Leave a comment

သွေးသောက်ကြီး ဇေယျာရန်ကင်း ဦးတုံးဖြူ

image

၁၉၃၄ ခုနှစ် ၊ မြန်မာအလင်း သတင်းစာ အထူးထုတ်တွင် ဖော်ပြပါရှိသည့် ပြဿဒ်များနှင့် ဆောက်လုပ်ထားသော ရွှေဘိုနယ်၊ မြေထူးမြို့အနီး မှော်ရွာရှိ မွတ်စလင်မ် ဝတ်ပြု ကျောင်းပုံ
ဦးတုံးဖြူသည် သက္ကရာဇ် ၁၁၀၅(အေဒီ ၁၇၄၃)ခုတွင် ဖွားမြင်သည်။ ၁၁၄၅ခု စစ်တမ်းတွင် ယင်းတော်မြို့ ထားရင်း ရခိုင်ကုလားပျိုသေနတ် အစီရင်သွေးသောက် ကြီး မောင်တုံးဖြူ၊ တနင်္လာသား၊ အသက် ၄၀ ဟု ဖော်ပြ ပါရှိသည်။

သွေးသောက်ကြီးသည် ယင်းတော်ရွာ၊ မင်းဝိုင်းရပ်တွင် နေထိုင်သည်။ ဆင်ဖြူရှင်မင်းတရား၏ အရေးပေးခြင်း ခံရသော အမှုတော်ထမ်း တစ်ဦးဖြစ်သည်။ ယိုးဒယားပြည်သို့ ချီတက်သွားကြသော မြန်မာ့ တပ်မ တော် သားများကို စစ်ကူချီတက်ရန် သွေးသောက် ကြီးအား ဆဒ္ဒန် ဆင်မင်းသခင် ရေမြေ့ရှင်က ၁၁၂၆ ခု တပေါင်းလတွင် အမိန့်တော်စာချွန် ပေးပို့သည်။ သွေးသောက်ကြီးသည် စာချွန်တော်ရသည်နှင့် ဆော်မောင်း များကိုတီးကာ ရွာသားများအား ဆင့်ခေါ် သည်။ စုရုံးရောက်ရှိလာသူတို့ အနက်မှသန်မာ တောင့် တင်းပြီး ရဲစွမ်းသတ်္တိနှင့် ပြည့်စုံသူများကို ရွေးချယ် ကာ အိုးစားဖွဲ့သည်။ သွေးသောက်ကြီးတို့သည် ဆော်မောင်း များ ညံစေလျက် စစ်ချီထွက်ကြသည်။ တောတောင် အထပ်ထပ်ကို ခက်ခက်ခဲခဲကျော်ဖြတ် ချီတက်ကြပြီး အာယုဒ္ဓယမြို့တော်ကို ၀ိုင်းရံထားသော ဗမာ့တပ်မတော် သားများနှင့် ပေါင်းမိကြသည်။

သွေးသောက်ကြီးသည် အာယုဒ္ဓယမြို့တော် တောင် ဘက်မြို့ရိုးမှ တာဝန်ယူတိုက်ခိုက်သည်။ မြို့ရိုးပေါက် သော် မြို့တွင်းသို့ ရွပ်ရွပ်ချွံချွံ ၀င်ရောက် တိုက်ခိုက်သည်။ ယိုးဒယားတို့က မြို့တွင်းမှ အပြင်းအထန်ခုခံ တိုက်ခိုက် သဖြင့် အမှုတော်ထမ်း လေးပုံတစ်ပုံခန့် ကျဆုံးရသည်။ သွေးသောက်ကြီးနှင့် အဖွဲ့သည် ရင်မြေကတုတ်လုပ်၍ နောက်မဆုတ်တမ်း တိုးဝင်တိုက်ခိုက် ထိုးခုတ်သဖြင့် ယိုးဒယား တပ်သားများစွာ ကျဆုံးပြီး ဗမာ့ တပ်မတော် ကြီး အောင်ပွဲခံနိုင်ခဲ့သည်။

သွေးသောက်ကြီးနှင့် အောင်ပွဲရ တပ်မတော်သားများ အပြန်တွင် “တုလို့တောင် ယောင်မစမ်းနဲ့၊ ခေါဘဏီ ရန်ခလုတ်ချိုးနှုတ်”တဲ့ မှုထမ်းစသည့် ဒုံးသီးချင်းများ သီဆိုကာ မာန်ဝင့်ခဲ့ကြသည်။ ယိုးဒယား အမျိုးသမီး များနှင့် အမိန့်တော်ခံယူပြီး လက်ထပ်ခဲ့ကြသော တပ်မတော် သားတို့မှ ပေါက်ဖွားလာ သူများသည် ရွာတွင် စုစုစည်းစည်းနေကြသည် သူတို့စုရုံးနေထိုင် ရာရပ်ကွက်တွင် ဆောက်လုပ်ထားသောဗလီကို ယွန်းဆက်ဗလီဟု ယခုတိုင် တွင်နေသည်။

သွေးသောက်ကြီး ဦးတုံးဖြူသည် ဆင်ဖြူရှင်မင်းတရား နတ်ရွာစံ လွန်မူပြီးနောက် ဘိုးတော် ဗဒုံမင်းလက်ထက် တွင်လည်း အမှုတော် ဆက်လက် ထမ်းရွက်သည်။ ဗဒုံမင်းတရားသည် ၁၁၄၅ ခု နတ်တော် လဆန်း ၈ ရက်နေ့တွင် နိုင်ငံတော်မှ စစ်တမ်းစာရင်း ကောက်ယူ တော်မူ သည်။ ထိုသို့ ကောက်ယူ သောအခါ သွေး သောက် ကြီး ဦးတုံးဖြူသည် ယင်းတော်ရွာ၏ လူဦးရေ၊ စီးပွားရေး၊ အခွန်အတုတ် စသည်တို့၏ စစ်တမ်း ရာဇ၀င် ကိုရေးသားဆက်သွင်းရ သည်။ ထိုစစ်တမ်းရာဇ၀င်သည် နှောင်းခေတ် ဗမာမွတ်စလင်မ်တို့အတွက် အဖိုးထိုက်လှ သည်။

သွေးသောက်ဦးတုံးဖြူကို ဘိုးတော်ဗဒုံမင်းတရားက ယင်းတော်ရွာ ပတ်ဝန်းကျင်ရှိ မွတ်စလင်မ်ရွာများကို အုပ်ချုပ်ရန် ရာထူးတိုးမြှင့်၍ ခန့်ထား သည်။ ကင်းတား ကုလားပျို အစုသားတို့၏အမှူး သွေးသောက်ကြီး ဇေယျာ ရန်ကင်းဟူသောဘွဲ့ကိုလည်း ချီးမြှင့်သည်။

သွေးသောက်ကြီးသည် တစ်ဖက်က အမှုတော်ကို သက်စွန့် ကြိုးပမ်း ဆောင်ရွက်ရသည်။ တစ်ဖက်ကလည်း လက်အောက်ကျေးရွာများကိုအုပ်ချုပ် ရသည်။ ထိုသို့ စီမံဆောင်ရွက်အုပ်ချုပ် နေစဉ်တွင်ပင် ၀ါသနာနှင့် လိုအပ်ချက်အရ ၁၁၄၇ ခုနှစ်တွင် ဓမ္မသတ်လင်္ကာ သံပေါက်များ ပြုစုရေး သားသည်။ ထိုဓမ္မသတ် လင်္ကာသံပေါက် နိဂုံး၌  –

“ဓမ္မသတ်လင်္ကာ၊ သံပေါက်စာကို၊ ထောင့်တစ်ရာလွန်၊ လေးဆယ်ခွန်၏၊ လမွန်ချမ်းတုန်း၊ တန်ဆောင်မုန်း၌၊ အဆုံးကမ္ပတ်၊ နိဂုံးသတ်၏၊ ကျမ်းမြတ်ဤစာ၊ စီစဉ်ရာ၌၊ ဇေယျာ ရန်ကင်း၊ ဘွဲ့နှင်းခံယူ၊ မောင်တုံးဖြူတွင်၊ ကူညီဖေးမ၊ များစွာရ၏။”ဟု ဖော်ပြသည်။ နိဂုံးအရ ဓမ္မသတ်လင်္ကာကို ၁၁၄၇ ခုနှစ်တွင် နိဂုံး အဆုံးသတ်ပြီး သွေးသောက်ကြီးသည် ဇေယျာရန်ကင်းဟူသောဘွဲ့ကို အပ်နှင်းခံယူရသူ ဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်သည်။

–    သွေးသောက်ကြီး၏ ဓမ္မသတ်လင်္ကာ၌ –

–    ဓမ္မသတ်လင်္ကာ၊ သံပေါက်စာ၊ သေချာမှတ်ကြစိမ့်၊
–    အများသူငါ၊ သိစေရာ၊ လင်္ကာသံကြားပိမ့်၊
–    အလ္လာဟ်သခင်၊ မြတ်အရှင်၊ ဖန်ဆင်းဦးချီသိမ့်၊
–    သူ့သမီးကို၊ ဆွဲကိုင်ဆို၊ မလိုဖြစ်ရပ်၊ သုံးဆယ်တစ်၊
–    သူ့သမီးမျက်ရှု၊ မုဒိမ်းမှု၊ ပြစ်ဒဏ်ခတ်၏၊ ခြောက်ဆယ်ကျပ်။
စသည်ဖြင့် သံပေါက်အပုဒ်ပေါင်း ၁၀၀ ကျော်ရေး သားခဲ့သည်။

သွေးသောက်ကြီးသည် ဓမ္မသတ်အရာတွင် တွင်းသင်းတိုက်ဝန် မဟာစည်သူ (၁၀၈၈-၁၁၆၈) အတွင်းဝန်ဝဏ္ဏဓမ္မကျော်ထင် (၁၀၉၀-၁၁၅၀) တို့ကို အားကျဟန်ရှိသည်။ သွေးသောက်ကြီး၏ ကျမ်းပြီး ချိန်သည် သတိုးဓမ္မမဟာသက်တော်ရှည်ဘွဲ့ခံ ကင်းဝန် မင်းကြီး (၁၁၈၃-၁၂၇၀)က ဗု၊ ဓံ၊ သံ၊ န ချီ ဓမ္မသတ် လင်္ကာကို မရေးမီ နှစ်ပေါင်း ၈၀ကျော် အရင်က ဖြစ် သည်။

သွေးသောက်ကြီးသည် ဘုရင့်အမှုတော်ကို သစ္စာရှိစွာ၊ သက်စွန့် ကြိုးပမ်းဆောင်ရွက်ရင်း ဗဒုံမင်းတရားကြီး လက်ထက်မှာပင်အလ္လာဟ်အရှင် မြတ် အမိန့်တော်ခံ ယူသည်။

သွေးသောက်ကြီး ဘိုးတုံးဖြူ၏ စစ်တမ်းလက်ရေးစာမူနှင့် ရှေး ဖြတ်ထုံး၊ စီရင်ထုံး၊ သတ်ပုံ၊ ၀တ္ထု၊ ကဗျာ၊ လင်္ကာ၊ သံတော်ဦးတင်လွှာ၊ စာချွန် တော် ပုရပိုက်စသည့် ဂန္ထ၀င် အမွေအနှစ်များကို ယင်းတော်မြို့နေ ဆရာချွန်က ဘိုးဘေး အမွေအနှစ်အဖြစ် တမြတ်တနိုး ဆက်ခံထိန်းသိမ်း ထားရှိသည်ဟု သိရသည်။

ဤတွင် သွေးသောက်ကြီး၏ စစ်တမ်းစာမူလက်ရာကို လေ့လာနိုင်ရန် မူရင်းအတိုင်း ဖော်ပြအပ်ပါသည်။

၁၁၄၅ ခုနှစ် စစ်တမ်း

    မာရ်အောင်ရတနာ ဒါယကာ အ၀ စနေမင်း လက်ထက် တွင် ရခိုင်ပြည်မှတစ်ဆင့် ရောက်လာ သောလူပေါင်း ၃၀၀၀ ကျော်တို့ကို နေရာရပ်ကွက် ခြား၍ ချထားပေးသနားတော်မူသည်။

(ယင်းတော်မြို့) ထားရင်း ရခိုင်ကုလားပျို သေနတ် အစီရင် သွေးသောက်ကြီး မောင်တုံးဖြူ တနင်္လာသား၊ အသက် ၄၀။ စာရေး မောင်ကြိုင်ပုံ သောကြာသား၊ အသက် ၃၆။ သွေးသောက်ကြီး မောင်ရာကော်၊ စနေသား အသက် ၇၈။ သွေးသောက်ကြီး မောင်နီ စနေသား၊ အသက် ၅၅။ သွေးသောက် ကြီး မောင်မာ သည် အင်္ဂါသား၊ အသက် ၅၆။ သွေးသောက်ကြီး မောင်ပြာထွန်း၊ ကြာသပတေးသား၊ အသက် ၆၅။ သွေးသောက်ကြီးမောင်ကြီး ကြာသပတေးသား အသက် ၄၀။ သွေးသောက်ကြီး မောင်နံ သောကြာသား၊ အသက် ၄၀။

ရမည်းသင်းမြို့ ထားရင်းသွေးသောက်ကြီးများ

ထားရင်းသွေးသောက်ကြီး မောင်မွှေး သောကြာသား၊ အသက်  ၂၈။ သွေးသောက်ကြီး ရန်ခွင်သူရံ ကြာသပတေး သား၊ အသက် ၅၀။ သွေးသောက်ကြီး မောင်ရာစီ စနေသား၊ အသက် ၄၃။ သွေးသောက်ကြီး မောင်စံ အင်္ဂါသား၊ အသက် ၅၆။ စာရေး မောင်လှ ကြာသပတေးသား အသက် ၅၃။

ညောင်ရမ်းမြို့၊ ထားရင်းသွေးသောက်ကြီးများ

ထားရင်းသွေးသောက်ကြီး မောင်သာထွေး တနင်္ဂနွေသား၊ အသက် ၂၈။

တောင်ငူမြို့၊ ထားရင်းသွေးသောက်ကြီးများ

ထားရင်းသွေးသောက်ကြီး မောင်ပန်းညို တနင်္ဂနွေသား၊ အသက် ၄၅။ သွေးသောက်ကြီး မောင်ရွှေခို ကြာသပတေးသား၊ အသက် ၃၀။

ပင်းဒလဲမြို့ ထားရင်းသွေးသောက်ကြီးများ

ထားရင်းသွေးသောက်ကြီး မောင်ထွန်းသာ ဗုဒ္ဓဟူးသား၊ အသက် ၅၉။

မိတ်္ထီလာမြို့ ထားရင်းသွေးသောက်ကြီးများ

ထားရင်းသွေးသောက် မောင်ကျော်ထွန်း စနေသား၊ အသက် ၆၀။ သွေးသောက်ကြီး မောင်လုံး သောကြာသား၊ အသက် ၄၅။

စားမြေ၊ နေမြေ ချပေးတော်မူခြင်း

(ယင်းတော်မြို့)မှာ ချထားရင်း လူတို့ကို ဘုရင့်အမိန့် တော်နှင့် လက်ျာထောင်မှူး မောင်ညိုကို ခန့်ထား တော်မူ၍ မြို့သူကြီး မောင်သီးခိုင်၊ မောင်ရှန်တို့ က ပြသပေး၍ ခေါင်းကြီး မောင်လုံးက စားမြေ၊ နေမြေ၊ လုပ်မြေပေးချ သနားတော်မူသည်မှာ-ယင်းတော်မြို့မြောက် မင်းကျောင်းကုန်းတွင် နေမြေပေး ချရင်း မြေသည်ကျောင်းနှင့် နီးစပ်သည့် အတွက် လွတ်ကင်း အောင် ပြောင်းချပေးရမည့် အမိန့်တော်နှင့် ချပေးတော်မူသည့် မြေနယ်နိမိတ်သည် အရှေ့ကို ကျောင်းလယ်မြေအထိ၊ တောင်ကို ကန်ရိုးအထိ၊ အနောက်ကို မန်ကျည်းပင် ကန်ရိုးအထိ၊ မြောက်ကို လွှဲခေါင်းမောင်စံသာ လယ်မြေအထိ နေမြေရာ ချပေး၍ နေရပါသည်။ လုပ်စားမြေမှာ ကန်တော်မင်းကျောင်းလွှဲ ရေသောက် လယ်ပယ် ၂၀ တင်းကြဲ၊ သဘောလွှဲ ရေသောက်လယ်ပယ် ၂၀ တင်းကြဲ။ တောင်လွှဲ ရေသောက်လယ်ပယ် ၅-တင်းကြဲ။ စစ်ပင် လွှဲရေ သောက်လယ်ပယ် ၃-တင်းကြဲ ပေးချသနား တော်မူ၍ နေထိုင်လုပ်စားကြရပါသည်။

(ရမည်းသင်းမြို့) ချထားရင်းလူတို့ကို အမိန့်တော်နှင့် ယောက်ျား တစ်ထောင်မှူးကို ခန့်ထားတော်မူ၍ မြို့သူကြီး ရှင်ဇေယျတို့က ပြသပေးရ မည့်မြေမှာ ရမည်းသင်းမြို့ အနောက် ဆင်ဖြူကုန်းအရပ်တွင် နေမြေချပေးသည့် မြေနယ်နိမိတ်သည် အရှေ့ကို အုပ်နှဲပင်ကျောင်းအထိ။ တောင်ကို ဆိုးမကြောင် အထိ။ အနောက်ကို လယ်မြောင်တောင်အထိ။ မြောက်ကို မန်ကျည်း ပုဆစ်တုပ်ပင်အထိလည်းကောင်း၊ လုပ်စား မြေမှာ မြို့အနောက် လင်းဒကန်မှ လကန်တောအထိ အရှေ့ကို နေစွယ်ကုန်းအထိ တောင်ကို ကုဓရက်ကုန်း အထိ အနောက်ကို သက်ကယ်ခြုံ အထိ မြောက်ကို မြေနဲချောင်းအထိ ပေးချသနားတော်မူ၍ နေထိုင် လုပ်စားရပါသည်။

(ညောင်ရမ်းမြို့) ရှိချထားရင်း လူတို့ကို အမိန့်တော်နှင့် မွတ်စက်ရောင်မှူးကို ခန့်ထားတော်မူ၍ မြို့သူကြီးဒေသူရ အောင်စံဒွန်းတို့က ပြသပေးချ ရမည့် နေမြေသည် ညောင်ရမ်းမြို့ တောင်ကုန်းတွင် မြေနယ်သည် အရှေ့ကို မင်းလမ်းကုန်းအထိ၊ တောင်ကိုတစ်တီးတူဘုရား ကုန်းအထိ အနောက်ကို ကုန်းတမ်း တစ်ဖက် ချောင်းအထိ မြောက်ကို၎င်းင်း၊ ချောင်းအထိပေးချ၍ နေထိုင်ရပါသည်။ စားမြေမှာ မြင်းကနွယ်လယ်မြေ တွင် ပယ် ၂၄ တင်းကြဲ။ ကုက်္ကို ဆယ်ရေသောက် လယ်ပြင်တွင် ပယ် ၂၄ တင်းကြဲ။ ကန်သစ် လယ်ပြင်တွင်ပယ် ၁၀-တင်းကြဲ။ ပေးချ သနားတော်မူ၍ နေထိုင်လုပ်ကိုင် စားသောက်ပြီး အမှုတော်ကို ထမ်းရွက်ရပါသည်။

(တောင်ငူမြို့) ချထားရင်း လူတို့ကို အမိန့်တော်နှင့် တောင်ငူ ရွှေတိုင်းမှူးကို ခန့်တော်မူ၍လည်းကောင်း မြို့စစ်ကဲကြီး အိန်္ဒိယပျံချီကပြသ ချပေးရ သည့်နေမြေသည် တောင်ငူမြို့အရှေ့ ပေါင်းလောင်မြစ် အထိ။ တောင်ကိုကြာနီကန်အထိ။ အနောက်ကို ဥတ္တမာမြောင်းဘောင် အထိ။ မြောက်ကို မင်းဆိပ်အထိပေး၍ နေရပါသည်။ စားမြေမှာ တောင်ငူမြို့ အနောက်ဆင်အိပ်တော အထိ ပယ် ၅၀ တင်းကြဲ။ တည်ထွင် လုပ်စားနေထိုင် ထမ်းရွက်ရပါ သည်။

(ပင်းဒလဲမြို့)တွင်ချထားရင်း လူတို့ကို အမိန့်တော်နှင့် ကောင်းတာ ရှည်မှူးကို ခန့်ထားတော်မူ၍ မြို့သူကြီးမောင်ထွန်း။ လှအုံတို့က ပြသချပေး ရသည့် နေမြေနယ်နိမိတ်သည် ပင်းဒလဲမြို့ အနောက်မြောက် လူလာကုန်းတွင် အရှေ့ကို မြကန်ရေလဲအထိ တောင်ကို ကန်ရိုးအထိ အနောက်ကို ကန်သာ ယာကန်ရိုး အထိ၊ မြောက်ကိုစံသာမန် ကျည်းပင်စားလှအထိ၊ စားမြေမှာ ပင်းဒလဲမြို့မြောက်ကို မြကန်ရေသောက်လယ်ပယ် ၁၅-တင်း ကြဲ။ ဆင်ဖြူခြေကန် အောက်လယ်ပယ် ၁၀-တင်းကြဲ။ ပေးချသနားတော်မူ၍ နေထိုင်လုပ်စားထမ်းရွက်ရပါသည်။

(မိတ်္ထီလာမြို့) ရှိ ချထားရင်းလူတို့ကို အမိန့်တော်နှင့် ကလေတိုင်မှူးကို ခန့်ထားတော်မူ၍ မိတ်္ထီလာမြို့ ပြည်စိုး မောင်ပိန်ကျော်နှင့် အကြပ်မောင် ရွေလှော်။ သာယာ ပန်းမြေတိုင် မောင်ပေါတို့က ပြသချပေးရသည့် လုပ်မြေ၊ နေမြေနယ်သည်။ မြို့အနောက်က ဇောင်းပလေမြေတွင် အရှေ့ကို ကောင်းပုံ လယ်ကန်သင်းရိုးအထိ၊ မြောက်ကို ဆိပ်ပင်အထိ၊ တောင်ကိုရဲစုံ မောင်ပန်းခိုင်တို့ လယ်အထိ၊ အနောက်ကို မောင်ထွန်းခိုင် မြေအထိ။ မြောက်သလဲရေကျ အထိ ပေးချသနားတော်မူ၍ နေထိုင်လုပ်စား ထမ်းရွက်ရပါသည်။

( မူရင်းစာလုံးပေါင်းအတိုင်း ဖြစ်ပါသည်။)

စားမြေဆိုသည်မှာ – မင်းမူထမ်းတို့အား လုပ်ကိုင်စားသောက်ရန် မင်းဧကရာဇ်က ချထားပေးအပ်သောမြေဖြစ်ပါသည်။  (အုပ်ချုပ်ပုံစာတမ်း ပဉ္စမတွဲ)။

နေမြေဆိုသည်မှာ – နေထိုင်ရန်အတွက် မင်းက ချထားပေးအပ်သောမြေ ဖြစ်ပါသည်။ (ဇမ္ဗူဒီပဦးဆောင်ကျမ်း)

ဤစစ်တမ်းတွင် သွေးသောက်ကြီး၊ လက်ျာထောင်မှူး၊ မြို့သူကြီး၊ ခေါင်းကြီး၊ လွှဲခေါင်း၊ တစ်ထောင်မှူး၊ အကြပ်၊ မြို့စစ်ကဲကြီး၊ ကောင်တာ ရှည်မှူး၊ ကလေတိုက်မှူး၊ ပြည်စိုးဟူသည့် ရာထူးဆိုင်ရာ အခေါ်အဝေါ် များကို လေ့လာနိုင်ပါသည်။ မောင်ရာကော် (ရာကွတ်)နှင့် မောင်ရာစီ (ရာစင်)အမည်များမှာ အရဗီအမည်ရင်းအတိုင်း ဖြစ်သည်။

Credit->>မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: