Leave a comment

ဆရာမောင်သော်ကပြောတဲ့ ပုံပြင်များ (၆) “ဆင်ထိန်းမောင်စိန်”

“ဆင်ထိန်းမောင်စိန်”

မျိုးချစ်စိတ်ဓာတ်အကြောင်း၊ နိုင်ငံချစ်တဲ့စိတ်တွေအကြောင်းကို စာပေစင်မြင့်ပေါ်ကနေ ဆရာမောင်သော် က ဟောပြောတိုင်း “အဲဒီ လူကြီး ဒီအကြောင်းတွေဟောတာ ကြားရဖန်များပါပြီကွာ၊ ဒါပေမဲ့ ဘယ်လောက်ကြားရကြားရ မငြီးငွေ့အောင်ကို ဟော   ဟောတတ် လွန်းတယ်”လို့ ဆရာမောင်သော်ကနှင့် အတွဲများခဲ့တဲ့ ဆရာဦးအောင်သင်းက မကြာခဏပြောလေ့ရှိပါတယ်။ ဆရာဟောခဲ့တဲ့ မျိုးချစ် စိတ် နဲ့ ပတ်သက်တဲ့ ဟောပြောချက်တွေထဲမှာ ဆင်ထိန်းမောင်စိန် အကြောင်းဟော တာကို ကျွန်တော်အမြဲလို သတိရနေ တတ်ပါ တယ်။ မောင်စိန်ဟာ ရန်ကုန်တိရစ္ဆာန်ရုံက ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ သူဟာ တိရစ္ဆာန်တွေနဲ့ပဲ နေစဉ်နဲ့အမျှ ဘဝ တစ်လျှောက်လုံး   နေထိုင်လာခဲ့သူဖြစ်ပါတယ်။ ဒီတော့ တိရစ္ဆာန်တွေအကြောင်းကို   ကောင်းကောင်း သဘောပေါက်နေတော့တာပေါ့။ ဘယ်သတ္တဝါကို ဘယ်လိုကိုင်တွယ် ရမယ်ဆိုတာ ကောင်းကောင်း နောကြေနေတဲ့ လူတစ်ဦးလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင် ဦးနေဝင်းလက်ထက်တုန်းက ရုရှားနိုင်ငံက ဆိုရှယ်လစ်ခေါင်းဆောင်ကြီးတစ်ဦး အာရှနိုင်ငံတွေကို လာလည်ခဲ့ပါတယ်။ အဲဒီခေါင်းဆောင်ကြီးက တောရိုင်းတိရစ္ဆာန်တွေကို ချစ်တဲ့သူဆိုတော့ သူရောက်ခဲ့သမျှ တိုင်းပြည်က ခေါင်းဆောင်တွေဟာ အဲဒီရုရှား   ခေါင်းဆောင်ကြီး အတွက် တိရစ္ဆာန်တွေကို လက်ဆောင်ပေးခဲ့ကြပါတယ်။ လက်ဆောင်ရတဲ့ တိရစ္ဆာန်တွေကို သင်္ဘောပေါ်တင်ရင်း ရန်ကုန်ကို ရောက်လာခဲ့ပါတယ်။ အဲဒီအခါမှာ ဦးနေဝင်းကလည်း အဲဒီရုရှားခေါင်းဆောင်ကြီးကို ဆင်တစ်ကောင် လက်ဆောင်ပေး ခဲ့ပြန် ပါတယ်။ ပေးတဲ့ဆင်က နည်းနည်းရိုင်းတယ်လို့ ဆိုပါတယ်။ ဒီတော့ အဲဒီဆင်ကို သင်္ဘောပေါ်တင်မရ ဖြစ်ခဲ့ပါတော့တယ်။ ဒီဆင်ကို ကောင်းကောင်း နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တဲ့သူတစ်ဦး လိုခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဆင်ကို သင်္ဘောပေါ်တင်ရေး အတွက်   မောင်စိန်ဟာ အရေးပါဆုံး လူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သင်္ဘောပေါ်ကိုတက်ဖို့ ပေတေတေ ကပ်တတ်တတ်လုပ်နေတဲ့ ဆင်ဟာလည်း ဆင်ထိန်မောင်စိန် ကို မြင်လိုက်တာနဲ့ သမင်လေးတစ်ကောင်ပမာ ကုတ်ကျသွားတယ်။ ရုရာှးစစ်သားတွေ မြန်မာစစ် သားတွေရဲ့ အလယ်   မှာ   မောင်စိန်ဟာ စစ်သေနာပတိချုပ်ကြီး တစ်ဦးပမာ ရပ်နေခဲ့တယ်။ ပြီးတော့ ဆင်နားကို ချဉ်းကပ်သွားပါတယ်။ ဆင်ကြီး ကလည်း   မောင်စိန်အနားရောက်လာတာနဲ့ နှာမောင်းလေးနဲ့ ယုယုယယ နှုတ်ဆက်လိုက် ပါတော့တယ်။ မောင်စိန်က ဆင်ကြီးနားရွက် ကို လက်နဲ့ပွတ်သပ်ရင်း နှုတ်ကလည်း တိုးတိုးနဲ့စကားပြောလိုက် သီချင်းဆိုလိုက် ရေရွတ်နေပါတယ်။ ပြီးတော့ ဆင်ကြီး ဟာ   မောင်စိန် ညွှန်ကြားတဲ့အတိုင်း သင်္ဘောကုန်းပတ်ပေါ်ကို သူ့ဘာသာသူ တက်သွားခဲ့ပါတယ်။ လူတွေအားလုံးက တအံ့တသြ   ဖြစ်နေ ခဲ့ကြတော့တာပေါ့။

ဆင်ကြီး သင်္ဘောပေါ်ရောက်သွားတဲ့ အချိန်မှပဲ ရုရှားဂုဏ်ပြုစစ်တပ်က ဘင်ခရာနဲ့ တီးမှုတ်ဂုဏ်ပြု လိုက်ပါတော့တယ်။ ဘင်ခရာ ဝိုင်းတီး မှုတ်အပြီးမှာ ရုရှားခေါင်းဆောင်ကြီးကိုယ်တိုင် ရောက်လာပြီး ဆင်ထိန်းမောင်စိန်ကို King of the elephants ဆင်တကာ တို့ရဲ့ဘုရင် ဆိုတဲ့ ဂုဏ်ထူးဆောင်ရင် ထိုးတံဆိပ်တစ်ခုကို ချက်ချင်းချီးမြှင့်လိုက်ပါတယ်။ ပြီးတော့ ဒီဆင်ကြီးကို ရုရှားနိုင်ငံအထိ သယ်ဆောင်ရေးမှာ ဆင်တကာတို့ရဲ့ဘုရင် မောင်စိန်ရဲ့ အခန်းကဏ္ဍက အရေးပါတဲ့နေရာ ကို ရောက်လာခဲ့ပါတော့တယ်။ ဒါ့ကြောင့်ပဲ ဆင်ထိန်းမောင်စိန် ဟာ ရုရှားစစ်ခေါင်းဆောင်ကြီးနဲ့အတူ ရုရှားနိုင်ငံကိုပြန်တဲ့ အပြန်ခရီးစဉ်မှာ ဆင်ထိန်းသူရဲကောင်းကြီးအဖြစ် လိုက်ပါသွားခဲ့ရပါတယ်။ သင်္ဘောပေါ်မှာကလည်း နိုင်ငံစုံကပေးလိုက်တဲ့ တိရစ္ဆာန်တွေက အများကြီး ပါလာခဲ့တာပါ။ အပူပိုင်းဒေသက တိရစ္ဆာန်တွေကော အအေးပိုင်းဒေသက တိရစ္ဆာန်တွေပါ အတူပါလာတော့ ဆူညံသောင်းကျန်းနေကြတာပေါ့၊ ထိန်းသိမ်းရလည်း ခက်လာခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တိရစ္ဆာန်မျိုးစုံနဲ့ ဘဝတစ်လျှောက်လုံး နေလာခဲ့တဲ့ မောင်စိန်တစ်ယောက် အစွမ်းပြခွင့်ရ ခဲ့ပါတယ်။ ရာသီဥတုကြောင့် ဆူညံသောင်းကျန်းနေတဲ့ တိရစ္ဆာန်တွေဟာ မောင်စိန်ကြောင့် အေးအေးဆေးဆေး ငြိမ်ငြိမ်လေး လိုက် လာခဲ့ကြတာ ကို လက်တွေ့ တွေ့လိုက်ရတာကြောင့် ရုရှားခေါင်းဆောင်ကြီးက သင်္ဘောခရီးစဉ်မှာပဲ မောင်စိန်ကို King of the Lions, King of the snakes, King of the monkeys, King of the tigers, King of the dogs စတဲ့ ဘွဲ့တွေကို ထပ်ချီးတလဲလဲ   ပေးခဲ့တဲ့အတွက် မောင်စိန့် အင်္ကျီရင်ဘတ်ပေါ်မှာ နိုင်ငံ့သူရဲကောင်းတွေလို တံဆိပ်တွေမျိုးစုံရခဲ့ပါ တယ်။ ပြီးတော့လည်း မောင်စိန်ကို ရုရှားနိုင်ငံရဲ့ ဂုဏ်ထူး   ဆောင်နိုင်ငံ သားအဖြစ် သင်္ဘောပေါ်မှာပဲ ချက်ချင်းချီးမြှောက်ခဲ့ပြန်ပါတယ်။ ရုရှားကိုရောက်တဲ့အခါမှာ လည်း   မောင်စိန်ကို အရာရှိကြီးတွေလို အိုးအိမ်ကောင်းကောင်း အထောက်အပံ့ ကောင်းကောင်းတွေပေးပြီး သူကောင်းပြုခဲ့ပါတယ်။   မောင်စိန် တစ်ယောက်   ဘာဆိုဘာမှ လုပ်ဖို့မလိုတော့ပါဘူး။ သူလုပ်ရတဲ့အလုပ်ကတော့ မနက်ပိုင်းတစ်ကြိမ် နေ့လယ်ပိုင်းတစ်ကြိမ် တိရစ္ဆာန်တွေကို သွားကြည့် လိုအပ်မယ်ထင်တဲ့ အစားအစာတွေ ကျွေးမွေးဖို့ စီစဉ်မှာကြား ဒီလောက်ပဲလုပ်နေရတာပါ။ အဲသလို   ကောင်းစားနေတဲ့ မောင်စိန်ကို ဆရာမောင်သော်ကဟာ ရုရှားနိုင်ငံ အလည်သွားရင်း တွေ့ခဲ့ ပါတယ်။ ဆရာမောင်သော်က ကိုတွေ့တော့ မောင်စိန်က သူ့ဘဝကို သူမပျော်ပိုက်တော့ကြောင်း ရှင်းပြပါတယ်။ သူ့ဘဝမှာ လိုလေသေးမရှိအောင် အခွင့်အရေး ရနေပေမယ့် မြန်မာနိုင်ငံကို   ပြန်ချင်တဲ့စိတ်က နေ့စဉ်ဖြစ်ပေါ်နေခဲ့ပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်မြေကလွဲပြီး ဘယ်နိုင်ငံကိုမှ မချစ်နိုင်တဲ့ အကြောင်းကိုလည်း မောင်စိန်က ရင်ဖွင့်ခဲ့တယ်လို့ ဆရာမောင်သော်က က ပြောခဲ့ပါတယ်။ “မျိုးချစ်စိတ်ဆိုတာ စစ်ဗိုလ်ကြီးဖြစ်မှ စစ်တိုက်ဖူးမှ တိုင်းပြည်ခေါင်းဆောင်ကြီးဖြစ်မှ ကိုယ့်နိုင်ငံကို ကိုယ်ချစ်တာ မဟုတ်ပါဘူး။ ဆင်ထိန်းမောင်စိန်လည်း တိုင်းပြည်ချစ်တဲ့စိတ် အမျိုးချစ်တဲ့စိတ် ရှိတာပါပဲ”လို့ ဆရာမောင်သော်က က ဟောခဲ့ပါတယ်။

ဒီအကြောင်းကို ဟောပြောတဲ့အခါတိုင်း တစ်ဆက်တည်းမှာ ဆရာမောင်သော်ကဟာ အရာရှိဆိုရင် ကိုယ့်အမျိုးဖြစ်ချင်ကြတာ၊ ထင်ပေါ်တဲ့လူဆိုရင် ကိုယ့်နဲ့အရင်းနှီးဆုံးလူဖြစ်သလိုလို ကိုယ့်အမျိုးပဲ ဖြစ်နေသလိုလို ပြောလေ့ရှိတဲ့ လူ့သဘာဝ လူ့လောကကြီး အကြောင်းကိုလည်း ဟာသတွေနှောပြီး ပြောလေ့ရှိပါတယ်၊ အဲသလိုပြောတဲ့ အခါတိုင်းလည်း စစ်သူကြီး မဟာဗန္ဓုလဟာ   မြန်မာ မွတ်စ်လင်မ်တစ်ဦး ဖြစ်တဲ့အကြောင်းကို ဟောလေ့ရှိပါတယ်။ ဆရာမောင်သော်က က စစ်သူကြီးမဟာဗန္ဓုလ ဟာ မြန်မာမွတ်စ်လင်မ် တစ်ဦးဖြစ်တယ်လို့ဟောတိုင်း ဆရာမောင်သော်ကလိုပဲ အဟောအပြောကောင်းတဲ့ စာရေးဆရာကြီး ဆရာမောင်ကိုယု   ခေါ်   မောင်သစ် ကလဲ စစ်သူကြီးမဟာဗန္ဓုလဟာ တရုတ်လူမျိုးဖြစ်တယ်ဆိုပြီး ဟာသလေးနှောရင်း ဟောပြောလေ့ရှိကြပါတယ်။

မျိုးချစ်စိတ်ဓာတ်အကြောင်း ဟောပြောချက်တွေထဲမှာ ဒီအကြောင်းအရာဟာ စာပေလောကမှာ ပြောစမှတ်ဖြစ်ခဲ့တဲ့ အကြောင်းမို့ ကွယ်လွန် ခဲ့ပြီးဖြစ်တဲ့ ဆရာကြီးနှစ်ဦးကို အမှတ်တရဖြစ်စေဖို့ ကျွန်တော်ပြောပြချင်ပါတယ်။ ဆရာမောင်သော်ကက မဟာဗန္ဓုလဟာ မွတ်စ်လင်မ်ဖြစ်တယ်၊ သူ့နာမည်အရင်းဟာ အဒူလရစ်ဖြစ်တယ်။ ဒါ့ကြောင့် မိဘဆွေမျိုးတွေက စစ်သူကြီးမဟာဗန္ဓုလကို ချစ်စနိုးနဲ့   မောင်ရစ် လို့ ခေါ်ခဲ့တာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ အဲသလို ပြောရတာကတော့ ဆရာမောင်သော်က ကိုယ်တိုင်က မွတ်စ်လင်မ်   ဖြစ်နေတာကြောင့် နာမည်ကြီးတဲ့ မြန်မာတွေချစ်တဲ့ စစ်သူကြီးတစ်ဦးကို ကိုယ့်လူဖြစ်အောင် ပြောမယ်ဆိုရင် အဲဒီလိုပြော လည်း ရတယ်ဆိုတဲ့သဘောနဲ့ ပြောလိုက်တာဖြစ်ပါတယ်။ ဆရာမောင်သော်ကဟောတဲ့အလှည့် ပြီးတဲ့အခါမှာ ဆရာမောင်ကိုယု (မောင်သစ်) ကလည်း ဆရာမောင်သော်ကဟာ မြန်မာရာဇဝင်သမိုင်းကြောင်းကို မှားအောင်လုပ်လိုက်တာဖြစ်တယ်။ ဆရာမောင်သော် က ကိုယ်တိုင်က မြန်မာမွတ်စ်လင်မ်ဖြစ်နေတော့ မြန်မာ့စစ်သူကြီးမဟာဗန္ဓုလကိုလည်း မွတ်စ်လင်မ် မဖြစ်ဖြစ်အောင် ပြောလိုက် တာဖြစ် တယ်လို့ ဟောပြောပြန်ပါတယ်။ အဲဒါနဲ့ တစ်ဆက်တည်းမှာ ဆရာမောင်ကိုယုက “တကယ်တော့ စစ်သူကြီးမဟာဗန္ဓုလဟာ မွတ်စ်လင်မ် မဟုတ်ပါဘူး၊ မြန်မာတွေကိုချစ်တဲ့ မြန်မာနိုင်ငံကိုချစ်တဲ့ တရုတ်လူမျိုးဖြစ်တယ်လို့ ဟောပြောပြန်ပါတယ်။ ဘာ့ကြောင့် ဒီလိုပြော ရတာလဲဆိုတော့ စစ်သူကြီးမဟာဗန္ဓုလဟာ မြန်မာ့စစ်သူကြီးဖြစ်နေတော့ကာ တရုတ်လူမျိုးဖြစ်တာကို ဖုန်းကွယ်ထားလို့ဖြစ် ပါတယ်” လို့ ဆရာမောင်ကိုယုက ချေပပြောဆိုခဲ့ပါတယ်။ ကိုယ့်မျိုးရိုးဆိုတာ ဘယ်လိုမှ ဖျောက်မရကြောင်းနဲ့ စစ်သူကြီးမဟာဗန္ဓုလ ဟာလည်း သူတရုတ်ဖြစ်ကြောင်းကို နောက်ဆုံးကျဆုံးရတော့မယ့်အချိန် ဗုံးကျည်ထိမှန်တဲ့အချိန်မှာ ဟန်မဆောင်နိုင်တော့ဘဲ ထုတ်ဖော်ပြောခဲ့ တယ်လို့ ဆရာမောင်ကိုယုက ပြောပြန်ပါတယ်။ စစ်သူကြီးမဟာဗန္ဓုလကို ဗုံးကျည်ထိတဲ့အခါ မဟာဗန္ဓုလက “အား – လု ဗုံးမှန်ပြီ” လို့ လူသိရှင်ကြား အော်ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့် အခုလိုအော်ရတာလဲ ဆိုတာကိုတော့ ပရိသတ် ပဲစဉ်းစား ပါတော့လို့   ဟောလိုက်ပြန်ပါတယ်။ အဲဒီလိုဟာသနှောပြီး ပြောလိုက်တာကတော့ ဆရာမောင်ကိုယု ကိုယ်တိုင် ကလည်း တရုတ်လူမျိုးဖြစ်နေ တာကြောင့်ပါပဲ။

ကဲ မြန်မာနိုင်ငံသားမှန်သမျှ စစ်ဗိုလ်ပဲဖြစ်ဖြစ် အညတရပဲဖြစ်ဖြစ် လူမျိုးဘာသာမရွေး ဘယ်သူမဆို မျိုးချစ်စိတ်ဓာတ်ရှိနိုင်ကြောင်းပါဗျာ။

ဆရာမောင်သော်ကပြောတဲ့ ပုံပြင်တွေကို နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပုံပြင်လေးဟာ ကျွန်တော့်အစီအစဉ်ရဲ့   နောက်ဆုံး အစီအစဉ်ဖြစ်ပါတယ်။ စိတ်ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။

ကျွန်တော် ကိုဂျေပါ ခင်ဗျား။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: