Leave a comment

မြစ်​ဆုံကိစ္စ အပါအဝင်​ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည် ခရီးစဉ်

သြဂုတ် ၁၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရထားလမ်း၊ နိုင်ငံတော်၏ အချုပ်အခြာနှင့် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည် ခရီးစဉ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဖြစ် သူ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့ကို တာဝန်ယူပြီးနောက် ၎င်း၏ အာဆီယံပြင်ပ ပထမဆုံး ခရီးစဉ်အဖြစ် သြဂုတ် ၁၇ ရက်တွင် တရုတ်နိုင်ငံ သို့ လေးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ် ကြောင်းနှင့် တရုတ်သမ္မတ ရှီကျင်ပင်း၊ ၀န်ကြီးချုပ် လီခယ်ကျင်းတို့က လက်ခံ တွေ့ဆုံ သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရ၏ အာဘော် သတင်းစာဖြစ်သော Global Times သတင်းစာက ဖော်ပြခဲ့သည်။ အဆိုပါသတင်းတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်၌ အဓိက အခန်းကဏ္ဍတွင် ပါဝင်သော ၂၁ ရာစု ပင်လုံညီလာခံ မကျင်းပမီ သီတင်းနှစ်ပတ်အလိုတွင် တရုတ်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက် မည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ငြိမ်း ချမ်း ရေး လုပ်ငန်းစဉ်ကို ကူညီသွားမည်ဖြစ် ကြောင်း လည်း ဖော်ပြခဲ့သည်။

ထိုအချိန်မှာပင် သြဂုတ် ၁၂ ရက်၌ မြစ်ဆုံစီမံကိန်းများကို  ပြုလုပ်ရန် သင့် မသင့် ကိစ္စနှင့် စပ်လျဉ်း၍ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင် ဖွဲ့စည်းကြောင်း နိုင်ငံတော် သမ္မတရုံး က ထုတ်ပြန်ခဲ့သည်။ ယင်းကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန် မြတ်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါ ကော်မရှင် သည် မြစ်ဆုံစီမံကိန်းများနှင့် စပ်လျဉ်း၍ အမျိုးသား အကျိုးစီးပွား တိုးတက်ရေးကို အခြေခံလျက် နိုင်ငံတော်နှင့် ပြည်ပရင်းနှီးမြှုပ်နှံသူတို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် သင့်လျော်သော နည်းလမ်း များရရှိစေရန် လေ့လာစိစစ်ပြီး သုံးသပ်ချက်၊ အကြံပြု ချက်များနှင့်အတူ အစီရင်ခံ တင်ပြရမည်ဖြစ် ကြောင်း ကော်မရှင်၏ တာဝန်များတွင် ဖော်ပြထားသည်။  ယင်းကော်မရှင်တွင် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့်သူများသည် အငြင်းပွားဖွယ် ကောင်းသူများ ဖြစ်နေကြောင်း တွေ့ရှိရသည်။

Global Times သတင်းစာ၏ဖော်ပြချက်အရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အတွက် ကူညီသွားမည်ဟု သိရပြီး မြစ်ဆုံစီမံကိန်း လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်၏ တာဝန်တွင်  နိုင်ငံတော်နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူတို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် သင့်လျော်သော နည်းလမ်းများ ရရှိစေရန်ဟူသော အချက် ပါရှိသည်ကို တွေ့ရှိရသည်။ အမှန်တကယ်၌ မြစ်ဆုံဆည် စီမံကိန်းသည်လည်း ကောင်း၊ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း သည်လည်းကောင်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အလဲအလှယ် ပြုလုပ်ရမည့် ကိစ္စ မဟုတ် သကဲ့သို့ တရုတ်-မြန်မာ ဆက်ဆံရေး ကောင်းမွန် ရန်အတွက် စတေးရမည့် ကိစ္စလည်း မဟုတ်ပေ။ ငြိမ်းချမ်းရေးကိစ္စသည် ပြည်တွင်းရှိ မိမိတို့ တိုင်းရင်း သားများ အချင်းချင်း ညှိနှိုင်းရမည့်ကိစ္စသာဖြစ်ပြီး တရုတ်နိုင်ငံ၏ အကူအညီဖြင့် ဖြေရှင်းရမည်ဆိုခြင်းကား လက်ခံနိုင်ဖွယ် မရှိပါ။ ငြိမ်းချမ်းရေးကိစ္စသည် မိမိတို့၏ ပြည်တွင်းရေး ကိစ္စဖြစ်ပြီး မြစ်ဆုံကိစ္စသည် တရုတ် နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံသည့်ကိစ္စ ဖြစ်သည်။  မိမိတို့အချင်းချင်း ဖြေရှင်းရမည့်ကိစ္စကို တရုတ်နိုင်ငံ အနေဖြင့် ၀င်ရောက်ဖြေရှင်းခြင်းက လျော်ကန် သင့်မြတ် ခြင်း မရှိပါ။

အမှန်တကယ်၌ ငါးနှစ်သာ သက်တမ်းရှိသည့် အစိုးရ တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်တစ်ခုလုံးကို အဆုံးအဖြတ်ပေးမည့် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် ခွင့်ပြုနိုင်သည့် လုပ်ပိုင်ခွင့်မျိုး မရှိပေ။ မြန်မာနိုင်ငံ၏ အသက်သွေးကြောအပြင် မြန်မာနိုင်ငံ၏ အမှတ် သင်္ကေတ တစ်ရပ်လည်းဖြစ်သော ဧရာဝတီမြစ် ပျက်သုဉ်းရမည့်အရေးနှင့် ရင်ဆိုင်ရနိုင်သည့် မြစ်ဆုံ စီမံကိန်း ပြန်လည်စတင်ရန် ကိစ္စကို မည်သူတစ်ဦး တစ်ယောက်ကမျှ ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ အလားတူပင် တရုတ်တို့ကို ၎င်းတို့၏  One belt, one  road ဟူသော မဟာဗျူဟာမြောက် စီမံကိန်းလမ်းကြောင်း အဖြစ် ပင်လယ်သို့ ထွက်ပေါက်ရသွားစေမည့် ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းကို ခွင့်ပြုခဲ့ လျှင်လည်း မြန်မာနိုင်ငံသည် တရုတ်၏ လက်အောက်ခံ နိုင်ငံအဖြစ်သို့ ရောက်ရှိသွားနိုင်ပြီး နိုင်ငံတော် အချုပ် အခြာ ကိုပါ ထိခိုက်နိုင်သည့် အန္တရာယ်ရှိသည်။ မြစ်ဆုံစီမံကိန်း ပြုလုပ်ရန် ဦးသန်းရွှေလက်ထက်က သဘောတူခဲ့ခြင်းဖြစ်ပြီး ဦးသိန်းစိန် အစိုးရလက်ထက် တွင် ရပ်ဆိုင်းထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယခုအစိုးရ အနေဖြင့် အပြီးတိုင် ရပ်ပစ်လိုက်ရန်သာ တာဝန်ရှိ လာ သည်။ အဆိုပါသမိုင်းတာဝန်ကို မည်သူကမျှ မည်သည့် နည်းနှင့်မျှ  အပေးအယူ လုပ်၍မရပါ။

အကယ်၍ မြစ်ဆုံစီမံကိန်း လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင် အနေဖြင့် မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင် ရန်မသင့်ဟု ဆုံးဖြတ်ခဲ့လျှင် စီမံကိန်းကို အပြီးတိုင် ရပ်ပစ်ရ မည် ဖြစ်သည်။ သို့သော် ကော်မရှင်က ပြန်လည် စတင်သင့်ပါသည်ဟူသော အငြင်းပွားဖွယ် ဆုံးဖြတ် ချက်မျိုးကို ပြုလုပ်လာခဲ့ပါက ပြည်သူတို့က ဆုံးဖြတ် ရမည့် ယင်းကိစ္စအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မဖြစ်မနေ ပြုလုပ်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူများနှင့် အချုပ်အခြာအာဏာနှင့် နိုင်ငံကို ချစ်မြတ်နိုးသူအားလုံး တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကိုလည်းကောင်း မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် ကော်မရှင်၏ လုပ်ဆောင် ချက်များကို လည်းကောင်း မျက်ခြည်မပြတ် စောင့်ကြည့်သွားရန် လိုအပ်သကဲ့သို့ တရုတ်နိုင်ငံ ခရီးစဉ် ၏ ဆွေးနွေးချက်များအားလုံး၊ တရုတ်နှင့် ပတ်သက်သည့် ကိစ္စများနှင့် ဆွေးနွေးချက်များ အားလုံး၊ မြစ်ဆုံစီမံကိန်း အပါအ၀င် တရုတ်နှင့် ဆက်ဆံရေးအားလုံး ပွင့်လင်း မြင်သာ စွာ ချပြဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့တွင် တာဝန်ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Website Link – – – – -> http://news-eleven.com/editorials/23622

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: