Leave a comment

လေယာဉ်ဦးခန်းမှာ ဘာတွေဖြစ်နေသလဲ

ဒီ့အတွက် ဝေယံတိမ်ပေါ်မှာ လူများစွာကိုသယ်ဆောင်သွားတဲ့ လေယာဉ်ရဲ့ Cockpit မှာ ဘာတွေလုပ်ကြတယ် ဆိုတာသိရအောင် လေ့လာထားမိတာတွေက ဒီလိုပါ။

အပြင်ကနေလှမ်းကြည့်မိရင်တော့ အနည်းဆုံး လေယာဉ်မှူး ( ၂ ) ယောက် ရှိပါမယ်။ ကွန်ပျူတာမျက်နှာပြင် ရှိတယ်။ ကားစီယာတိုင် တစ်ဝက်စာ လေယာဉ်စီယာတိုင်လိုမျိုး ရှိမယ်။ လေယာဉ်ပျံတက်ဖို့ ကားဂီယာထိုးတံလိုမျိုး Throttle Quadrant ရှိတယ်။ ဒါတွေပဲ ကျွန်တော်တို့မြင်နိုင်တယ်။

9/11 ကမ္ဘာ့တိုက်ညီနောင် အကြမ်းဖက် လေယာဉ်တိုက်ခံရပြီးနောက်မှာ လုံခြုံရေး အကြောင်းပြချက်နဲ့ လေယာဉ် ရဲ့တည်ဆောက်ပုံတွေ ပြောင်းလဲလာခဲ့တယ်။ လေယာဉ်ဦးခန်း နဲ့ ကပ်နေရာကနေ ခရီးသည်ထိုင်ခုံတွေကို ခပ်ဝေးဝေး ရွှေ့လာကြသလို အနီးကပ်လေ့လာခွင့်ကိုလည်း ကန့်သတ်လာကြတာတွေကတော့ သိသာ ထင်ရှားပါတယ်။

လေယာဉ်မှူးတွေ ထိန်းချုပ်ခန်းမှာ စလုပ်တဲ့ အရာကတော့ တစ်ဦးကိုတစ်ဦး မိတ်ဆက်ခြင်း ဖြစ်ပါတယ်။ မယုံနိုင်စရာတစ်ခုက အဓိက လေကြောင်းလိုင်းတွေရဲ့ ပိုင်းလော့ ( ၁၂ဝဝဝ ) ဟာ သူ့ကိုကူမယ့် လက်ထောက်လေယာဉ်မှူး – Co-Pilot ကို မသိကြပါဘူး။ ဘယ်လိုစည်းမျဉ်း ဥပဒေသတွေရှိရှိ၊ ဘယ်သူနဲ့ တွဲမောင်းရ မောင်းရ ပိုင်းလော့တွေဟာ လေယာဉ်ဦးခန်းဆီ သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို အိပ်အပြည့် သယ်လာကြတာတော့ တူညီကြပါတယ်။

စစချင်း ပင်တိုင်ပိုင်းလော့(ကြီး) က သူလိုချင်တဲ့လေဖိအား – Atmosphere ကို သတ်မှတ်တယ်။ ဒီ့နောက်မှာမှ လက်ထောက်လေယာဉ်မှူးက သူနဲ့သက်ဆိုင်တဲ့အပိုင်းကနေ စတင်ကိုင်တွယ်ရပါတယ်။ လေယာဉ် သင်တန်းမှာကတည်းက ကျရောက်တဲ့ ပတ်ဝန်းကျင်လေယာဉ်မှူးကို အကျွမ်းတဝင် ဆက်ဆံနိုင်အောင် သင်တန်းဆင်းခဲ့ပြီးသူများပီပီ သူတို့အတွက် ဒီကိစ္စဟာ အခက်အခဲတစ်ခု မဟုတ်ပါဘူး။ စကားတစ်ခွန်း နှစ်ခွန်းပြောပြီးရင် တစ်ယောက်နဲ့တစ်ယောက် အဆင်သင့် လက်တွဲအလုပ်လုပ်လို့ ရနိုင်လောက်အောင် အားလုံးက လေ့ကျင့်ခဲ့ပြီးသားတွေ ဖြစ်ကြပါတယ်။

အပိုစကားမပြောကြပါဘူး။ ဥပဒေနဲ့ ထိန်းထားတာ ရှိပါတယ်။ မြန်မာလို တည့်တည့်ပြန်ရင်တော့ “ ပိုးမွှားမရှိသော လေယာဉ်ထိန်းချုပ်ခန်းဥပဒေ – Sterile Cockpit Rule ” ဆိုတာကို လိုက်နာရပါတယ်။ ဒါက လေကြောင်းပို့ဆောင်ရေး ဖယ်ဒရယ်ရေးရှင်း – FAA က ထုတ်ထားတာဖြစ်လို့ အမြင့်ပေ ( ၁ဝဝဝဝ ) မကျော်မချင်း ကိုယ်ရေးကိုယ်တာ နဲ့ အလုပ်နဲ့ မသက်ဆိုင်တဲ့ စကားတွေ မပြောရပါ။ အလုပ်ကိစ္စဆိုရင် ရတယ်၊ ကျန်တာတွေ လာမပြောနဲ့၊ အလုပ်လုပ်နေတယ်… ပေါ့ဗျာ။

လေယာဉ်မှူးတစ်ယောက်ရဲ့စိတ်ထဲမှာ ရာသီဥတုအခြေအနေ၊ ခရီးစဉ်၊ ခရီးသည်တွေနဲ့ သူတို့ရဲ့ဝန်စည် စလယ်အထုတ်တွေ၊ လေယာဉ်ပေါ်ကျွေးတဲ့ အစားအသောက်၊ ခရီးစဉ်တစ်လျှောက် စီမံခန့်ခွဲမယ့် ကွန်ပျူတာစစ္စတမ် နဲ့ လေယာဉ်ဆီ အပြည့်ဖြည့်ဖို့ စတဲ့ အာရုံတွေ များပြားလှပါတယ်။ အပိုစကားတွေ ပြောရင်း မတော်တဆပျက်ကျမှုတွေ စစ်ဆေးပေါ်ပေါက်ရာကနေ ( ၁၉၈၁ ) ခုနှစ်မှာ မလိုရင် စကားမပြောဖို့ တားမြစ်ခဲ့တာ ဖြစ်တယ်။

အဆက်မပြတ်ဝင်ရောက်လာတဲ့ သတင်းအချက်အလက်တွေပေါ်မူတည်ပြီး ခလုပ်ငယ်လေးတွေ က အစ ဟန်ချက်ညီစွာ လုပ်ဆောင်ရတဲ့ လေယာဉ်မောင်းအလုပ်ဟာ လွယ်လွယ်လေးတော့ မဟုတ်ပါဘူး။ သူတို့ဟာ လေယာဉ်ရဲ့ Aircraft Logs မှ အဖွင့်အပိတ် ခလုပ်အားလုံး နဲ့ သင်္ကေတတွေ ကောင်းကောင်း အလုပ်မလုပ်ဆိုတာစစ်ရတယ်။ အဲဒီလိုစစ်နေတုန်းမှာ အခြားလေယာဉ်မှူးက ထိန်းချုပ်ခန်းအပြင်ဖက် ထွက်စစ်ရပါတယ်။ ရာသီဥတုဆိုးတဲ့အခါမယ် ဒီလေယာဉ်ဦးခန်း သေးသေးလေးဟာ အသက်များစွာအတွက် တိုက်ပွဲဝင်မယ့် ခံတပ်ငယ်လေးပဲ မဟုတ်ပါလား..။

လေကြောင်းအင်ဂျင်နီယာ ပါလာရင်တော့ သူတို့ရဲ့စစ်ဆေးစရာစာရင်း Checklist တွေကို ပိုင်းလော့ကြီးကသာ တာဝန်ခွဲပေးပါတယ်။ လေယာဉ်ပြင်ပကိုထွက်ပြီး အရှေ့တစ်ခေါက်က မောင်းထားတုန်းက ဆီယိုနေသလား? ပစ္စည်းတစ်ခုခု လျော့နေသလား .. ပျက်နေသလား .. ပျောက်နေသလား? တာယာ နဲ့ ဘရိတ်အခြေအနေ၊ ဆီ ( မျိုးစုံ )နဲ့ ဟိုက်ဒရောလစ်ဆီအနေအထား၊ ဝင်ပေါက် ထွက်ပေါက် နဲ့ အရေးပေါ် ထွက်ပေါက်တွေကို တစ်ယောက်သီးသန့် ထွက်စစ်ရပါတယ်။

ပြသနာတစ်ခုခု တွေ့ခဲ့တယ်ဆိုရင် စက်ပြင်ဆရာကို အမြန်အကြောင်းကြားပြီး သူတို့ကခွင့်ပြုရင် အနည်းဆုံး ကိရိယာစာရင်း – MEL ( Minimum Equipment List ) ဝင်တယ်ဆိုရင်တော့ မပြင်ဘဲ မောင်းခွင့်ရှိပါတယ်။

ခရီးစဉ်တစ်လျှောက်လုံးမှာ ပိုင်းလော့ကြီးက အခရာ ပါ။ လေယာဉ်ကုန်ချိန်၊ အပူချိန်၊ သွားရမယ့် ခရီးအကွာအဝေး နဲ့ လေယာဉ်ပြေးလမ်းတွေပေါ် မူတည်ပြီး လေယာဉ်ဆီ ဘယ်လောက်ထည့် ဆိုတာကို ဆုံးဖြတ်ပါတယ်။ ဒီအချိန်မှာ လေယာဉ်ပေါ်ကို ခရီးသည်တွေလည်း တက်ပြီးပြီမို့ လေယာဉ်မယ်တွေက အစားအသောက်တွေ စီစဉ်ရင်း ရှိလာတဲ့ ပြသနာတွေကို လေယာဉ်မှူးကို တင်ပြရပါတယ်။ ဘာပြသနာမှ မရှိရင်လည်း သူတို့ဟာ လေယာဉ် ထိပ်ပိုင်းကနေ ခရီးသည်တွေကို နှုတ်ဆက်ရင်း နောက်ပိုင်းကို ပြန်သွားကြပါတယ်။

“ Checklist, checklist, checklist ” စစ်ပါ၊ စစ်ပါ၊ စစ်ပါ ဒီစာကြောင်းက လေယာဉ်မောင်းသူတွေကို အမြဲတစေသတိပေးတဲ့ စကားပါ။ လေယာဉ်ကိုဆွဲဖို့ Pushback မလုပ်ခင် ဆွဲကား – Tug ကိုမောင်းတဲ့ ဒရိုင်ဘာနဲ့ လေယာဉ်မှူးတို့ စကားကောင်းကောင်း ပြောရပါတယ်။ ဒါမှာသာ အလေးချိန် ပေါင် ( ၃ဝဝဝဝဝ ) လောက်လေးတဲ့လေယာဉ်ကို မထိမခိုက် ပြေးလမ်းပေါ်ဆွဲယူသွားနိုင်မှာ ဖြစ်ပါတယ်။

လေယာဉ်ရှေ့က အချက်ပြအရာရှိက “ ရှင်းပြီ ” ဆိုတော့မှ မသွားရတဲ့လမ်း၊ ဘားတိုင်တွေ၊ အတားအဆီးတွေ နဲ့ ဘေးမှာရပ်ထားတဲ့ လေယာဉ်တွေကို ရှောင်ရှားပြီး လေယာဉ်ဟာ စတင်ရွေ့လျားပါတယ်။

လေယာဉ်ကိုဆွဲသွားတာနဲ့ စက်စနှိုးပါပြီ။ ဆီဈေးကြီးတော့ လေကြောင်းလိုင်းတွေက အင်ဂျင် ( ၁ ) လုံးပဲ နှိုးခိုင်းကြ တယ်။ ကျွမ်းကျင်ရာ အလိမ္မာဆိုသလို ခရီးသည်တွေရဲ့ လေယာဉ်ပေါ် လျှပ်စစ်မီးအသုံးပြုမှု နဲ့ သက်တောင့်သက်သာ ရှိမှုတွေကို အင်ဂျင်တစ်ဖက်ထဲဖွင့်ပြီး ထိန်းထားနိုင်တာက ပိုင်းလော့ကြီးတွေရဲ့ အတွေ့အကြုံ ရင့်ကျက်မှုအပေါ် မူတည်ပါတယ်။ လေယာဉ်ဟာ ဆွဲကားကနေဖြုတ်ပြီး တစ်ဖြည်းဖြည်းလှိမ့် – Taxiing လုပ်လာတယ်ဆိုရင်ပဲ အခန်းကျဉ်းကျဉ်းလေးက လေယာဉ်မှူး ( ၂ ) ယောက်ဟာ ပြင်ပဝေဟင်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ရပါတော့တယ်။

“ အာရုံစိုက်ထားပါ၊ စစ်ပါ၊ ထပ်စစ်ပါ … အာရုံအပြည့် စိုက်ထားပါ၊ စစ်ပါ၊ ထပ်စစ်ပါ ” ဒါဟာ ပြေးလမ်း တစ်လျှောက် နောက်ထပ် အင်ဂျင်တစ်လုံးဖွင့်ဖို့ အကောင်းဆုံးအချိန်ကို ရှာနေတုန်း သူတို့ရဲ့ခေါင်းထဲမှာ အလိုလို ကြားနေရတဲ့ အသံတွေပါ။ နှင်းကျတဲ့ဒေသက လေယာဉ်တွေဆို မတက်ခင် နှင်း/ရေခဲရှင်းတဲ့ Deice Pad စက်တွေနား ဖြတ်ရတဲ့အခါ အထဲကလေယာဉ်မှူးတွေက Checklist ကို ( ၂ ) ခါ စစ်ပြီးနေပါပြီ။

လေယာဉ်ဆင်းတာထက်စာရင် ပြေးလမ်းကနေ တက်သွားရတာက ပိုအန္တရာယ်များတယ်လို့ သိရပါတယ်။ ကျွမ်းကျင်တဲ့ လေယာဉ်မှူးတွေကြောင့် အများအားဖြင့် ပြဿနာမရှိကြပေမယ့် ခပ်ရှားရှား ဒုက္ခလေးတွေတော့ ရှိတတ်ပါတယ်။ အကြောင်းရင်းက .. ဒီလို ပျံမတက်ခင်မှာ လေယာဉ်ဟာ သူ့ရဲ့ အလေးချိန်အစီးဆုံး အချိန်ကို   ရောက်နေပါတယ်။ အင်ဂျင် နဲ့ တစ်ခြားစက် အစိတ်အပိုင်းတွေ အချိန်မရွေး ပြုတ်ထွက်လာနိုင်တယ်။ ဒီကာလ အပိုင်းအခြားလေးမှာ လေယာဉ်တစ်စီးရဲ့ ( ကုန်လုနီးပါး ) အစွမ်းဆောင်နိုင်ဆုံးပါဝါ နဲ့ သင်ကြား တတ်မြောက် ထားတဲ့ လေယာဉ်မှူးတို့ရဲ့ Training တို့ထက် တန်ဖိုးရှိတာ မရှိတော့ပါဘူး။

လေထဲရောက်သွားတဲ့ လေယာဉ်စီးခရီးသည်တွေဟာ လေယာဉ်အရှိန် များလာတာနဲ့ တစ်ဆက်တည်း ဆင်းသက် ဂီယာကြီး – Landing Gear သိမ်းတဲ့အသံကို ကြားရမယ်။ လေယာဉ်ဘီးတွေ သိမ်းပြီး ဘေး တံခါးပိတ်သံတွေ ကြားရပါလိမ့်မယ်။ 10000 AGL – 10,000 feet Above Ground Level ပေ ( ၁ဝဝဝဝ ) ကျော်တဲ့အခါကျ မှ လေယာဉ်ကိုယ်ထည်လူးလှိမ့်မှု – Turbulence မရှိရင် ( မလူးရင် ) လေယာဉ်မှူးတွေ ကိုယ့်ထိုင်ခုံကနေ ထချင်ရင် ထလို့ရပါပြီ။ လေယာဉ်မှူးတွေကို အဲဒီအချိန်ကျမှ အောင့်ထားတဲ့ အလုပ်တွေကို ပြန်လုပ်ခွင့်ရတဲ့ လူသားတွေ အဖြစ် ပြန်မြင်ရမှာပါ။ ဒီတော့မှ Sterile Cockpit Rule လည်း လွတ်သွားပြီမို့ အချင်းချင်း စကားစမြည် စပြောရင်း ရှည်လျားတဲ့ မောင်းနှင်ချိန်တွေကို ကျော်ဖြတ်ကြပါတယ်။

မောင်းနှင်စဉ်တစ်လျှောက်မှာ စကားပြောနားကြပ် နဲ့ မြေပြင်ထိန်းချုပ်တာဝါတိုင် – ATC ( Air Traffic Control ) တွေကို မပြတ်ပြောဆို ဆက်သွယ်နေရပါတယ်။ လှုပ်ရှားမှုဖြစ်စဉ် အားလုံးကို ကြည့် – Monitor နေရပြီး လောင်စာဆီဘက်ညီမှု – Balancing Fuel ကို လေ့လာနေရပါတယ်။ လေစီးကြောင်းအလိုက် ပိုသက်သာမယ့် လမ်းကြောင်းပြောင်းမောင်းနှင်မှုကို လုပ်ဆောင်ဖို့လည်း အမြဲရှာဖွေနေရပါတယ်။

အလိုအလျောက်မောင်းစံနစ် – Autopilot ဖွင့်ပြီး လေကြောင်းလမ်းပြစံနစ် – Navigating System တို့ကို ချိတ်ဆက်ပြီးတဲ့အခါ လေယာဉ်မှူးတွေရဲ့အလုပ်ဟာ တက်ကြွပါဝင် လှုပ်ရှားနေရာကနေ သက်တောင့် သက်သာ   စောင့်ကြည့်အနေအထားကို ပြောင်းလဲယူကြပါတယ်။

မဆင်းသက်ခင် နာရီဝက်အလိုမှာ လုပ်ငန်းစဉ်တွေ ပြန်စကြတယ်။ ရောက်ရှိမယ့် လေဆိပ်ရဲ့ ရာသီဥတုအရ သင့်တော် တဲ့ ပြေးလမ်းကို ရွေးရတယ်။ ပေ ( ၁၈ဝဝဝ ) အမြင့်မှာ အပိုမီးတွေ အကုန်ဖွင့်ပြီး မြေပြင်ထိန်းချုပ်စခန်း နဲ့ အဆက်အသွယ် လုပ်ပါတယ်။ လေယာဉ်မှူးတွေကို ရာသီဥတုအခြေအနေ၊ အမြင့်ပေ နဲ့ မြန်နှုန်းတွေ အကြောင်း   မြေပြင်က အဆက်မပြတ် မေးမြန်းပါတယ်။ တစ်ကယ်လို့ ရာသီဥတုဆိုးဝါးရင် လွှဲမောင်းနှင်ရမယ့် လမ်းကြောင်းတွေကို ချိတ်ဆက်ပေးပါတယ်။

ဒါကြောင့်မို့ ဆင်းခါနီး ရာသီဥတုဆိုးတဲ့အခါ လေယာဉ်တစ်ခြမ်းစောင်းသွားတာဟာ ရာသီဥတုသက်သာ တဲ့ လေလှိုင်းလမ်းကြောင်းကို ပြောင်းသွားတာ ဖြစ်ပါတယ်။ တစ်ဆက်တည်း ဂီယာကြီးချိန်းသံလို အသံကျယ်ကြီးကြားရမှာဖြစ်ပြီး ကွင်းတစ်ပတ် ပတ်မောင်းဖို့ အဆင်သင့်ပြင်ထားတဲ့ အနေအထားကို လုပ်ဆောင်ရပါတယ်။ ဒီလိုဖြစ်စေဖို့ အကြောင်းရင်းခံ အမျိုးမျိုးဖြစ်နိုင်ပြီး ကွင်းတစ်ပတ်မောင်းဖို့ မမောင်းဖို့ ကို မြေပြင်တာဝါက ဆုံးဖြတ်ပါတယ်။

လေယာဉ်ဆင်းရတော့မယ်ဆိုတာ သိတဲ့အချိန် ခရီးသည်တွေပါမက လေယာဉ်မောင်/မယ်တွေ နဲ့ လေယာဉ်မှူးတွေ အတွက်ပါ ပျော်ရွှင်စရာပါ။ စိတ်စုစည်းမှုအရှိဆုံး အချိန်လို့လည်း ဆိုနိုင်ပါတယ်။ ပုံမှန်လေတိုက်နှုန်း နဲ့ ဆင်းပုံဆင်းနည်း – Glide Slope တို့က စိမ်ခေါ်မှုတွေဖြစ်သလို အမှားမခံတဲ့ ဆုံးဖြတ်ချက်တွေက စောင့်ကြိုနေတတ်ပါတယ်။ ပိုင်းလော့ကြီးတစ်ယောက်ရဲ့အရည်အချင်းက လေယာဉ်တစ်စင်းလုံးပေါ်မှာ သက်ရောက်တယ် ဆိုပေမယ့်လည်း အဆင်းမတော်တစ်လှမ်းဆိုသလို ဒီနေရာက အကဲဖြတ်ရမယ့် အတော်ဆုံး ကိုယ်ရည်ကိုယ်သွေး ဖြစ်ပါတယ်။   ကောင်းကောင်း ဆင်းနိုင်ဖို့ လုပ်ဆောင်ချက်တွေက သပ်ရပ်ဖို့လိုသလို အစီအစဉ် အတွက် အချက်ကောင်းဖို့ အရေးကြီးလှပါတယ်။

တစ်ချို့သော လေယာဉ်သစ်တွေမှာ အော်တိုဆင်းဖို့ Setting တွေပါဝင်လာသလို တစ်ချို့များဆိုရင် အလိုအလျောက် ခလုပ်နှိပ်ပြီး ဆင်းတာတွေ ရှိပါတယ်။ လေယာဉ်အများစုမှာ လေယာဉ်မှူးက ဂွေကိုင်ဆင်းကြတုန်းပါ။

စိတ်ချရပြီဆိုရင် လေယာဉ်မှူးဟာ နောက်ခရီးစဉ် (ဒါမှမဟုတ်) နောက်လေယာဉ်မှူးအုပ်စုအတွက် စက်ယန္တရားတွေကို After Landing Checklist နဲ့ ပြန်စစ်ရပါတယ်။ လုပ်ခဲ့သမျှ ပြင်ဆင်ထိန်းသိမ်းမှု မှတ်တမ်းတွေကို Logbook ထဲမှာ ရေးထားပြီး နောက်အဖွဲ့ကိုလွှဲဖို့ ပြင်ဆင်ရတယ်။ လူတွေမှာ လူ့ပြသနာရှိသလို လေယာဉ်တွေမှာလည်း အပျက် မှတ်တမ်း ရှိတယ်။ ဒါက လေယာဉ်သမိုင်းအတွက် များစွာ အထောက်အကူ ဖြစ်စေပါတယ်။

ပထမလေယာဉ်မှူးကြောင့် အဆင်းမလှခဲ့ရင် လှေခါးထိပ်အဆင်းမှာ ဒုတိယလေယာဉ်မှူးက ခရီးသည်တွေကို   နှုတ်ဆက်ပါတယ်။ တစ်ကယ်လို့ ဒုတိယလေယာဉ်မှူးဆင်းတာ သပ်ရပ်လှပခဲ့ရင် ပထမလေယာဉ်မှူး ကိုယ်တိုင်နှုတ်ဆက် တာ ထူးခြားမှတ်သားရပါတယ်။ အခုလောက်ဆိုရင်ပေ ( ၁ဝဝဝဝ ) ကျော်လို့ “ ဒင် ” ဆိုတဲ့ အသံကြားရတဲ့နောက်မှာ လေယာဉ်မှူးတွေ ဘာလုပ်နေသလဲဆိုတာ သိလောက်ပြီပေါ့နော်။

နောက်ခန်းမှာစီးတဲ့ ခရီးသည်အဖို့ လေယာဉ်ဦးခန်းကို မြင်သာမြင်နေရတယ် .. ဘာဖြစ်လို့ ဖြစ်နေမှန်းမသိတဲ့ဘဝက ကြောက်မယ်ဆိုလည်း လွယ်လွယ်လေးပါပဲ။ ဒါကြောင့် လေယာဉ်စီးတဲ့အခါ စိတ်ထဲမှာ တောင်တွေး မြောက်တွေး လျှောက်တွေးမနေဘဲ စိတ်ကိုရှင်းရှင်း ထားစေချင်တယ်။

“ လေယာဉ်မှူးတွေဟာ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသလို သူတို့ရဲ့ ကျွမ်းကျင်မှုအမြင့်ဆုံး အသက်မွေး ဝမ်းကျောင်း မှု နဲ့ ဘဝကို ပုံအပ်ထားသူများ ဖြစ်တယ်။ ဒါကြောင့်မို့ သူတို့တတ်နိုင်တဲ့ စွမ်းအင်အကုန်ထုတ်သုံးပြီး ခရီးသည်တွေ ဘေးကင်းလုံခြုံအောင် ပို့ဆောင် ကာကွယ်ပေးမယ့်သူတွေဖြစ်တယ် ” ဆိုတဲ့ တစ်ခွန်းကိုသာ စိတ်ထဲမြဲမြဲထားစေချင်ပါတယ်။

ဆောင်းပါးရှင် ကိုညီညီ (တောင်ကြီး)
ရည်ညွှန်းကိုးကား : Business Insider

“ လေယာဉ်ဦးခန်းမှာဘာတွေဖြစ်နေသလဲ ” စာမူသည် ၂ဝ၁၅ ၊ ဂျူလှိုင်လထုတ် Real Lives Real Stories မဂ္ဂဇင်း၊ အတွဲ ( ၂၇ )၊ စာမျက်နှာ ( ၁၁၂ ) တွင် ဖော်ပြပါရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: