Leave a comment

ဗြိတိန်အတွက် အသက်စွန့် ခဲ့သည့် အိန္ဒိယ မွတ်စလင် များ အတွက် အမှတ်တရ ဗိမာန် တည်ဆောက် မည်

image

စက်တင်ဘာ ၂၊ ၂၀၁၆
M-Media

– ပထမကမ္ဘာစစ်တွင် ဗြိတိသျှအင်ပါယာအတွက် စွမ်းစွမ်း တမံ ပါဝင်တိုက်ခိုက်ပေးခဲ့သော်လည်း အမေ့ခံထား ရသည့် အိန္ဒိယမွတ်စလင်စစ်သားများအား ဂုဏ်ပြုသော အနေဖြင့် အောက်မေ့ဖွယ် ဗိမာန်တစ်ခုကို အင်္ဂလန် နိုင်ငံ တွင် ဆောက်လုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

အင်္ဂလိပ်အုပ်ချုပ်မှုလက်အောက်တွင် အိန္ဒိယတိုက်ငယ် (အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့ ပါဝင်သည်) မှ မွတ်စလင် စစ်သား ၄ သိန်းကျော်မှာ ဗြိတိန် စစ်တပ် အတွင်း ပါဝင်အမှုထမ်းကာ တိုက်ခိုက် ပေးခဲ့ကြ သော် လည်း ၎င်း၏ ထို စွန့်လွှတ် စတေးမှုမှာ အသိအမှတ် ပြုခံရခြင်း မရှိဟု ထောက်ပြမှုများ ရှိနေသည်။

“ဒီအကြောင်းအရာကို ခင်ဗျားတို့ ကျောင်းပြဌာန်း စာအုပ် တွေ၊ ရုပ်ရှင်တွေမှာ မြင်ရ တွေ့ရမှာ မဟုတ်ပါဘူး” ဟု ဒေါက်တာ အစ်ရဖန် မာလစ်က ပြောကြားခဲ့သည်။

နော်တင်ဟမ်မြို့ ရှားဝုဒ်ဒေသအနီးတွင် နေထိုင်သည့် ဒေါက်တာမာလစ်မှာ ၎င်း၏ ဘိုးဘေးများ နေထိုင်ရာ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် သုတေသန ပြုလုပ်ခဲ့ပြီးနောက် ၎င်း၏ နှစ်ဖက်အဖိုးအဖွားများမှာ ဗြိတိသျှအင်ပါယာအတွက် စွန့်လွှတ်စတေး တိုက်ပွဲ ၀င်ခဲ့သည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“ကျွန်တော်တို့ ရွာတစ်ရွာတည်းကပဲ အမျိုးသား ၈၆၀ မှာ ၄၆၀ က ဗြိတိသျှအင်ပါယာအတွက် အကူအညီ ပေးခဲ့ ပါတယ်။ သူတို့အားလုံးဟာ ကိုယ့်ထမင်းကိုယ်စားပြီး ပါဝင်ခဲ့ကြတာပါ။ ဒီလိုပါဝင်ရတာကိုလည်း သူတို့ ဂုဏ်ယူ ခဲ့ကြပါတယ်။ အဲဒီလို ပါဝင်ခဲ့တဲ့အတွက်ကြောင့် ရွာထဲမှာ နှစ်ပေါင်းတော်တော်များများ အမျိုးသား ရှားပါးခဲ့ပါတယ်” ဟု ဒေါက်တာက ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ၎င်းမှာ ‘ကမ္ဘာစစ်တွင် ပါဝင်သည့် မွတ်စလင်များ အတွက် အမှတ်တရဗိမာန် ဖြစ်ပေါ်လာရေး ကော်မတီ’ ကို ဖွဲ့စည်းခဲ့ပြီး စစ်အတွင်း မဟာမိတ်တပ်များအတွက် ကူညီပေးခဲ့ကြသည့် မွတ်စလင်စစ်သားများ၏ ‘သစ္စာ စောင့်သိမှုနှင့် စွန့်လွှတ်စတေးမှု’ တို့ကို ဂုဏ်ပြုရေး ဗိမာန်တစ်ခု တည်ဆောက်ရန် စီစဉ်ခဲ့သည်။

Great War Muslim Memorial ဟု အမည် ပေးမည့် အဆိုပါ ဗိမာန်အတွက် ပေါင် ၂၅၀၀၀ ရန်ပုံ ငွေရှာဖွေရန်လည်း စီစဉ်ထားပြီး ဒေါက်တာမာလစ်ကမူ ထိုစီမံကိန်းမှာ အစီအစဉ်ရေးဆွဲသည့် အဆင့်တွင်သာ ရှိနေသေးပြီး၊ ကမ္ဘာစစ်အတွင်း သိမ်းပိုက်ခံထားရသည့် ဥရောပတိုက်အစိတ်အပိုင်းများတွင် ခုခံကာကွယ်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ရင်း အသက်ပေးခဲ့ရသည့် အမျိုးသမီးအေးဂျင့် ၇၅ ဦးအတွက် အမှတ်တရ ဗိမာန် တစ်ခု ပေါ်ထွက်လာရေး ဦးဆောင်လှုပ်ရှားခဲ့သူ တာဇီ ဟူစိန်၏ ထောက်ခံမှုကိုလည်း ရရှိထားသည်ဟု ဆိုသည်။

အဆိုပါဗိမာန်ကို ဘဒ်ဖို့ဒ်ရှိုင်းယားရှိ တမ့်စ်ဖို့ဒ်မြို့တွင် တည်ဆောက်ထားပြီး ၂၀၁၃ ခုနှစ်ဖွင့်ပွဲအခမ်းအနားသို့ ချားလ်စ် မင်းသားကိုယ်တိုင် တက်ရောက်ခဲ့သည်။

“အခုဗိမာန်ကို အစ္စလာမ်အငွေ့အသက်ပါအောင် လုပ်ချင် ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မွတ်စလင် တွေဟာ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်တွေမှာ ဗြိတိန်အတွက် သစ္စာစောင့်သိခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီမှာ ပါဝင်ခဲ့ပြီး၊ အဲဒီတွန်းလှန်မှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်” ဟု မာလစ်က ဆိုသည်။

ထို့ပြင် ထိုကဲ့သို့ အမှတ်တရဗိမာန် တည်ဆောက်ခြင်းမှာ မိမိတို့၏ ဘိုးဘေးများက လွတ်မြောက်ရေး တိုက်ပွဲများ တွင် ပါဝင်ကူညီခဲ့မှုကို လူငယ်များအား သိရှိစေကာ၊ လူ့အဖွဲ့အစည်းအတွင်း အစေးကပ်မှုကို ပိုမိုဖြစ်ပေါ် လာစေမည်ဟု မျှော်လင့်နေသည်။

စစ်ပွဲဆိုင်ရာ သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ပြည်ထဲရေး ၀န်ကြီးဌာန၏ အကြမ်းဖက်ဝါဒဆိုင်ရာ အကြံပေးဟောင်း တစ်ဦးဖြစ်သူ ဂျာဟန် မဟ်မူးဒ်ကလည်း ထိုအစီအစဉ်ကို ကြိုဆိုခဲ့သည်။

“ဒီသမိုင်းကြောင်းတွေကို မွတ်စလင်လူ့အဖွဲ့အစည်းမှာ တော်တော်များများက မသိကြပါဘူး။ ဒါဟာလည်း အစိုးရ ရဲ့ အားနည်းချက်ကြောင့်ပါ”

Great War Muslim Memorial ဗိမာန်မှာ မွတ်စလင် များအကြား လူ့အဖွဲ့အစည်းအတွင်း ပိုမိုပါဝင်လိုမှု စိတ်ဓာတ်ကို ဖြစ်ထွန်းလာစေနိုင်ပြီး ဗြိတိန် နိုင်ငံသား တစ်ဦး ဖြစ်မှုအတွက် ပိုမိုဂုဏ်ယူလာစေမည်ဟု မဟ်မူးဒ်က ယုံကြည်နေသည်။

“လူ့အဖွဲ့အစည်းမှာ ပါဝင်လို့မရပါဘူးကွာဆိုတဲ့ အတွေး ဟာ မွတ်စလင်တွေကို ပိုပြီး အစွန်းရောက်စေပါတယ်။ ဒီအမှတ်တရ ဗိမာန်ဟာ ဒီနေ့ခေတ် ဗြိတိန်မှာ ငါတို့ဟာ လည်း တစ်တပ်တစ်အား ပါဝင်နေတယ်လို့ မွတ်စလင် တွေကို ခံစားလာစေနိုင်ပါတယ်”

Ref: independent

ဗြိတိန်အတွက် အသက်စွန့်ခဲ့သည့် အိန္ဒိယမွတ်စလင်များအတွက် အမှတ်တရဗိမာန် တည်ဆောက်မည်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: