Leave a comment

သံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင် အ​ကြောင်း

သံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင်ကို ပျော်ဘွယ် မြို့၊ ဆွဲမှန်ရွာ အဘ ဦးအေအေခန်း နှင့် အမိ ဒေါ်တုပ် တို့မှ ၁၂၄၇-ခုနှစ် ဝါခေါင်လပြည့်နေ့ (၂၈၊ ၆၊ ၁၉၁၂) တွင် ဖွားမြင်သည်။

ငယ်စဉ်က ရွာထဲရှိ ဘာသာရေး ကျောင်းတွင် အူရဒူ စာပေ ၄-တန်း အောင်သည်အထိ ဆည်းပူးသည်။ ဆက်လက်၍ ပျော်ဘွယ်မြို့ ဝက်စလီယံ အင်္ဂလိပ်-မြန်မာ အလယ်တန်းကျောင်း၌ သတ္တမတန်း အောင်သည်အထိ သင်ယူသည်။

၁၉၂၇-ခုနှစ်တွင် မိဘများသည် ရှမ်းပြည်၊ တောင်ကြီး မြို့သို့  ပြောင်းရွှေ့သွားခဲ့ရာ ဆရာကြီးသည် တောင်ကြီး မြို့ အေဘီအမ် ကျောင်း တွင် တစ်နှစ်နေပြီး မန္တလေးမြို့ ကယ်လီအထက်တန်းကျောင်းတွင် ပညာဆက်လက် သင်ယူခဲ့သည်။

၁၉၃၀-၃၁ခုနှစ်တွင် ဆယ်တန်းအောင်မြင်၍ ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်သည်။ ရန်ကုန်တက္ကသိုလ် တွင် ၁၉၃၇နှစ် (ဘီအေ၊ ဘီအယ်လ်) ဖြေဆိုအောင်မြင် သည်အထိနေခဲ့သည်။

ရန်ကုန်တက္ကသိုလ် ပဲခူးကျောင်းဆောင်တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူနေခဲ့သဖြင့် ရင်းနှီးခဲ့သည်။ ဘီအေဘီအယ်လ်တန်း ဆက်လက် သင်ကြားစဉ် ပဲခူးဆောင်မှာပင် အဆောင်မှူးအဖြစ် အမှုထမ်းခဲ့သည်။

၁၉၃၈-ခုနှစ်တွင် ချောက်၊ ရေနံချောင်းမြို့များတွင် ရေနံမြေ အလုပ်သမား ဝန်ထောက်အဖြစ် အမှုထမ်း နေစဉ် ဒုတိယကမ္ဘာ စစ်ကြီးဖြစ် လာသည်။ ဂျပန်များဝင်ရောက်လာစဉ် လက်အောက်ခံ အမှုထမ်း မလုပ်ဘဲ တောင်ကြီးမြို့သို့ ပြန်သွားခဲ့သည်။

၁၉၄၅-ခုနှစ် စစ်ကြီးအပြီး ပျဉ်းမနားမြို့တွင် ပြည်လုံး ကျွတ် ဗမာမွတ်စ်လင်မ်ညီလာခံ ကျင်းပသည်။ ညီလာခံကြီးတွင် အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်၊ ဝန်ကြီး ဦးခင်မောင်လတ် အစရှိသော ပုဂ္ဂိုလ်ကြီးများနှင့်အတူ လက်တွဲ ဆောင်ရွက်ခဲ့သည်။

ပျဉ်းမနားညီလာခံကြီးမှ ဗမာမွတ်စ်လင်မ်ကွန်ကရက် (ဗမက)အဖွဲ့ကြီး ပေါ်ပေါက်ခဲ့သည်။ကွန်ဂရက်ကြီးက ဗမာမွတ်စ်လင်မ်များသည် မြန်မာပြည်လွတ်လပ်ရေး တိုက်ပွဲတွင် အင်အားစုတစ်စုအနေဖြင့် ဖဆပလ အဖွဲ့ ကြီးနှင့် ပူးပေါင်း ဆောင်ရွက်ရန်လည်း ဆုံးဖြတ်ချက် ချခဲ့သည်။

ဆုံးဖြတ်ချက်အရ ၁၉၄၆-ခုနှစ်ဆန်း ဖဆပလဦးဆောင် မှုဖြင့် ကျင်းပသည့် ရွှေတိဂုံညီလာခံကြီးသို့ ကိုယ်စား လှယ် စေလွှတ်ခဲ့သည်။ ဆရာကြီး ဦးရာဇတ်နှင့်အတူ ဦးဖေခင် လည်း တက်ရောက်ခဲ့သည်။

ဦးဖေခင်သည် ရှမ်းပြည်ဖွား မဟုတ်လင့်ကစား တောင် ကြီးတွင် နေထိုင်ကြီးမြင့်လာသူဖြစ်၍ ရှမ်းပြည်နိုင်ငံ ရေးတွင် စိတ်ဝင်စားသည်။ ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးနေစဉ်ကပင် ရှမ်းကျောင်းသားများကို စည်းရုံးပြီး ပထမဆုံးရှမ်းပြည် ကျောင်းသားများအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့၏ အတွင်းရေးမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

ညီလာခံကြီးတွင် တောင်တန်းဒေသနှင့် မြန်မာပြည် ပူးပေါင်းရေး အဆိုတစ်ရပ်ကို တင်သွင်းသည်။ အင်္ဂလိပ်တို့၏ စက္ကူဖြူစာတမ်းအရ မြန်မာပြည် လွတ်လပ်ရေးပေးရာတွင် တောင်တန်းဒေသများ ချန်လှပ်ထားခဲ့ရန် အစီအစဉ်ကို တိုက်ဖျက်လိုသဖြင့် ဤသို့ တင်သွင်းခြင်းဖြစ်သည်။

ထိုအချိန်တွင် ဦးဖေခင်သည် ဗမက အလုပ်အမှုဆောင် သာမက ဖဆပလ ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်း ဖြစ်နေသည်။ ဖဆပလ ညီလာခံအပြီးတွင် ဖဆပလ ဌာနချုပ်တွင် တောင်တန်းနယ်ဒေသဆိုင်ရာ သီးခြားဌာန ဖွင့်ပြီး စည်းရုံးရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရန် ဆုံးဖြတ် ပြီး ဦးဖေခင်ကို အတွင်းရေးမှူးတာဝန် ပေးအပ် ခဲ့သည်။

ဦးဖေခင်သည် လိုအပ်သည့် အစီအစဉ်များပြုလုပ်ပြီးလျှင် ပြီးချင်း တောင်ကြီးသို့ခရီးထွက်သည်။ ရှမ်းပြည်လူထု ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ ရှမ်းစော်ဘွားများ နှင့်လည်းကောင်း တိုင်ပင်ဆွေးနွေးသည်။ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ တည်ထောင်ပြီး ဦးတင်အေးကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ပေးသည်။

ရှမ်းပြည်မြောက်ပိုင်းသို့ ခရီးဆက်ပြီး စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူလည်း ရှမ်းပြည် တောင်ပိုင်းသို့ ခရီးလှည့်ပြီး စော်ဘွားများနှင့် ဆွေးနွေးခဲ့သည်။

မကြာမီ ဗိုလ်ချုပ်သည် ဘိလပ်သို့ခရီးထွက်သည်။ တောင်တန်း ဒေသ ဆွေးနွေးပိုင်ခွင့်နှင့်ပတ်သက်ပြီး ဦးနုနှင့် တိုင်ပင်သည် ။ သိန္ဒီတွင် ကျင်းပမည့် စော်ဘွား အစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်သည်။

ဦးဖေခင်နှင့်အဖွဲ့သည် တောင်ကြီးတွင် ရှမ်းပြည် လွတ်လပ် ရေးအဖွဲ့ ခေါင်းဆောင်များနှင့်တိုင်ပင်ပြီး လူထုအစည်းအဝေး တစ်ရပ် ကျင်းပသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံကြောင်း ဆုံးဖြတ်ပြီး ဗိုလ်ချုပ်ထံသို့လည်းကောင်း၊ ဖဆပလ ဌာနချုပ်သို့ လည်းကောင်း ကြေးနန်းပေးပို့သည်။

ဆက်လက် ၍ ပင်လုံညီလာခံကြီး အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် သမိုင်းဝင် ပင်လုံ စာချုပ်ကြီး အောင်မြင်စွာ ချုပ်ဆိုနိုင်ရန် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။

ထို့နောက် ဖဆပလ အမတ်အဖြစ် ပျော်ဘွယ်မြို့နယ်မှ ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။

၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၉-ရက်နေ့တွင် မြန်မာ့အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီး ပြန်လည်ဖွဲ့စည်း သည့် ဝန်ကြီးအဖွဲ့ တွင် ဝန်ကြီးတစ်ဦးအဖြစ်ရွေး ချယ်ခံရသည်။

၁၉၄၇-ခုနှစ်တွင် ပါကစ္စတန် နိုင်ငံဟူ၍ ပေါ်ပေါက်လာရာ ပထမဆုံးသော သံအမတ်အဖြစ် ခန့်အပ် စေလွှတ်ခံ ရသည်။

၁၉၄၈-ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပထမဆုံး ပေးအပ်သော ဂုဏ်ထူးဆောင်ဘွဲ့တွင် မဟာသရေစည်သူဘွဲ့ ချီးမြှင့်ခံရသည်။

၁၉၅၂-ခုနှစ်တွင် ပါကစ္စတန်နိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရပြီး ကမ္ဗောဒီးယား၊ လာအိုနှင့် ဖိလစ်ပိုင် နိုင်ငံများကိုပါ ပူးတွဲတာဝန် ယူရသည်။

၁၉၅၆-ခုနှစ်တွင် ကုလသမဂ္ဂတွင် အမြဲတမ်း မြန်မာပြည် ကိုယ်စားလှယ် ဖြစ်ခဲ့သည် ။

၁၉၅၈-ခုနှစ်တွင် အီဂျစ်နိုင်ငံနှင့် ၁၉၆၂-ခုနှစ်တွင် ဆိုဗီယက် ယူနီယံနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်သည်။
ရူမေးနီးယား၊ ချက်ကိုစလိုဗက်ကီးယားနှင့် ပိုလန်နိုင်ငံ များကိုပါ ပူးတွဲတာဝန်ယူရသည်။

၁၉၆၄-ခုနှစ်မှစ၍ မလေးရှားနှင့် စင်ကာပူနိုင်ငံများတွင် ၆-နှစ်ကျော် အမှုထမ်းပြီး ၁၉၇၁-ခုနှစ်တွင် အငြိမ်းစား ယူခဲ့သည်။

၁၉၈၀-ပြည့်နှစ် ဇွန်လတွင် နိုင်ငံဂုဏ်ရည်ဘွဲ့ ပထမဆင့် ချီးမြှင့်ခံရသည်။

အမျိုးသားညီလာခံကြီးတွင် အနာဂတ်မြန်မာပြည်၏ ဖွဲ့စည်း ပုံအခြေခံဥပဒေရေးဆွဲရေးအတွက် အခြားဖိတ် ကြားသင့်သည့် ပုဂ္ဂိုလ်များ အစု အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

ဆရာကြီးသည် “ကိုယ်တွေ့ပင်လုံ၊ ဖဆပလ ရွှေတိဂုံ ညီလာခံ၊ ပင်လုံ မျိုးစေ့၊ ဘက်မလိုက်ဝါဒနှင့်ဗမာပြည်” တို့အပြင် အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။

ဆရာကြီး ရေးသားသည့် “ကိုယ်တွေ့ ပင်လုံ”စာအုပ် တွင် ဗိုလ်ချုပ် အောင်ဆန်း၏ အပါးတော်မြဲ အတွင်းဝန် ဟောင်း ဗိုလ်ထွန်းလှ (တက္ကသိုလ် နေဝင်း)က ဤသို့ အမှာစာရေးပေးထားပါသည်။

“ဦးဖေခင် ရေးသားထားသည့်အတိုင်း ပင်လုံမြို့သို့ ရောက် ပြီးကာမှ အခြေအနေ မသေမချာဖြစ် နေခြင်း ကြောင့် ဗိုလ်ချုပ်သည် စိတ်ပျက်လာရာမှ ရန်ကုန်ပြန် တော့မည်ဆိုကာ ကျွန်တော့် အား လေယာဉ်ပျံ မှာယူခိုင်း ပါသည်။ သို့သော်ဦးဖေခင်နှင့် ကျွန်တော်တို့ တိုင်ပင်ပြီး လေယာဉ်မမှာသေးဘဲ တစ်ဖက်က လူမျိုးစုခေါင်း ဆောင်များအား ကြိုးစားစည်းရုံးရင်း တစ်ဖက်က လည်း ဗိုလ်ချုပ်အား ရန်ကုန်မပြန်ရန် ဖျောင်းဖျ ပြောဆိုခဲ့မှု ကြောင့် ဗိုလ်ချုပ်သည် စိတ်ပြေပြီးမပြန်ဘဲ ပင်လုံမှာ ဆက်နေရန် ဆုံးဖြတ်ခဲ့ပါသည်။
အကယ်၍သာ ကျွန်တော်တို့က ဗိုလ်ချုပ် စိတ်ပြေအောင် ဖျောင်းဖျပြောဆိုခြင်းမပြုနိုင်ပါက ယနေ့သမိုင်းဝင် ပင်လုံစာချုပ်သည် အကောင်အထည် ပေါ်လာစရာ အကြောင်း မရှိရုံမက မြန်မာနိုင်ငံသမိုင်းသည်လည်း တစ်မျိုးတစ်ဖုံ ဖြစ်သွားကာ ဗြိတိသျှ နယ်ချဲ့တို့ အကြိုက်ဖြစ်သွားမည်မှာ သေချာသည်ဟု ဆိုနိုင်ပါသည်”

ဆရာကြီး၏ နိုင်ငံကို ချစ်မြတ်နိုးမှု၊ စေတနာထားမှု ထင်ရှားနေပါသည်။

ပင်လုံဦးဖေခင်ဟု ထင်ရှားသော ဆရာကြီးသည် ၂၀ဝ၄ ခု- ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူ ပါသည်။

သံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင်ကို အစ္စလာမ်ာသနာ့ရေးရာကောင်စီနာယကကြီးအဖြစ် တွေ့ဆုံခွင့် ရသည့်အခါ ဆရာကြီး၏ ဩဝါဒအမှာအထားမှာ-

“တိုင်းရေးပြည်ရေးမှာ ဖြစ်ဖြစ်၊ လူမှုရေးနယ်ပယ်မှာ ဖြစ်ဖြစ်၊ ဘာသာရေးလောကမှာ ဖြစ်ဖြစ် စေတနာအမှန် နှင့် ကျရာတာဝန်ကို မလစ်ဟင်းရအောင် တာဝန်သိသိ၊ သစ္စာရှိရှိ၊ ဇွဲ၊ ဝီရိယ၊ လုံ့လဥဿဟနှင့် ကြိုးပမ်းဆောင် ရွက်ကြရင် တစ်နေ့ နေ့မှာ တစ်ခုခုတော့ ကောင်းခြင်း မင်္ဂလာကို လက်တွေ့အကျိုး ခံစားရမှာသာဖြစ်ပါတယ်”
ဟူ၍ ဖြစ်ပါသည်။

(အစ္စလာမ်ကောင်စီဌာနချုပ်စာစဉ်(၆၀)၊ ပါမောက္ခဒေါက်တာအောင်ဇော် ပြုစုရေးသားသော တိုင်းရင်းမွတ်စ်လင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ ဒုတိယတွဲမှ )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: