို့ဌာပြန်လည်မျှဝေပေးလိုက်ပါတယ်)
photo cd – Abdul Rahman

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: