အခြေခံပညာဦးစီးဌာနမှ စတုတ္တတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများတွင် ရာခိုင်နှုန်း ၉၀ ကျော် ဖြေဆိုနိုင်သော မေးခွန်းများဖြင့် မေးမြန်းရန် ညွှန်ကြားလိုက်ကြောင်း သိရသည်။
အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာရေးမှူးရုံးများသို့ စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲဆိုင်ရာ လမ်းညွှန်ကြားချက်အဖြစ် ယင်းအတန်းများ၏ စာမေးပွဲများတွင် ကုစား စာမေးပွဲ မရှိတော့သည့်အတွက် စတုတ္တတန်းကို ၉၅ ရာခိုင်နှုန်း အဋ္ဌမတန်းကို ၉၀ ရာခိုင်နှုန်း ဖြေဆိုနိုင်သော မေးခွန်းများဖြင့် မေးမြန်းရန်၊ မေးခွန်းနှင့် အဖြေများ ပေါက်ကြားမှုမရှိစေရန်၊ ခက်ခဲသော မေးခွန်း၊ ၀န်ထုပ်ဝန်ပိုးဖြစ်စေသော မေးခွန်း၊ ကလေးများအတွက် မလိုအပ်လျှင် အလွတ်ကျက်ပြီး ဖြေရသော မေးခွန်းများ မထုတ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
“မေးခွန်းကို ကလေးတွေ တွေးခေါ်ယူဆပြီး ဖြေဆိုနိုင်မယ့် မေးခွန်းတွေဖြစ်ဖို့နဲ့ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှု အရည်အသွေးတွေကို အကဲဖြတ်နိုင်တဲ့ မေးခွန်းတွေဖြစ်ဖို့ လိုပါတယ်။ ကျောင်းသားတွေ တကယ်တတ်မြောက်မှုလည်း ရှိရမယ်၊ ဆန်းစစ်မှုတွေကလည်း အရည်အသွေး ပြည့်ဝနေဖို့ အားလုံး ဆောင်ရွက်နိုင်အောင် ညွှန်ကြားခြင်း ဖြစ်မှာပါ” ဟု အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး အဆင့်ရှိသူ တစ်ဦးက ပြောသည်။
ထပ်မံပါရှိသည်မှာ မေးခွန်းလှရန် မလိုအပ်ဘဲ၊ အားလုံး အောင်ရမည်ဟုလည်း မညွှန်ကြားကြောင်း၊ မေးခွန်းထုတ်လျှင် မလျော့မတင်း၊ အသက်နှင့် အတန်းလိုက် လျောညီစွာ ထုတ်ရမည်၊ ကျောင်းသား ကျောင်းသူများ မဖြေနိုင်၍ စာမေးပွဲကျ သည် ကို ပုံချမှု မပြုလုပ်ရပဲ တွေးတောကြံဆနိုင်သော မေးခွန်းများ ဖြစ်ရန် လိုအပ်ကြောင်း၊ တစ်သက်လုံး မှတ်သားလောက်သည့် မေးခွန်းများဖြင့် မေးရန် ညွှန်ကြားထားကြောင်း သိရသည်။
လိုအပ်ပါက နွေရာသီ ဥာဏ်ရည်လောင်း သင်တန်းဖွင့်လှစ်ရန် ရှိပြီး၊ ကျောင်းအုပ်ကြီးများသည် သင်ရိုးမာတိကာများ ပြီးဆုံးခြင်း ရှိ မရှိကို စစ်ရမည်ဖြစ်ကြောင်း မိမိတို့ သင်ကြားရသော အတန်းရှိ ကလေးများအနက် စာမေးပွဲ ကျရှုံးသော ကလေးများကို မည်သည့်အတွက် ကျရှုံးရသည်ကို လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားရမည်ဟု ညွှန်ကြားချက်တွင် ပါရှိသည်။
သတင်း – သူရိယ
Photo – Saung Phyu
The Ladies News Journal