Leave a comment

မြန်​မာမွတ်​စလင်​ ဦး​ဖေခင်​ရဲ့ ကြိုးစားမှု​ကြောင့်​ ​အောင်​မြင်​ ခဲ့​သော ပင်​လုံညီလာခံ

image

သမိုင်းဝင် ပင်လုံစာချုပ်ကြိးကို ပြည်မ-တောင်တန်း ပူးပေါင်းရေးအတွက် ဦးဖေခင် (အီစ္စလာမ်ဘာသာဝင်၊ မြန်မာမွတ်ဆလင်)ရဲ့စွမ်းစတမံဆောင်ရွက်ပေးမှုကြောင့် (၁၂၊၂၊၁၉၄၇)ရက်မှာပဲ အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့တယ်။

သမိုင်းဝင် ပင်လုံ စာချုပ်ကြီးကို ပြည်မ-တောင်တန်း ပူးပေါင်းရေးအတွက် (၁၂၊၂၊၁၉၄၇)ရက်မှာပဲ အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အဲဒီလို ပင်လုံ စိတ်ဓာတ်နဲ့ တိုင်းရင်းသားအားလုံး ချစ်ကြည် ရင်းနှီးစွာ ပြည်မ-တောင်တန်း ပူးပေါင်းပြီး လွတ်လပ်ရေး အရယူဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဖဆပလ အဖွဲ့ချုပ်ကြီးက မားမားမတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ အဖွဲ့ချုပ်ကြီးရဲ့ လုပ်ငန်းတာဝန် အချို့ကို နောက်တန်းကနေ အပင်ပန်း အဆင်းရဲခံပြီး ဆောင်ရွက်ခဲ့သူ တစ်ဦးက ဦးဖေခင်(နောင်-သံအမတ်ကြီး) ဖြစ်ပါတယ်။ ဦးဖေခင်ရဲ့ စွမ်းဆောင်ရည်တွေကို လေ့လာကြရအောင်။

(၂၇၊၈၊၁၉၁၂) ရက် ဖွားမြင်ခဲ့တဲ့ ပျော်ဘွယ်မြို့နယ် ဇာတိ ကိုဖေခင်ဟာ ဖခင်ဖြစ်သူက ကန်ထရိုက်တာ တစ်ဦးဖြစ်ပြီး အစ်ကိုကြီးဖြစ်သူ ရှေ့နေ ဦးဘသန်းရှိရာ တောင်ကြီးမြို့ကို ပြောင်းရွှေ့ နေထိုင်ပါတယ်။ တောင်ကြီးမြို့မှာ ABM ကျောင်း တက်စဉ် ကိုသန်းထွန်း (နောင်-ဗကပ)၊ ကိုဝင်း (နောင်-တက္ကသိုလ် လက်ရွေးစဉ်/ဘောလုံး)တို့နဲ့ ခင်မင်ခဲ့တယ်။ မန္တလေးမြို့ ကယ်လီကျောင်းက (၁၀)တန်း အောင်ပြီး ရန်ကုန် တက္ကသိုလ်ကို ရောက်လာခဲ့ပါတယ်။ ပဲခူးဆောင်မှာ နေထိုင်ရတော့ ကိုအောင်ဆန်း(နောင်-ဗိုလ်ချုပ်) နဲ့ မိတ်ဆွေ ဖြစ်ခဲ့တယ်။ ကိုနု၊ ကိုသန်းထွန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေတို့နဲ့ ရင်းနှီးခဲ့တယ်။ B.A  ၀ိဇ္ဇာဘွဲ့ရပြီး B.L  ဥပဒေသင်တန်းကို တက်ရောက်ခဲ့တယ်။

နိုင်ငံရေး နယ်ထဲ ရောက်လာပုံက

ကိုဖေခင်ကို နိုင်ငံရေးနယ်ထဲ တွန်းပို့လိုက်တဲ့ ပထမဆုံး အကြောင်းအချက်က အင်္ဂလိပ်တို့ရဲ့ စစ်ပြီးခေတ် တောင်တန်းဒေသ စီမံကိန်းဖြစ်တယ်။ (မစ္စတာ စတီဗင်ဆင် ဦးဆောင် ရေးဆွဲခဲ့တယ်လို့ အဆိုရှိတယ်)။ အဲဒီမှာ မြန်မာပြည်မကို မလွှဲသာလို့ လွတ်လပ်ရေး ပေးရရင် ရှမ်း၊ ကချင်၊ ချင်း စတဲ့ တောင်တန်းဒေသကို ချွင်းချန်ထားဖို့ ဖြစ်တယ်။ နောက်ထပ် နှစ်(၃၀) ကြာမှ Dominion Status (ဒိုမီနီယံအဆင့်) တစ်ဝက်တစ်ပျက် လွတ်လပ်ရေး ပေးဖို့ စီမံကိန်း ဖြစ်တယ်။ ဆင်းမလားမြို့မှာ ရေးဆွဲခဲ့တဲ့ အဲဒီ စီမကိန်းမှာ (၁) ပြည်မ အစိုးရ၊ (၂) တောင်တန်းဒေသ အစိုးရဆိုပြီး (၂)ဖွဲ့ ဖြစ်မယ်။ အဲဒါက နောက်ပိုင်းမှာ ဗိုလ်ချုပ်တို့လည်း လန်ဒန် အစည်းအဝေးမှာ ကန့်ကွက်ခဲ့တယ်။ အဲဒီ လျှို့ဝှက် စီမံကိန်းကို မျိုးချစ်စိတ်ရှိတဲ့ တောင်တန်းဒေသ ရုံးစာရေးကြီး ဦးညီပုနဲ့ မြန်မာ့အလင်း သတင်းထောက် ကိုစံအောင်တို့က ဦးဖေခင်ကို လျှို့ဝှက်ပြီး သတင်းပေးခဲ့တယ်။ ဦးဖေခင်လည်း တောင်ကြီးမှာ ဦးတင်ဧ၊ ဦးထွန်းမြင့် (လင်းခေး) စတဲ့ တိုးတက်တဲ့ ရှမ်းလူငယ်တွေကို အသိပေး တိုင်ပင်ခဲ့တယ်။

ရှမ်းလူငယ်တွေ (နောင်အခါ- ရှမ်းပြည လွတ်လပ်ရေး အဖွဲ့ချုပ်-ရပလ) ကလည်း ဦးဖေခင်အား အဲဒီ လျှို့ဝှက်စီမံကိန်းကို ဖဆပလ အဖွဲ့ချုပ် လူကြီးတွေကို တင်ပြ အသိပေးဖို့ ရန်ကုန်ကို လွှတ်လိုက်တယ်။ အဖွဲ့ချုပ်က လူကြီးတွေလည်း ပြည်မ-တောင်တန်းဒေသ ကူးလူး ဆက်သွယ်ဖို့ ဦးဖေခင်ကိုပဲ အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့မှာ တောင်တန်း ဒေသဆိုင်ရာ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခဲ့တယ်။ (၁၇၊၁၊၄၆) ရက် ဖဆပလ အဖွဲ့ချုပ် ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံ (အလယ်ပစ္စယံ ညီလာခံ)မှာ ဦးဖေခင်က “နယ်ခြားဒေသများအား ပြည်မနဲ့ပူးပေါင်းရေး” အဆိုကို တင်နိုင်ခဲ့တယ်။ မန္တလေး- သခင်ဗသိန်း၊ မြစ်ကြီးနား- သခင်ကိုလေးနဲ့ ဗန်းမော်က ကိုထွန်းလှတို့က ထောက်ခံခဲ့တယ်။ Frontiet Crossong Act နယ်ခြား ဖြတ်ကျော်မှု တားဆီးရေး အက်ဥပဒေအရ ပေါ်ပေါ်ထင်ထင် မလာနိုင်လို့ လျှို့ဝှက်စွာ တက်ရောက်ကြတဲ့ ဦးတင်ဧ၊ ဦးထွန်းမြင့်စတဲ့ ရှမ်းလူငယ်(၉)ဦးဟာ ဦးဖေခင်ရဲ့ ညီလာခံ အဆိုပြုချက်ကို စာဖြင့် ရေးသား ထောက်ခံခဲ့တာကို သခင်ဝတင်က ဖတ်ကြားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့တယ်။ အဲဒီက အစပြုလို့ ဦးဖေခင်ဟာ နိုင်ငံရေး နယ်ထဲကို ဝင်ရောက်ခဲ့ပြီပေါ့။

ဗိုလ်ချုပ်နဲ့ သွားအတူ/လာအတူ

ဘုရင်ခံ ဆားဟူးဘတ်ရန့်(စ်) အစိုးရ အဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ လုပ်ပိုင်ခွင့် အာဏာတွေ တိုးတက် ရရှိလာသောအခါ အရေးကြီးဆုံး လုပ်ဆောင်ခဲ့တာက တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးကို တည်ဆောက်ခဲ့တာပဲ။ မြန်မာနိုင်ငံ၏ သမ္မတကြီး စဝ်ရွှေသိုက် ပြီးတော့ လွတ်လပ်ရေး အရ ယူမယ်ပေါ့။ ဗိုလ်ချုပ်ရဲ့ ပြည်နယ်ဒေသ အသီးသီးကို သွားရောက်ခဲ့တဲ့ ခရီးစဉ်တိုင်း လိုလိုမှာ ဦးဖေခင် လိုက်ပါခဲ့ရတယ်။ နယ်ရှင် စော်ဘွားကြီးတွေ ရှမ်း လူငယ်တွေနဲ့ ဆွေးနွေးဖို့ ဗိုလ်ချုပ်က ဦးဖေခင်ကို သီးခြား စေလွှတ်လို့ သွားရတဲ့ ခရီးစဉ်တွေ ရှိတယ်။ ဗိုလ်ချုပ်နဲ့အတူ ကိုယ်ရေး အတွင်းဝန် ဗိုလ်ထွန်းလှ၊ လုံခြုံရေး အရာရှိ ဗိုလ်မင်းလွင်၊ ဓာတ်ပုံ သတင်းထောက် ဆရာပု (ဦးပုကလေး)နဲ့ ဒရိုင်ဘာ ကိုကျော်စိန်တို့နဲ့ ပြည်နယ် ခရီးစဉ်တွေ သွားတဲ့အခါ ဗိုလ်ချုပ်စီးတဲ့ ဝက်စလေ မော်တော်ကားကို ဦးဖေခင်က ကျွမ်းကျင်စွာ မောင်းနှင်ပေးတတ်လို့ ခရီးတွင်ခဲ့တာလည်း ရှိတယ်။ ဗိုလ်ချုပ်စားချင်တဲ့ ပလာတာနဲ့ ဆိတ်သားခပတ် ဟင်းတွေကိုလည်း ဦးဖေခင်က စီစဉ်ပေးခဲ့တယ်။

ဦးဖေခင်ဟာ ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ယုံကြည် ကိုးစားတဲ့ လူရင်းဖြစ်တာကြောင့် နယ်ရှင် စော်ဘွားကြီးတွေက ယုံကြည် ကိုးစားကြသလို ရှမ်းလူငယ်(ရပလ) တွေကလည်း အားကိုးတကြီး အရေးတယူ ရှိခဲ့တာကို တွေ့ခဲ့ရတယ်။ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၊ မြောက် သိန္ဒီစော်ဘွားကြီး စဝ်ဟုန်ဖတို့ကလည်း စော်ဘွားများ အစည်းအဝေးရှိရင် ဦးဖေခင်ကို တက်ရောက်ဖို့ ချိန်းဆိုလေ့ ရှိတယ်။ တောင်တန်းဝန် စတီဗင်ဆင်ရဲ့ သွေးခွဲမှုတွေကိုလည်း ကနဦး သိမြင်ခဲ့ရလို့ ဗိုလ်ချူပ်ကို အစောဆုံး သတင်းပို့ခဲ့သူ ဖြစ်တယ်။

လန်ဒန်အစည်းအဝေး မပျက်အောင်

ဗိုလ်ချုပ်တို့ ဗြိတိသျှ နန်းရင်းဝန် (ဝန်ကြီးချုပ်) မစ္စတာ အက်တလီ ဖိတ်ကြားလို့ (၂၊၁၊၁၉၄၇)မှ (၂၊၂၊၁၉၄၇) အထိ သွားရောက်ခဲ့တဲ့ လန်ဒန် အစည်းအဝေးမှာ မျက်နှာပျက်စရာ ဖြစ်ခဲ့ရသေးတယ်။ တောင်တန်းဝန် စတီဗင်ဆင် သွေးခွဲခဲ့တယ်။ စော်ဘွားတွေ သီပေါမြို့အစည်းအဝေး ဆုံးဖြတ်ချက်အရ စော်ဘွား(၂)ဦးက လားရှိုးမြို့ကနေ ရန်ကုန်မြို့ ဘုရင်ခံထံ ကြေးနန်းရိုက်တယ်။ အောင်ဆန်းဟာ ရှမ်းပြည်ရဲ့ ကိုယ်စားလှယ် မဟုတ်ဘူးဆိုတာ၊ ဘုရင်ခံက ရန်ကုန်က လန်ဒန်ကို အဲဒီ ကြေးနန်းစာကို (၂၊၁၊၄၇)ရက်မှာပဲ ပို့လိုက်တယ်။ လန်ဒန် အစည်းအဝေးမှာ ဝှက်ဖဲ တစ်ချပ်အနေနဲ့ ကိုင်ထားတဲ့ ကြေးနန်းကို ဗိုလ်ချုပ်တို့ကို သင့်တော်တဲ့ အချိန်ကျမှ အင်္ဂလိပ် အစိုးရက ထုတ်ပြတာ။ အဲဒီ ကြေးနန်း ထုတ်ပြပြီးတာနဲ့ အစည်းအဝေး ပျက်တော့မလို ဖြစ်တယ်။ (၂)ရက် အကြာမှာ တောင်ကြီးကနေ ဦးဖေခင်က လန်ဒန်မြို့အထိ ကြေးနန်း ပြန်ရိုက်တယ်။ ကြေးနန်းစာကို ဦးဖေခင်က ကိုယ်တိုင် စီကုံးခဲ့တယ်လို့ အဆိုရှိတယ်။ ရှမ်းလူငယ်တွေရဲ့ အကြံဉာဏ်ပေးမှု တစ်စိတ်တစ်ပိုင်းလည်း ပါနိုင်တယ်။ သံကြိုးစာက – “အောင်ဆန်းဟာ ရှမ်းပြည်နယ် အပါအဝင် တောင်တန်းဒေသ အားလုံးကို ကိုယ်စားပြုသော ခေါင်းဆောင် ဖြစ်ကြောင်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားများအတွက် အရေးဆိုရန် အကြွင်းမဲ့ ထောက်ခံကြောင်း တောင်ကြီးမြို့မှာ ကျင်းပသည့် လူထု အစည်းအဝေးပွဲကြီးက ထောက်ခံ ဆုံးဖြတ်ကြောင်း” လို့ တိကျစွာ ဖော်ပြခဲ့တယ်။ မူရင်း အင်္ဂလိပ်ဘာသာမှ ဆရာ တက္ကသိုလ် နေဝင်းက ဘာသာပြန်ပြီး သူရေးတဲ့ စာတစ်အုပ်မှာ ဒီအတိုင်း ဖော်ပြခဲ့တယ်။ တစ်ချက်ခုတ် (၃)ချက်ပြတ်တဲ့ ကြေးနန်းစာပါပဲ။ အကြံပေးသူ ရှမ်းလူငယ်များ၊ စီကုံးရေးခဲ့သူ ဦးဖေခင်နှင့် ကြေးနန်းစာကို သိမ်းဆည်း မှတ်တမ်းတင်ခဲ့သူ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း)ကို ချီးမွမ်းကြရမယ်။

ပင်လုံ အစည်းအဝေး မပျက်ရအောင်

(၃၊၂၊၄၇) နေ့မှ (၁၂၊၂၊၄၇)နေ့ အထိ ကျင်းပတဲ့ ပင်လုံ အစည်းအဝေးကြီးဟာ (၁၀၊၂၊၄၇)ရက်မှာ အချင်းချင်း အပေးအယူ မမျှလို့ အစည်းအဝေး ပျက်တော့မလို ဖြစ်နေတယ်။ ဗိုလ်ချုပ်တို့ ရန်ကုန်ပြန်ရအောင် စိတ်ဆင်းရဲစရာတွေ ကြုံခဲ့ရတယ်။ ဦးဖေခင်ပဲ သူ့ရဲ့အစွမ်းအစကို အစွမ်းကုန် ထုတ်သုံးခဲ့ရတယ်။ ပွဲဈေးတန်း သွားပြီး ဗိုလ်ချုပ်တို့ ရန်ကုန် ပြန်ကြတော့မယ်လို့ သတင်း လွှင့်တယ်။ ရ.ပ.လ ဦးဆောင်တဲ့ ရှမ်းလူထုကြီးက ညီလာခံကြီးကို ထောက်ခံကြောင်း ဝိုင်းဝန်း ဆန္ဒပြကြတယ်။ စော်ဘွားတွေဟာ (၁)လူထုမပါဘဲ အုပ်ချုပ်လို့ မရဘူး၊ (၂) အင်္ဂလိပ်ရဲ့ ဒိုမီနီယံ လုံခြုံရေး ထီးရိပ်ထက် ပြည်မနဲ့ ပူးပေါင်း လွတ်လပ်ရေး ယူတာက စော်ဘွားအကျိုး/ လူထုအကျိုး တကယ်ရှိ မရှိဆိုတာ သဘော ပေါက်လာကြတယ်။ ကချင်၊ ချင်းစတဲ့ တိုင်းရင်းသား အားလုံး ပင်လုံစိတ်ဓာတ်ကို နှလုံးမူလို့ ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်။ ဦးဖေခင်ဟာ ပင်လုံမှာ အထူးပင်ပန်းစွာနဲ့ အားလုံး အဆင်ပြေအောင် အောက်ခြေမှ အစပြုပြီး စည်းရုံးပေးခဲ့ရတယ်။ ညီလာခံ တက်ရောက်ခဲ့တယ် ဖဆပလ ဝန်ကြီးတွေ၊ ရှမ်းလူငယ်တွေလည်း အထူး ကြိုးစားခဲ့တယ်။

နိုင်ငံရေးတာဝန်များနဲ့ ဦးဖေခင်

ဦးဖေခင်ဟာ ဖဆပလ အဖွဲ့ချုပ် ဗဟို အမှုဆောင် (တောင်တန်းဒေသ အတွင်းရေးမှူး) သာမက ဗိုလ်ချုပ်တို့ ကျဆုံးပြီးနောက် သခင်နုရဲ့ အစိုးရ အဖွဲ့မှာလည်း ဝန်ကြီး တာဝန်တွေ ယူခဲ့ရတယ်။ လွတ်လပ်ရေးခေတ် တစ်လျှောက် (၂၅)နှစ်တိုင် သံအမတ်ကြီး တာဝန်နဲ့ ပါကစ္စတန်၊ ထိုင်း(ယိုးဒယား)၊ ဖိလစ်ပိုင်၊ လော၊ ကမ္ဘောဒီးယား၊ ကုလသမဂ္ဂ၊ အီဂျစ်၊ ဆီးရီးယား၊ ရုရှား၊ ချက်ကိုစလိုဗက်၊ ပိုလန်၊မလေးရှား၊ စင်ကာပူနိုင်ငံတို့မှာ အမှုထမ်းခဲ့တယ်။ နိုင်ငံတော် သမ္မတကြီးက ပေးခဲ့တဲ့ မဟာသရေစည်သူဘွဲ့ ရရှိခဲ့တယ်။ (၁၉၇၂)ခုမှာ အနားယူပြီး ၈၁-R စုပေါင်းလမ်း၊ အင်းယားမြိုင်တွင် ဇနီး ဒေါ်မေမေခင်နဲ့ အေးချမ်းစွာ နေထိုင်ခဲ့တယ်။ နိုင်ငံဂုဏ်ရည် (ပထမအဆင့်)လည်း ရရှိခဲ့တယ်။(၁၉၈၉)ခုနှစ်မှာ မြန်မာ့ ရုပ်မြင်သံကြားမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မြင့်ရဲ့ စီစဉ်မှုအရ ရွှေတိဂုံ ညီလာခံနဲ့ ပင်လုံစာချုပ်မျိုးစေ့ စသော အခန်းဆက် ဟောပြောမှုကို ဦးဖေခင်က ပြုလုပ်ခဲ့တယ်။ ဦးစိုးညွန့် (ဦးဆောင်ညွှန်ကြားရေးမှူး သတင်းနှင့် စာနယ်ဇင်း)ရဲ့မေတ္တာ ရပ်ခံချက်အရ လုပ်သားပြည်သူ့ နေ့စဉ် (မြန်မာ/အင်္ဂလိပ်) သတင်းစာများမှာ အထက်ပါ ခေါင်းစဉ်များနဲ့ အခန်းဆက် ဆောင်းပါးများကို ဆရာကြီး ဦးဖေခင်က ရေးသားခဲ့တယ်။ ဆရာကြီးဟာ လန်ဒန် အစည်းအဝေးကိုတော့ လိုက်ပါခဲ့ခြင်း မရှိပေမယ့် (၁) ရွှေတိဂုံညီလာခံ၊ (၂) လန်ဒန် အစည်းအဝေး၊ (၃) ပင်လုံစာချုပ် ဆိုတဲ့ ခေါင်း စဉ်(၃)ခုက တစ်ဆက်တစ်စပ်တည်း ဖြစ်နေလို့ မြန်မာ့ လွတ်လပ်ရေးသမိုင်းရဲ့ အရေးအပါဆုံး အချက်ကြီးများမှာ ဦးဖေခင်ဟာ ထဲထဲဝင်ဝင် ဖြစ်ခဲ့ရတာကို သတိပြုမိပါတယ်။

မှတ်ချက် –  (ဒိုမီနီယံ လွတ်လပ်ရေးဆိုတာ အင်္ဂလိပ် ဘုရင်မကြီးကို နိုင်ငံ အကြီးအကဲအဖြစ် အသိအမှတ် ပြုရမယ်။ ကာကွယ်ရေးမှာ အင်္ဂလိပ်က တာဝန်ယူမယ်။ အင်္ဂလိပ်အစိုးရရဲ့ မြန်မာပြည်မှာ ရှိတဲ့ ရင်းနှီး မြှုပ်နှံခဲ့တာကို လျော်ကြေး ပေးစရာမလိုဘဲ လက်ရောက် ရနိုင်မယ်လို့ ဂဠုန်ဦးစောက (၁၉၄၆)ခု ပထမ ပင်လုံ အစည်းအဝေးမှာ ဒိုမီနီယံ လွတ်လပ်ရေးလည်း ကျေးနပ်စရာလို့ နယ်ရှင် စော်ဘွားကြီးတွေကို ဆွယ်တရား ဟောခဲ့ဖူးတယ်။ ဖဆပလ အဖွဲ့ချုပ်ကတော့ အင်္ဂလိပ်နဲ့ ကာကွယ်ရေး ကိစ္စပါ အဆက်ဖြတ်ချင်လို့ လုံးဝ လွတ်လပ်ရေးကိုပဲ တောင်းဆိုခဲ့တယ်။)

မိုးမြင့်ဝင်း (သိပ္ပံနှင့် နည်းပညာ)
စာကိုး
(၁)ကိုယ်တွေ့ပင်လုံ(မဟာသရေစည်သူ-ဦးဖေခင်) နိုင်ငံဂုဏ်ရည်(ပထမအဆင့်)
(၂)တိုင်းရင်းသား လူမျိုးများ အရေးနှင့် (၁၉၄၇) အခြေခံဥပဒေ (ပထမတွဲ)
မိုးမြင့်ဝင်း(သိပ္ပံ/နည်းပညာ)

By Monitor News Journal

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: