4.11.2016
ဂျပန်နိုင်ငံသို့ (၅) ရက်ကြာ တရားဝင် အလည်အပတ်ခရီး ရောက် ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေးအပ် လိုက်သည့် ယန်းဘီလီယံ ၈၀၀၀ မှ ယန်းဘီလီယံ ၄၀ ကို လူနည်းစု ရိုဟင်ဂျာမွတ်စလင်များ အတွက် အသုံးပြုမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကို နိုဝင်ဘာလ (၂) ရက်နေ့က ပြောကြားခဲ့ကြောင်း ဂျပန်ဘာသာဖြင့် ရေးသားထားသော Yahoo News တွင် ဖော်ပြထားသည်။
Yahoo News တွင် ဂျပန်ဘာသာဖြင့် ဖော်ပြထားချက်အရ နိုဝင်ဘာလ (၂) ရက်နေ့က ဂျပန်ဝန်ကြီးချုပ် အာဘေးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံခဲ့ပြီး၊ ၀န်ကြီးချုပ်အာဘေးက ဂျပန်နိုင်ငံမှ ၅ နှစ်တာ အတွင်း ပေး အပ်မည့် ယန်းဘီလီယံ ၈၀၀၀ မှ ယန်းဘီလီယံ ၄၀ စီကို ပြည်တွင်းစစ် ဖြစ်ပွားနေသည့် တိုင်းရင်းသား ဒေသများ၊ ဖွံ့ဖြိုးမှု နောက်ကျနေသည့် ဒေသများတွင် သုံးစွဲရန် တိုက်တွန်းခဲ့သည်။ ယင်းငွေများကို စိုက်ပျိုးရေး၊ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် စီမံကိန်း (၉) မျိုးတွင် သုံးစွဲရန် သဘောတူခဲ့သည် ဟု ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်က ယင်းငွေများဖြင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်လမ်း ဖန်တီးခြင်းနှင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးများကို အဓိက ဖော်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အတွက်လည်း ပံ့ပိုးပေးလိုကြောင်း ပြောကြားရာ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာမွတ်စလင်များ၏ လူ့အခွင့်အရေး ကိစ္စရပ်များအတွက် ယန်းဘီလီယံ သုံးစွဲမည် ဖြစ်ကြောင်းနှင့် ၎င်းအနေနှင့် ပြဿနာများကို တရားဥပဒေနှင့် အညီ ဖြေရှင်းလိုသည်ဟု ပြောကြားခဲ့ကြောင်း Yahoo News တွင် ဂျပန်ဘာသာဖြင့် ရေးသားထားသည်။