ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် ၂၀၁၅ သြဂုတ်လမှစ၍ အရေးပေါ်ဌာနနှင့် ပြင်ပလူနာကုဌာနသို့ လာပြသူ လူနာအားလုံးကို စာအုပ်ဖိုး အခမဲ့ လုပ်ပေးလျက်ရှိပြီး အရေးပေါ်ဌာနသို့ လာပြသူလူနာများ ကို စမ်းသပ် ဆေးစစ်ဆေးခြင်း၊ ဆေးကုသခြင်း အစရှိသည်တို့အတွက် အခမဲ့ စောင့်ရှောက်မှု ပေးလျက် ရှိကြောင်း ရန်ကုန် ဆေးရုံကြီးမှ ဒုတိယ ဆေးရုံအုပ် ကြီး ဒေါက်တာ ဒေါ်မြင့်မြင့်အေးကHealthy Life ဂျာနယ်သို့ ပြောကြားသည်။
”အရင်က စာရွက်စာတမ်းကြေးပဲ အခမဲ့ဖြစ်ပေမယ့်
၂၀၁၅ သြဂုတ်လကစပြီး စာအုပ်ဖိုးကအစ အခမဲ့ လုပ် ပေးပြီး အရေးပေါ်လာတဲ့လူနာတွေ (ဥပ မာ- ကား မှောက်တာ၊ ကားတိုက်လို့ ဦးခေါင်းဒဏ်ရာရတာ၊ လက် ကျိုးတာ)ကို ဓာတ်မှန် / CT/ အာထ ရာဆောင်း ရိုက်တာ၊ သွေးစစ်ဆေးတာ စတဲ့ ဓာတ်ခွဲစမ်းသပ်မှုတွေ ကို အဆင့်လိုက် အရင်က ၁၅ မျိုး အခမဲ့ပေးခဲ့ရာက အခု ၄၈ မျိုးစလုံး အခမဲ့ လုပ်ဆောင် ပေးပါတယ်”ဟု ဒေါက်တာ ဒေါ်မြင့်မြင့်အေးက ပြောသည်။
ပြင်ပလူနာကုဌာနသို့ လာရောက်ပြသသည့် လူနာများ ကိုမူ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ အတွက် ပြင်ပ ထက် သက်သာသော အခကြေးငွေယူ၍ စစ်ဆေးပေး လျက်ရှိကြောင်း သိရသည်။
“အရေးပေါ်ဌာနကို ရောက်လာတဲ့ လူနာတွေ (ဥပမာ ကားတိုက်၊ ကားမှောက်ကာ ဦးနှောက်တွင်း သွေးယိုကာ သတိလစ်ပြီး ရောက်လာတဲ့ လူနာ)က အရေးပေါ်ခွဲစိတ် ရမယ်ဆိုရင် လူနာရှင်မပါလည်း ခွဲပေးပါတယ်။ လူနာရှင်မပါလို့ ခွဲမပေးဘူးဆိုတာ မရှိပါဘူး။ ခွဲစိတ်မယ့် ဆရာဝန်ရယ်၊ မေ့ဆေးဆရာဝန်ရယ်၊ ဆေးရုံအုပ်ချုပ် ရေးပိုင်းက တစ်ယောက်ရယ် လက်မှတ်ထိုးပြီး ခွဲပေးပါတယ်။
အရေးပေါ်ခွဲစိတ်မှုတွေအတွက် (ဥပမာ အူအတက် ရောင်တာ) လာတယ်ဆိုရင်လည်း ဘာမှပေးစရာ မလိုပါဘူး။ အကုန် အခမဲ့ ကုပေးပါတယ်။
ခါတိုင်းဆို သွေးအိတ်ဖိုးနဲ့ HIV, C ပိုး၊ B ပိုး၊ ကာလ သားရောဂါပိုးစတာတွေအတွက် သွေးစစ်ဆေးခ
၇၅၀၀-၈၀၀၀ ကျပ် ပေးရပါတယ်။ အခုဆို မပေးရပါဘူး။ သွေးက ရှိနေရင်တော့ ရပါတယ်။ မရှိရင်တော့ လတ်လတ် ဆတ်ဆတ် လှူမယ့်သူ ရှာရပါ တယ်။ တချို့ ရှားပါးတဲ့ AB သွေးအုပ်စု၊ Rh Negativeသွေး အုပ်စု တွေဆိုရင် အစားပြန်ပေးရတာလိုမျိုးတွေတော့ ရှိပါတယ်”ဟု ဒေါက်တာဒေါ်မြင့်မြင့်အေးက ပြောသည်။
ရန်ကုန်ဆေးရုံကြီးသည် ယခုအခါ အတွင်းလူနာများအား ဓာတ်ခွဲစမ်းသပ်မှု အမျိုး ၄၀ ကျော်၊ X-ray, Ultrasound, CT Scan စစ်ဆေးခြင်းတို့ကို အခမဲ့လုပ်ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
Ref:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
HealthyLifeJournal