Leave a comment

ငလျင်ကြီးလှုပ်လျှင် သတိထားရမည်ဖြစ်ကြောင်း ပညာရှင်များ သုံးသပ်ပြောကြား

မြန်မာနိုင်ငံ မြေငလျင်သမိုင်းတွင် နှစ် ၁ဝဝ အတွင်း ငလျင်ကြီးတစ်ကြိမ် လှုပ်လေ့ရှိကြောက် စရာ မလိုသော်လည်း သတိထားရမည်ဖြစ်ကြောင်း ပညာရှင်များ သုံးသပ်ပြောကြား
====================

ရန်ကုန် မတ် ၅

မြန်မာနိုင်ငံ မြေငလျင်သမိုင်းတွင် နှစ်ပေါင်း ၁ဝဝ အတွင်း ငလျင်ကြီးတစ်ကြိမ် လှုပ်လေ့ရှိကြောင်း၊ စစ်ကိုင်းပြတ်ရွေ့၏ အစိတ် အပိုင်းဖြစ်သည့် ပဲခူးငလျင်သည်လည်း နှစ်ပေါင်း ၈ဝ နှင့် ၁ဝဝ ကြား လှုပ်ရန်ခန့်မှန်းထား သည့်အတွက် လှုပ်ခတ်ရန်အခွင့်အလမ်းများရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှသိရသည်။

”တခြား သဘာဝဘေးအန္တရာယ်တွေက ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းတွက်ချက်လို့ရတယ်။ ငလျင်ကကြိုတင် တွက်ချက်လို့မရဘူး။ သတိတော့ထားရမယ်။ ကြောက်စရာတော့ မလိုဘူး။ ခန့်မှန်းထားတဲ့နှစ်ထက် စောပြီးလှုပ်မယ်ဆိုရင်တော့ ပြင်းအားက သေးတာပေါ့။ ငလျင်ကလှုပ်ဖို့အတွက် အချိန်ကြာလေလေ ပြင်းအားကြီးလေလေပဲ။ နှစ်ပေါင်း ၈ဝ နဲ့ ၁ဝဝ ကြား လှုပ်မယ်ဆိုရင် ရစ်ခ်ျတာစကေး ၇ ဝန်းကျင်လောက်ရှိမယ်။ အဲဒီ အချိန်မှ မလှုပ်ဘဲ နောင်နှစ် ၁၅ဝ၊ ၂ဝဝ မှလှုပ်မယ်ဆိုရင် ပြင်းအား ပိုကြီးသွားနိုင် တယ်”ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ပြောသည်။

ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြစ်ဝကိုဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄ ဒသမ ၈ ငလျင်နှင့် နောက်ဆက်တွဲ ငလျင် ငယ်သုံးကြိမ်လှုပ်ခတ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက် ကလည်း ဒေးဒရဲမြို့ တောင်၊ အရှေ့တောင်ဘက် ၁၅ မိုင် အကွာတွင်လည်း ရစ်ခ်ျတာစကေး ၄ ဒသမ ၄ အဆင့်ရှိ ငလျင်များလှုပ်ခတ်ခဲ့ကြောင်း ငလျင်မှတ်တမ်းများအရ သိရသည်။

ရန်ကုန်မြစ်ဝကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်သည် စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက်စွန်းအစိတ် အပိုင်းပေါ် တွင် ကျရောက်နေပြီး ၎င်းအစိတ်အပိုင်းမှာလည်း ဗဟိုကျရောက်နေကြောင်း ဒေါက်တာမျိုးသန့်က ပြောသည်။

ရန်ကုန်မြို့ရှိ အထပ်မြင့်အဆောက်အအုံများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးဝင်းခိုင်က ”အဓိကသတ်မှတ်ထားတဲ့ အမြင့်ရှိတဲ့ အထပ်မြင့် အဆောက်အအုံတွေကို မြေငလျင်ဒဏ် ခံနိုင်အောင်ဆောက်ရမယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက ဖွဲ့ထားတဲ့ အဆောက်အအုံစစ်ဆေးရေး အဖွဲ့တွေကလည်း ၁၂ ထပ်ခွဲထိ စစ်ဆေးတယ်။ အိုးအိမ်က ဖွဲ့ထားတဲ့ အဖွဲ့ကတော့ ၁၂ ထပ်ခွဲထက်မြင့်တဲ့ အဆောက်အအုံတွေကိုစစ် တယ်”ဟု ပြောသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အထပ်မြင့်အဆောက်အအုံများကို စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်နိုင်ရန် အတွက် ပညာရှင်များဖြင့် အထပ်မြင့်အဆောက် အအုံများ အရည်အသွေးထိန်းသိမ်းရေးအဖွဲ့ကို ၂ဝ၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

”စစ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီးနောက်ပိုင်း ဆောက်တဲ့ အဆောက်အအုံတွေကတော့ ပူစရာမလိုဘူး။ အဲဒီကာလ မတိုင်ခင်ဆောက်တဲ့ အဆောက်အအုံတွေကိုတော့ စိစစ်ဖို့ တော့လိုတယ်။ ဒါပေမယ့် ဒီအဆောက်အအုံတွေကလည်း နိမ့်တဲ့အဆောက်အအုံများပါတယ်။ လေးထပ်ကနေ ရှစ်ထပ်အထိ ဆောက်တဲ့အဆောက်အအုံလေးတွေရှိတယ်။ တချို့ကတော့ ကောင်းကောင်းဆောက်တယ်။ တချို့လည်း အားနည်းတဲ့အဆောက်အအုံတွေရှိတယ်”ဟု ဦးဝင်းခိုင်က ဆိုသည်။

”ရန်ကုန်မြို့ဆိုတာ သတိထားသင့်တဲ့မြို့ပါ။ ငလျင် လှုပ်လို့မှမဟုတ်ဘဲ ငလျင်နဲ့ ပတ်သက်ပြီဆိုရင် မြို့ကြီးလည်းဖြစ် တယ်၊ လူဦးရေလည်းထူထပ်တယ်၊ ဖွံ့ဖြိုးမှုကလည်း မြန်ဆန်လာတော့ သတိကတော့ ထားနေရမယ်။ ဒါက ဖွံ့ဖြိုးရေး အပိုင်းကကြည့်တာပါ။ ငလျင်လှုပ်ပြီဆိုရင် အဓိကကျတဲ့အချက်တွေက လူဦးရေထူထပ်တာ၊ အဆောက်အအုံများတာ ကလည်း အဓိကအချက်ပါ”ဟု ဒေါက်တာမျိုးသန့်က ပြောသည်။

”နောက်အဓိကအချက်က ရန်ကုန်မြို့က စစ်ကိုင်း ပြတ်ရွေ့အနောက်ဘက် ၂၅ ကီလိုမီတာလောက် အကွာအဝေးမှာ ရှိနေတာ။ ပဲခူးငလျင်လှုပ်ဖူးထားတဲ့ Segment နဲ့နီးနေတယ်။ ပဲခူးငလျင်ကလည်း ၁၉၃ဝ ပြည့်နှစ်လောက်မှာ ဆက် တိုက် လှုပ်ခဲ့တာဆိုတော့ စစ်ကိုင်းပြတ်ရွေ့က ဒီအစိတ်အပိုင်းကလှုပ်မယ်ဆိုရင် ရစ်ခ်ျတာစကေးက ၇ အထက် လှုပ်နိုင်တယ်”ဟု ၎င်းက သုံးသပ်ပြောကြားသည်။

စစ်ကိုင်းပြတ်ရွေ့သည် ဘင်္ဂလားပင်လယ်မှ ပဲခူး၊ တောင်ငူ၊ စစ်ကိုင်း၊ မန္တလေးမှ မြောက်ဘက် ကချင်ပြည်နယ် ပူတာအိုထိ အပိုင်းလိုက် ကီလိုမီတာ ၁၂ဝဝ ပတ်ဝန်းကျင် ခန့်ရှိကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ သုံးသပ်ထားသည်။

မြန်မာနိုင်ငံမြေငလျင်ကော်မတီသည် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ UN နှင့် NGO များနှင့်ပူးပေါင်းပြီး မြေငလျင်အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ မြေငလျင်လှုပ်ရှားမှုကို လေ့လာရန်နှင့် ငလျင်ကြောင့်ဖြစ်ပေါ်သော ဘေးအန္တရာယ်လျော့ပါးစေရန် အတွက် ၁၉၆၁ ခုနှစ်တွင် ရန်ကုန်မြို့ ကမ္ဘာအေးမြေငလျင် စခန်းကိုလည်းကောင်း၊ ၁၉၆၆ ခုနှစ်တွင် မန္တလေး မြေငလျင်စခန်းကိုလည်းကောင်း၊ ၁၉၈၄ ခုနှစ်တွင် စစ်တွေ မြေငလျင်စခန်းကိုလည်းကောင်း၊ ၁၉၈၅ ခုနှစ်တွင် ထားဝယ်မြေငလျင်စခန်းကိုလည်းကောင်း အသီးသီး တည်ဆောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၈၃၉ ခုနှစ် အင်းဝ အမရပူရတွင် ရစ်ခ်ျတာစကေး ၈ ဒသမ သုညခန့်ရှိ ငလျင်၊ ၁၈၅၈ ခုနှစ်တွင် သရက်မြို့တွင် ရစ်ခ်ျတာစကေး ၇ ဒသမ ၅ ခန့်ရှိ ငလျင်၊ ၁၉၃ဝ ပြည့်နှစ် ပဲခူးမြို့တွင် ရစ်ခ်ျတာစကေး ၇ ဒသမ ၃ ခန့်ရှိငလျင်၊ ၁၉၃ဝ ပြည့်နှစ် ဖြူးမြို့တွင် ရစ်ခ်ျတာစကေး ၇ ဒသမ ၃ ခန့်ရှိငလျင်၊ ၁၉၄၆ ခုနှစ် တကောင်းမြို့တွင် ရစ်ခ်ျတာစကေး ၇ ဒသမ ၅ ခန့်ငလျင်၊ ၁၉၅၆ ခုနှစ် စစ်ကိုင်းမြို့တွင် ရစ်ခ်ျတာစကေး ၆ ဒသမ ၅ ခန့်ငလျင်၊ ၁၉၇၅ ခုနှစ် ပုဂံမြို့တွင် ရစ်ခ်ျတာစကေး ၆ ဒသမ ၈ ခန့်ရှိငလျင်၊ ၁၉၉၁ ခုနှစ် တကောင်းမြို့တွင် ရစ်ခ်ျတာစကေး ၇ ဒသမ ၁ ခန့် ငလျင်၊ ၂ဝဝ၃ ခုနှစ် တောင်တွင်းကြီးတွင် ရစ်ခ်ျတာစကေး ၆ ဒသမ ၇ ခန့် ငလျင်၊ ၂ဝ၁၁ ခုနှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့ တွင် ရစ်ခ်ျတာစကေး ၆ ဒသမ ၈ ရှိငလျင်နှင့် ၂ဝ၁၂ ခုနှစ် သပိတ်ကျင်းမြို့တွင် ရစ်ခ်ျတာစကေး ၆ ဒသမ ၈ ရှိငလျင်ကြီးများ လှုပ်ခတ်ခဲ့ကြောင်း ငလျင်မှတ်တမ်းများ အရသိရသည်။

၂ဝ၁၂ ခုနှစ် သပိတ်ကျင်းမြို့တွင်လှုပ်ခဲ့သည့် ရစ်ခ်ျ တာစကေး ၆ ဒသမ ၈ ရှိ ငလျင်သည် ၁၉၄၆ ခုနှစ်က တကောင်းမြို့ တွင်လှုပ်ခဲ့ပြီး နှစ်ပေါင်း ၆ဝ အကြာ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီ မှ သိရသည်။

မြေငလျင်ကြီးများလှုပ်ပြီးနောက် နောက်ဆက်တွဲ ဘေးအန္တရာယ်များအဖြစ် နောက်ဆက်တွဲငလျင်များ၊ မြို့ပြမီးဘေး အန္တရာယ်များ၊ ရေကာတာများကျိုးပျက်၍ ရေကြီးခြင်းများ၊ တောင်ပြိုခြင်း၊ မြေပြိုခြင်းများ၊ ရွှံ့မီးတောင်များ ပေါက်ကွဲပန်း ထွက်ခြင်းများ၊ ဆူနာမီရေလှိုင်း များဖြစ်ပေါ်ခြင်းများနှင့် ကောလာဟလသတင်းလွှင့်ခြင်း များဖြစ်ပေါ်နိုင်သည့်အတွက် သတိထားရန်လိုအပ်ကြောင်း ငလျင်ပညာရှင်များက ပြောသည်။

ထူးခြားမှုအနေဖြင့် ကမ္ဘာ့မြေငလျင်များလှုပ်ခဲ့သည့် သမိုင်းတွင် ၁၉၇၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မန်ချူးရီးယားပြည်နယ်တွင် ငလျင်ကြီးလှုပ်မည်ကို ငလျင်ပညာရှင်များက ကြိုတင်သတိပေးမှုများ   ပြုလုပ်နိုင်ခဲ့ကြောင်း ငလျင်မှတ်တမ်းများအရ သိရသည်။

သတင်း – မင်းသစ်
ဓာတ်ပုံ – မြန်မာနိုင်ငံမြေငလျင်ကော်မတီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: