Leave a comment

ပျောက်သောသူ ပြန်၍တွေ့သည့်ပမာ (Rohingya History)

image

image

မေယုနယ်ခြားခရိုင်ဟူ၍ သီးခြားသတ်မှတ် ဖွင့်လှစ်လိုက် ခြင်းသည် မေယုခရိုင် နယ်သူနယ်သား အားလုံးတို့၏ လူမှုရေး၊ စီးပွားရေး အဆင့်အတန်းများကို မြှင့်တင် လိုက်ခြင်း သာမက ပျောက်နေသော သူတယောက်ကို ရှာဖွေဖော်ထုတ်လိုက်ခြင်းလည်း မည်ပေသည်။ ထိုစကားကို ရှင်းရပေဦးမည်။

ယခု မေယုနယ်ဟု သတ်မှတ်လိုက်သော ဘူးသီးတောင်၊ မောင်းတောနယ်များတွင် ၉၇ – ရာခိုင်နှုန်းသည် ရိုဟင်ဂျာလူမျိုး များ   နေထိုင် ကြ၏။ သို့သော် ရိုဟင်ဂျာဆို သည့် အမည်ကို ပြည်မက လူထုကမသိ၊  ယဉ်ကျေးမှုကို ပြည်မလူထု ကမမြင်၊ ပြည်ထောင်စု သားတွေ စစ်စစ်ဖြစ် လျက်နှင့် ရိုဟင်ဂျာတို့၏ မျိုးရိုးစဉ်ဆက်နှင့် ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း မှတ်တမ်းတို့သည် ပြည်ထောင်စုတွင် မပေါ်ထင်   ပျောက်၍နေသကဲ့သို့ပင် ရှိခဲ့သည်။ တနည်း ဆိုသော် ရိုဟင်ဂျာတို့သည် ပျောက်နေသော သူ တယောက် ပမာ ရှိခဲ့ပေ၏။

ယခုမူ နယ်ခြားဒေသအုပ်ချုပ်ရေးဌာနက သူတို့ လူမျိုး စုတွေကို ပြည်ထောင်စုသားများအဖြစ် အသိအမှတ် ပြုကာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဆင့် အတန်းတွေ လူတန်းစေ့ဖြစ်အောင် မြှင့်တင်ပေး တော့မည်ဟု ဒု – ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ကိုယ်တိုင် ကတိပေးခဲ့သည်ဖြစ်ရာ သူတို့ ရိုဟင်ဂျာ တတွေသည် နိုးကြားတက်ကြွသည့် စိတ်များဖြင့် သူတို့၏ မျိုးရိုး အဆက်အနွယ် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း များ၊ နယ်ခြားဒေသအုပ်ချုပ်ရေးဌာနအား ထင်မြင်ချက် စသည်အားဖြင့် သုံးပိုင်း သုံးကဏ္ဍ ခွဲခြားကာ ခေတ်ရေး အဖွဲ့သို့ လာရောက်တွေ့ဆုံ   ပြောကြား တင်ပြကြသည် ဖြစ်ရာ ပတမဆုံးကဏ္ဍဖြစ်သော ရိုဟင်ဂျာတို့၏ မျိုးရိုးအဆက်အနွယ်သမိုင်းကို   အောက်ပါ အတိုင်း ခေတ်ရေးစာစောင်က ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ဖော်ပြလိုက်ရသည် ဖြစ်ပေကြောင်း။

“မေယုနယ်ခြားခရိုင်မှ ရိုဟင်ဂျာအမျိုးသားထုတို့၏ မျိုးရိုးစဉ်ဆက် လေ့လာတင်ပြချက်”

အချိန်သည် ၁၉၆၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်၏ နံနက် ၈ နာရီနှင့် မိနစ် ၃ဝ ဖြစ်သည်။

ရုံးမှ ကားမရနိုင်သဖြင့် မိုးရွာကြီးထဲတွင် ဘတ်စ်ကားနှင့် သွားရန် ထွက်လာကြရသည့် ကျွန်တော်တို့ ခေတ်ရေး အဖွဲ့ဝင်များ သည် နယ်ခြားဒေသအုပ်ချုပ်ရေးဌာနသို့ နံနက် ၉ – နာရီတိတိတွင် တွေ့ဆုံဆွေးနွေးရေးကဏ္ဍ အတွက် အမှီရောက်ကြရန် စိတ်စောပူပန် မိကြသည်။

ပူပန်ရသည်မှာလည်း အကြောင်းကရှိသည်။ တွေ့ရမည့်သူများမှာ မေယုနယ်ခြားခရိုင်ဟူ၍ နယ်ခြားဒေသ အုပ်ချုပ်ရေး ဌာနက လွှဲပြောင်း အုပ်ချုပ်ကာ နယ်သူနယ်သား လူထုတို့၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လက်တွေ့ အကောင် အထည်   ဖော်နေခြင်း ကို နှစ်ခြိုက်လွန်း လှသဖြင့် ဝမ်းသာအားရ ခေတ်ရေး အဖွဲ့နှင့် တွေ့ဆုံပြောပြလိုကြသည့် ရိုဟင်ဂျာလူငယ် အဖွဲ့ ခေါင်းဆောင်များ တမျှော်မျှော်နှင့် ရှိနေကြမည်ကို စိုးမိသောကြောင့် ဖြစ်သည်။ သူတို့သာ မဟုတ်သေး၊ ခေတ်ရေး အဖွဲ့နှင့် ရိုဟင်ဂျာလူငယ်များ တွေ့ဆုံရေး ဖြစ်မြောက်ရန် အလုပ်တာဝန်များသည့်ကြားမှ လူအတန်တန်စေလွှတ်ကာ စီမံစိုင်းပြင်းပေးရသည့် နယ်ခြားဒေသအုပ်ချုပ်ရေးဌာနမှ ဗိုလ်မှူးမျိုးအောင် ၏ ဖော်ရွေသည့် စိတ်ဓာတ်ကိုလည်း ထောက်ထားရန် ရှိပေသေးသည်။ အထူးသဖြင့် ယနေ့နံနက်တွင် ခေတ်ရေးအဖွဲ့အတွက် ရုံးစောစောကြိုတင်တက်ပေးကာ နံနက် ၉ – နာရီတိတိတွင် စတင်ဆွေးနွေးနိုင်ရန် စီစဉ်ထားမည်ဟု ဗိုလ်မှူးမျိုးအောင်က အားပါး တရ ပြောထား သဖြင့်လည်း ကိုယ့်ဘက်က ပျက်ကွက် နှောင့်နှေးမည်ကို စိုးရိမ်ရခြင်းဖြစ်သည်။

“တပ်ကြပ်ကြီး ကိုစိုးမြင့် ကင်မရာတို့ဖလက်ရှ်တို့အထဲ မိုးရေတွေ ဝင်ကုန်အုံးမယ်၊ သတိထားဗျာ” ဘတ်စ်ကား က လူကျပ်၍ မတ်တတ် ရပ်ကာလိုက် ရသည့်အထဲ မိုးရေက စိုရွှဲလောက်အောင် ယိုစီးကျနေသဖြင့် ဓာတ်ပုံ ကိရိယာများ တပွေ့တပိုက်ကြီး လွယ် ထားရသည့် ဓာတ်ပုံဆရာအား သတိပေးရသည်။ စိတ်အား ထက်သန်စွာ ရှိနေကြမည့် ရိုဟင်ဂျာ လူငယ်အဖွဲ့ ခေါင်းဆောင်များနှင့် နယ်ခြာဒေသမှ အရာရှိများ၏ စိတ်စေတနာကို လေးစားရလွန်းသဖြင့်လည်း ကိုယ့်ဘက်က ချွတ်ယွင်းချက်မရှိအောင် သတိပြုရခြင်းဖြစ်သည်။

၉ – နာရီမထိုးမီ ၅ – မိနစ်အလိုတွင် နယ်ခြားဒေသရုံးရှိ ဆွေးနွေးမှုပြုမည့် ခန်းမသို့ရောက်၏။

“ဟောဒါက ခေတ်ရေးအဖွဲ့ဝင်များပါ၊ ဟောဒါကတော့ ရန်ကုန်မြို့မှာရှိကြတဲ့ မေယုနယ်ခြားခရိုင်က ရိုဟင်ဂျာ   ကျောင်းသား   လူငယ်များ အဖွဲ့ချုပ်က ခေါင်းဆောင်များဖြစ်ပါတယ်” အသင့်စောင့်နေသည့် ဗိုလ်မှူးမျိုးအောင်က မိတ်ဆက်ပေး လိုက်လေသည်။

“ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ကြားရတာဟာဖြင့်ရင် နောင်ကြီးတို့နားထဲမှာ ဆန်းသလိုလို ရှိကောင်းရှိပါ လိမ့်မယ် ခင်ဗျာ” ရန်ကုန် တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသူ ကျောင်းသားအသင်းဥက္ကဋ္ဌဖြစ်သူ ကိုဘထွန်း ကစ၍ ပြောလိုက် သည်။ ခေတ်ရေး အဖွဲ့ဝင်များက   ပြုံး၍နေလိုက်ကြသည်။

ကိုဘထွန်းက စကားဆက်၏။ “ရိုဟင်ဂျာဆိုတဲ့ စကားလုံးဟာ ဆန်းနေလိမ့်မယ်ဆိုတာတော့ ကျွန်တော်တို့လဲ ရိပ်စားမိခဲ့ကြပါ တယ်ခင်ဗျာ။ အခုလို နယ်ခြားဒေသအုပ်ချုပ်ရေးဌာနက တာဝန်ယူပြီး တွေ့ဆုံပေးလို့  ခေတ်ရေး စာစောင်မှာ ကျွန်တော်တို့ ရိုဟင်ဂျာ အမျိုးသားများရဲ့ မျိုးရိုးစဉ်ဆက် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို တင်ပြဆွေးနွေးခွင့် ရတာဟာလဲ ရိုဟင်ဂျာ အမျိုးသားများကိုယ်စား အလွန်ကျေးဇူး တင်ထိုက်ပါတယ်”

ကိုဘထွန်း၏ အပြောအဆိုကို ကြည့်လျှင်ပင် မေယုခရိုင်ရှိ ရိုဟင်ဂျာ အမျိုးသားတို့ အထဲတွင် ပညာတတ် လူတော် လူချွန်တွေ ရှိပါကလားဟု နားလည်နိုင်ပေသည်။ ကိုဘထွန်းသည် ရန်ကုန်တက္ကသိုလ်မှ ဘီအက်စီ ဒီဂရီရယူပြီးသူ ခေတ်ပညာတတ် တဦး ဖြစ်ပေ သည်။ “မေယု”နယ်ခြားခရိုင်ဆိုတဲ့ ထူးခြားတဲ့အမည်နဲ့ ယှဉ်တွဲပြီး တပြိုင်ထဲ ရုတ်ခနဲပေါ်လာတော့လဲ “ရိုဟင်ဂျာ”ဆိုတဲ့အမည်ဟာ ဆန်းနေပေမပေါ့ခင်ဗျာ။

“တကယ်ဆိုတော့ “ရိုဟင်ဂျာ”ဆိုတဲ့ နံမယ်နဲ့ “ရိုဟင်ဂျာ”အမျိုးသားထုကြီးဟာ ပြည်ထောင်စုသား တိုင်းရင်းသားများ အဖြစ် ရှိခဲ့တာဟာ ဟိုရှေး ရခိုင်ဘုရင်များ ခေတ်ကဘဲကပေါ့ ခင်ဗျာ”

ကိုဘထွန်းနှင့်တကွ ရိုဟင်ဂျာကျောင်းသား ခေါင်းဆောင် များ ဖြစ်ကြသော ကိုရှာဟောအာလောမ်၊ ကိုအောင်သာ ကျော်၊ ကိုဘစောဖြူ တို့ လေးဦးလုံး သည် သူတို့ အမျိုးသား တို့၏ မျိုးရိုးစဉ်ဆက်အကြောင်း ပြန်ပြောင်း ပြောကြရသဖြင့် ဂုဏ်ယူအားတက်နေကြပုံ ပေါ်သည်။ စားပွဲပေါ်တွင် တင်ထားသည့် “ရိုဟင်ဂျာခေတ် သတင်းစဉ်” အမှတ် (၁)(၂)(၃)တို့ကို အားတက်သရော လှန်လှောကာ ရိုဟင်ဂျာအမျိုးသားများ၏ ဆင်းသက် လာပုံ အမျိုးအနွယ်သမိုင်း မှတ်တမ်းတို့ကို ရှာဖွေပြသ ကြသည်။

ပျောက်သောသူ တွေ့သည့်ပမာ

ရိုဟင်ဂျာအမျိုးသားများ၏ မျိုးရိုးနှင့် ယဉ်ကျေးမှု မှတ်တမ်း မှတ်ချက်များကို တွေ့ရသည်မှာ ပျောက်နေ   သောသူ တယောက် ကို ပြန်တွေ့ ရခြင်းနှင့် တူသည်ပင် ဆိုရချိမ့်မည်။ အမှန်သော် သတိမမူမိကြသော ပြည်မရှိ လူထုအတွက်မူ ရိုဟင်ဂျာတို့သည်   ပျောက် ဆုံးနေသော   ဆွေရင်းမျိုးချာများပင်ဖြစ်သည်။ တမြေထဲဘွား ပြည်ထောင်စု သားများ ပင်ဖြစ် သည်။ သတိမမူမိသမျှ ယခုမှ ဘွားကနဲ ပြန်တွေ့ ရခြင်း ဖြစ်သဖြင့်လည်း ပျောက်ဆုံးနေသော ညီအကိုရင်းချာ တဦး အား ပြန်တွေ့ရ သကဲ့သို့ပင် ရှိသည်။

ပါကစ္စတန်မဟုတ်

“ကျွန်တော်တို့ အစက နားလယ်ထားတာကတော့ ယခု မေယုနယ်ခြားခရိုင်လို့ သတ်မှတ်လိုက်တဲ့ ဘူးသီးတောင်၊   မောင်းတော ခရိုင်တွေက လူမျိုးစုတွေဟာ ပါကစ္စတန် ပြည်သားတွေလို့ ထင်တယ်။ အခု ကိုအောင်သာကျော်တို့   ပြောပြတဲ့ မှတ်တမ်း သာဓကများ အတိုင်းဆိုရင်တော့ ရိုဟင်ဂျာလူမျိုးစုဟာ ဟိုရှေး မြန်မာမင်းများ လက်ထက် ကထဲက ဘူးသီးတောင် မောင်းတောနယ်မြေမှာ မခြေစိုက် ခေါင်းချပြီး ပြည်ထောင်စုသားများအဖြစ် ရပ်တည်ခဲ့တာ ကြာပြီ   ပေါ့နော်”

ကျွန်တော်တို့၏ တအံ့တဩ မေးခွန်းကို ကိုအောင်သာ ကျော်၊ ကိုရှာဟောအာလောမ်တို့ အားလုံးက ရယ်မောလျက်   ခေါင်းညိတ်ပြ ၍ ဖြေကြသည်။

သနားခြင်း အဓိပ္ပာယ်

သူတို့ညွှန်ပြသည့် ရိုဟင်ဂျာခေတ်သတင်းစဉ်တွင် ရိုဟင်ဂျာလူမျိုးသမိုင်းအကျဉ်းချုပ်ဟူသည့်   ခေါင်းစီးဖြင့် ရေးသား ထားသည့်   ဆောင်းပါး အရ ဆိုလျှင် ရိုဟင်ဂျာအမျိုးသားများသည် ပါကစ္စတန်နယ်ဘက်မှ ကူးပြောင်းလာကြသည့် ပါကစ္စတန်လူမျိုးများမဟုတ်ပေ။ “ရိုဟင်ဂျာ”သို့မဟုတ်“ရိုဝင်ဂျာ”ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်မှာ “သနားခြင်း”ဟု ဆိုလိုသည်။ ဤသနားခြင်း အဓိပ္ပာယ်ရသည့် “ရိုဟင်ဂျာ”ဆိုသော စကားလုံးသည် အဘယ်ကြောင့် ယနေ့ မေယု နယ်ခြားခရိုင်သားများ ဖြစ်နေကြသော လူမျိုးစုတခု၏ အမျိုးအနွယ် အမည် ဖြစ်ရလေသနည်းဟု ထပ်မံစေ့ငုလိုက်လျှင် စိတ်ဝင်စားဘွယ်ကောင်းသော ရိုဟင်ဂျာအမျိုးသားတို့၏   နောက် ကြောင်း ရာဇဝင်ကို   တွေ့ရသည်။

အတိတ်ဇာတ်ကြောင်းက

သက္ကရာဇ် ၇၈၈ – ခုနှစ်တွင် ရခိုင်ပြည်၌ မဟာစန္ဒြမင်း အုပ်ချုပ်ခဲ့သည်။ ထိုမင်းလက်ထက် တနေ့သောအခါ လေပြင်း မုန်တိုင်းကြီး သည် ပြင်းထန်စွာကျလေ၏။ ရမ်းဗြဲကျွန်းအနီးရှိ ရခိုင်ပင်လယ်ပြင်တွင် သွားလာနေ သမျှသော ရွက်လှေ ကတ္တူ သင်္ဘောများ အားလုံး လိုပင် ပျက်စီးနစ်မြုပ်ကြရသည်။ ထိုသင်္ဘောများထဲတွင် ကုန်ကူးသန်ြး ခင်းပြုနေကြသည့် အာရပ်လူမျိုးတို့၏ သင်္ဘော တစင်းလည်း ပါလေရာ မုန်တိုင်းကျပြီး တပတ်အကြာတွင် ထိုအာရပ်သင်္ဘောမှ အာရပ်လူမျိုး ဒုက္ခသည်များသည် အစာရေစာ အငတ်ငတ်ဖြင့် ရမ်းဗြဲကျွန်းပေါ် ကျရောက်လာကြ သည်။ အာရပ်ဒုက္ခသည်များသည် ကျွန်းသူကျွန်းသားများနှင့်   တွေ့သောအခါ အာရပ်ဘာသာ စကားဖြင့် “ရဟမ်း – ရဟမ်း”(သနားပါ – သနားပါ) ဟု ဆိုကြကုန်၏။ ဤသည်ကို ရခိုင်သားတို့က သူတို့လူမျိုးနာမည်ပေ ဘဲဟု မှတ်ယူကာ သင်္ဘောပျက် အာရပ် ဒုက္ခသည် များအား “ရဟမ်း”လူမျိုးဟု ခေါ်လေသည်။ “ရဟမ်း”မှသည် ကာလရွေ့လျောသော် ရိုဟန်း၊ ရိုဟန်ဂျာ၊ ရဟင်ဂျား၊ ရိုဝန်ဂျာ၊ ရိုဟင်ဂျာ စသည်ဖြင့် အဆင့်ဆင့် ပြောင်းလာရသည်ဟု ဆိုလေသည်။

ဘုရင်က ချီးမြှောက်

ထို “ရဟမ်း” အမည်ခံ အာရပ်ဒုက္ခသည်များအား ရဲစွမ်းသတ္တိရှိကြသူများဖြစ်၍ ရခိုင်ဘုရင်က ချီးမြှင့်မြှောက်စားကာ စစ်ဘက်နှင့် အုပ်ချုပ်ရေးဘက်တို့တွင် အရာထမ်းအမှုထမ်းများအဖြစ် ခန့်ထားသည်။ သို့ဖြင့် ရခိုင်ပြည်မြောက်ပိုင်း   လေမျိုးမြစ်၊ ကုလားတန်မြစ်၊   မေယုမြစ်၊ နတ်မြစ် စသော မြစ်ရိုးများတလျှောက်တွင် ရိုဟင်ဂျာအမျိုးသားရွာစု များ ပေါ်ပေါက်ခဲ့ပြီး ရခိုင်ပြည်တောင်ပိုင်း တွင်လည်း သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော် စသော ဒေသများတွင် ရိုဟင်ဂျာရွာများ ပေါ်လာရသည်ဟု ဆိုလေသည်။

မူကွဲတရပ်

“ဟောဒီမှာရှိတဲ့ ရိုဟင်ဂျာ ယဉ်ကျေးမှုလက်ရာများဆိုတဲ့ သုတေသနဆောင်းပါးမှာ ပြဆိုတာကတော့ ရိုဟင်ဂျာတို့ရဲ့ မျိုးရိုးဆင်း သက်လာပုံ မူကွဲတရပ်ပေါ့ ခင်ဗျာ” အတွင်းရေးမှူး ကိုအောင်သာကျော်က ရန်ကုန်မြို့ ရိုဟင်ဂျာ အလုပ်သမားအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဘူးသီးတောင်မှ အမ်အေတာဟိရ်ဘာဘာဆိုသူ ရေးသားပြုစုထားသည့် ရိုဟင်ဂျာ ယဉ်ကျေးမှုသုတေသန စာတမ်းကို   ထောက်၍ ပြောပြသည်။

စစ်သည်နွယ်များ

ထို သုတေသနစာတမ်းအရမူ ခရစ်သက္ကရာဇ် ၇ နှင့် ၈ – ရာစုခေတ်များတွင် ရခိုင်ပြည်သို့ ရောက်ရှိလာကြသော အာရပ်လူမျိုး များ၊ သက္ကရာဇ် ၁၄ဝ၆ ခုနှစ်တွင် ရခိုင်ပြည်သို့ အင်းဝဘုရင်မင်းခေါင်၏သား မင်းရဲကျော်စွာ လာရောက် တိုက်ခိုက်ခြင်းကို ခုခံရန် ဘင်္ဂလားအစိုးရထံမှ ရခိုင်ဘုရင် နရမိတ်လှက အကူအညီ တောင်းခံရာတွင်   ရောက်လာသော ဂေါ်ရီပထန် စစ်သည် ၂ – သောင်း စသည်တို့ အခြေစိုက်နေထိုင်ရာမှ စုပေါင်းကာ ပေါ်ပေါက် လာရသော လူမျိုးဖြစ်သည်ဟုဆိုသည်။

အစ္စလမ်နှင့်အရဗီ

“ကျွန်တော်တို့ ရိုဟင်ဂျာတွေဟာ အဲဒီလို အာရပ်အနွယ်တွေဖြစ်တဲ့အတွက် စာပေရော စကားပြောတဲ့အခါမှာရော ဘူးသီးတောင်၊   မောင်းတောခရိုင်မှာဆိုရင် အများအားဖြင့် အာရဗီ ဘာသာစကားကို သုံးစွဲတာများပါတယ်။ အူရဒူဘာသာစကား ကတော့ ရေးတတ်ပြောတတ်ဖတ်တတ်သူတွေ ရှိပေမယ့် ရိုဟင်ဂျာအမျိုးသားများရဲ့ အဓိကစာပေ ကတော့ အာရဗီပါဘဲ” ကိုဘစောဖြူက ရှင်းပြလိုက်ခြင်းဖြစ်ပေသည်။

ယဉ်ကျေးမှု ထိန်းသိမ်းကြသည်

ကိုအောင်သာကျော်က ရိုဟင်ဂျာတွေ အစ္စလမ်ဘာသာကို သက်ဝင်ယုံကြည်ပြီး မော်လဝီဆရာကြီးများရဲ့ အဆုံးအမ   အောက်မှာ ရိုးရာယဉ်ကျေးမှု မပျက်ယွင်းအောင် နေထိုင်ကြရပါတယ်။ မိန်းကလေးများဆိုရင် အသက် ၁၂ – နှစ် ကျော်တာနဲ့ တပြိုင်နက် လူစိမ်းမြင်အောင် အိမ်ပြင်မထွက်တော့ဘဲ မျက်နှာမှာပုဝါဖုံးပြီး အိမ်တွင်းပုန်းကြရပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာ လူငယ်များ အနေနဲ့ ခေတ်ကြီးနဲ့အမှီ ရင်ဘောင်တန်းပြီး လိုက်လိုကြတော့ ကာ မော်လဝီ ဆရာကြီးများကို ချဉ်းကပ်ပြီး အမျိုးသမီးလေးများ ခေတ်ပညာ သင်ကြားနိုင်ရေးကိုလဲ ကြိုးစားကြည့်ကြပါ ဦးမယ်။   မော်လဝီ ဆရာကြီးများကလဲ လူငယ်တွေအလိုကို အတော်ဘဲ လိုက်လျောကြပါတယ်။ အခုဆိုရင် ကျွန်တော်တို့   မေယုနယ် မှာ ဗမာစာတတ်ကြသူတွေ တော်တော်များနေကြပါပြီ။

ခေတ်ကို မှီစေရမည်

ကိုအောင်သာကျော်၏ ပြောစကား မှန်ပေသည်။ မေယုခရိုင် နယ်သားတို့သည် သူတို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သမျှ   ခေတ်ကိုအမှီလိုက်ရန် ကြိုးစားနေကြပေသည်။ ထို့ကြောင့်ပင် ထာဝစဉ် အိမ်တွင်းပုန်းလေ့ ရှိသော   မေယုခရိုင်၏ သမီးပျိုကလေးများထဲမှ မိန်းကလေး(၆)ဦးတို့သည် ပန်းစည်းများကို ကိုင်ဆောင်ကာ   မောင်းတောမြို့ တွင် မူဂျာဟစ်လက်နက်ချပွဲ ကျင်းပစဉ်က ကြွရောက်လာ သည့် ဒု-ကာကွယ်ရေး သီးစီးချုပ် (ကြည်း) အား ကြိုဆို ခဲ့ကြရှာပေသည်။

“ဟောဒီခေတ်ရေးစာစောင်မှာ ဓာတ်ပုံနဲ့ ဖော်ပြထားတဲ့အချက်ဟာ မှန်ပါတယ်ဗျာ။ အိမ်တွင်းပုန်းလေ့ရှိကြတဲ့ မိန်းကလေးများ ဟာ မေယု ခရိုင်မှာ အေးချမ်းသာယာလာပြီဆိုတဲ့ သတင်းကြောင့် ဝမ်းမြောက်ဝမ်းသာ ရှိပြီး ကျေးဇူးတင်ကြလွန်းတဲ့အတွက် လူမြင်လူထင်ခံပြီး ထွက်ကြိုကြတာပါဘဲ” ကိုဘထွန်းက မေယုအထိမ်း အမှတ်အထူးထုတ်   ခေတ်ရေးစာစောင်ကို   ထောက်ပြ ၍ ပြောလိုက်လေသည်။

ကြိုးစားကြရမည်

ယခုမူ မေယုခရိုင်တွင် ဖွံ့ဖြိုးတိုးတက်ရေးမှန်သမျှ လုပ်ငန်းများကို လူထုကိုယ်တိုင်က နှစ်ခြိုက်ကာ ဝိုင်းဝန်းကူညီလျက် ရှိကြပေပြီ။ စင်စစ်သော်   မောယုနယ်ခြားခရိုင်၏ စီးပွားရေး အခြေအနေမျိုးနှင့်ဆိုလျှင် ကြိုးစားကြမှလည်းဖြစ်ပေ မည်။ မေယုနယ်ခြားခရိုင်သည် မိုးများ၍ တောင်ကုန်းမြေမြင့်များသဖြင့် စိုကပျိုးရေးခက်ခဲသည့် ဒေသဖြစ်သည်။ ထို့အပြင် နယ်မြေနှင့် လူဦးရေမမျှအောင်ပင် ကျဉ်းမြောင်း ကျပ်တည်းသဖြင့် လက်ရှိလယ်ယာလုပ်ငန်း၊ တံငါငါးဖမ်းလုပ်ငန်းများဖြင့် နယ်လူထုမှာ မည်သို့မျှ စီးပွားရေးအားဖြင့် ဖွံ့ဖြိုးတိုးတက် ချောင်လည်မည် မဟုတ်ပေ။

ထိုအခက်အခဲအားလုံးတို့ မေယုခရိုင် နယ်ခြားဒေသအုပ်ချုပ်ရေးဌာနက အရေးတယူ စဉ်းစားဆုံးဖြတ်ကာ နယ်လူထု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအားလုံးတို့ကို ယခု လက်တွေ့ စတင်ဖော်ထုတ်လုပ်ဆောင်ပေးနေပြီဖြစ်နေသည်။

ဗလီဆောက်ဘို့လှူငွေ

“ယခုနှစ်မေလကဘဲ ဝန်ကြီးချုပ်က ကတိပြုသွားခဲ့တဲ့အတိုင်း ရိုဟင်ဂျာအမျိုးသားတို့အတွက် ဗလီဆောက်ဘို့ မ,တည်ငွေ   အဖြစ်   ငွေတသောင်း ပို့လှူလိုက်ပါပြီ။ ဒီငွေကို အခြေပြုပြီး အခြားပုဂ္ဂိုလ်တွေဆီက အလှူငွေများနဲ့ စုပေါင်းပြီး   အမှတ်တရ ဖြစ်စေနိုင်မယ့် ဗလီကြီးဖြစ် လာဦးမှာပေါ့ဗျာ”

“ကြားရတာ ဝမ်းသာပါတယ်ဗျာ၊ ရှေးမင်းဆက်များ လက်ထက်ကထဲက မြန်မာပြည်မှာ အခြေစိုက်ခဲ့ပြီး သားစဉ်မြေး ဆက်   ပြည်ထောင် စုသား တိုင်းရင်းသားများ ဖြစ်လာခဲ့ကြတဲ့ ရိုဟင်ဂျာအမျိုးသားများ အကြောင်းကို ယခုလို စုံစုံလင်လင် သိရတာကိုဘဲ အတော် ဝမ်းမြောက်စရာဖြစ်ပါတယ်”

ပျောက်သောသူ တွေ့လေပြီ

ကိုအောင်သာကျော်တို့ လေးဦးလုံးက – “ဟုတ်ကဲ့ခင်ဗျာ။ ရိုဟင်ဂျာအမျိုးသားထုကိုယ်စား ခေတ်ရေးကို ကျွန်တော်တို့ က ကျေးဇူးတင် ရပါမယ်။ ရိုဟင်ဂျာအမျိုးသားများရဲ့ ရိုးရာသမိုင်းကို ဖော်ထုတ်ပြခြင်းဟာ ပြည်ထောင်စုထဲက တိုင်းရင်းသား လူမျိုးစုတရပ်ကို အသိ အမှတ်ပြု လိုက်ခြင်း မည်ပါတယ် … နောင်ကိုလဲ အလျင်းသင့်ရင် ရိုဟင်ဂျာ အမျိုးသားများရဲ့ ယဉ်ကျေးမှုများနဲ့ မေယု ခရိုင်နယ်ခြားဒေသ အုပ်ချုပ်ရေးဌာနရဲ့ လုပ်ဆောင်ချက်များကို ရိုဟင်ဂျာ ကျောင်းသားလူငယ်များအသင်းက ဘယ်လိုထင်မြင်   ထောက်ခံကြတယ်ဆို တာ ပြောပြပါအုံးမယ်”

ဤတွင် ရှေ့မှ ပျောက်သောသူကို ပြန်တွေ့ခြင်းဖြစ်သည့် ရိုဟင်ဂျာလူမျိုးစုတို့၏ မျိုးရိုးစဉ်ဆက် ဆွေးနွေးချက်တင်ပြခြင်း ပြီးဆုံးပြီ   ဖြစ်ပေတော့  သည်။

(တပ်မတော်ခေတ်ရေးစာစောင်၊ အတွဲ ၁၂၊ အမှတ် ၉၊ ၈-၈-၁၉၆၁၊ စာမျက်နှာ ၁၆ မှ ၁၉)

Full article and photo credit to Ko Zaw Tun

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: