Leave a comment

ဥရောပ သမဂ္ဂကာကွယ်ရေး ဦးစီးချုပ်များ၏ စစ်​ဘက်​ ​ဆွေး​နွေးချက်

image

image

ဓာတ်ပုံ – ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် facebook

ဥရောပသမဂ္ဂကာကွယ်ရေးဦးစီးချုပ်များ၏ စစ်ဘက် ဆိုင်ရာ ကော်မတီ အစည်းအဝေး၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဆွေးနွေးချက်များ

ဧရာဝတီ

ဥရောပသမဂ္ဂကာကွယ်ရေးဦးစီးချုပ်များ၏ စစ်ဘက်ဆိုင်ရာ ကော်မတီ အစည်းအဝေး (European Union Military Committee-EUMC Meeting) တက်ရောက်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “The Military’s Role in a Democratic myanmar”ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ ဆွေးနွေးချက်အပြည့်အစုံမှာ

ဥရောပသမဂ္ဂစစ်ဘက်ရေးရာကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mikhail Kostarakos နှင့်တကွ တက်ရောက်လာကြသော ဥရောပသမဂ္ဂ၊ ကာကွယ်ရေးဦးစီးချုပ်များနှင့် ဂုဏ်သရေရှိဧည့်သည်တော်များခင်ဗျာ-
ဥရောပသမဂ္ဂ၊ စစ်ဘက်ရေးရာကော်မတီ၊ ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးမှာ ကျွန်တော့်ကို ဖိတ်ကြားပြီး အခုလို မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြောကြားခွင့်ရရှိတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

စစ်အေးတိုက်ပွဲပြီးဆုံးပြီးနောက်ပိုင်းမှာ နိုင်ငံတော်အပေါ်ကို သက်ရောက်မှုရှိနေတဲ့ လက်နက်ကိုင်ပဋိပက္ခများ၊ ဒေသတွင်းစစ်ပွဲတွေဟာ တဖြည်းဖြည်း အရှိန်လျော့ကျသွားတာကို တွေ့ရှိရပါတယ်။ အတိတ်ကာလမှာ အဓိကစစ်အုပ်စုကြီးနှစ်ခုဟာ တစ်ဖက်နဲ့တစ်ဖက် ထိပ်တိုက်ရင်ဆိုင်နေကြတဲ့အတွက် လက်နက်ကိုင်ပဋိပက္ခနဲ့ ဒေသတွင်းစစ်ပွဲများ ဖြစ်ပွားပြီး ကမ္ဘာ့လုံခြုံရေး တည်ငြိမ်ရေးအပေါ် ခြိမ်းခြောက်မှုတွေရှိခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ကာလတွေအတွင်းမှာ ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ ဖြစ်ပွားနေခဲ့တဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေဟာ တဖြည်းဖြည်းလျော့ကျလာပြီး နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်နိုင်မှုတွေရှိလာတာကို တွေ့ရှိရပါတယ်။

အာရှ-ပစိဖိတ်ဒေသ၏ လုံခြုံရေးအခြေအနေမှာမူ ယေဘုယျအားဖြင့် တည်ငြိမ်လျက်ရှိသည်ဟု ဆိုနိုင်သော်လည်း Multipolar စနစ်မှာ ပိုမိုမြန်ဆန်စွာ ဖြစ်ပေါ်လာလျက်ရှိပြီး ဒေသတွင်းအင်အားကြီးနိုင်ငံများ အကြားတွင် မဟာဗျူဟာအရ ပြန်လည်ချိန်ညှိမှုများကိုလည်း ပြုလုပ်လာကြတာ တွေ့ရှိရပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးအရ ခြိမ်းခြောက်မှု ( Non- Traditional Security Treats ) တွေ ရှိလာတာကိုလည်း တွေ့ရှိရပါတယ်။ ဒါ့ကြောင့်လည်းပဲ ဒေသတွင်းနိုင်ငံတွေရဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ကဏ္ဍအသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ တပ်မတော်၏ Role ကိုပြောမယ်ဆိုရင် နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့တွဲပြီးပြောမှ ပြည့်စုံပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး အာရှတိုက်တောင်ပိုင်း အိန္ဒိယတိုက်ငယ်နှင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်အကြား ပေါင်းကူးဆက်စပ်လျက်ရှိတဲ့ အရေးပါတဲ့နေရာမှာ တည်ရှိနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးဖြစ်တဲ့ ဒေသတွင်းအင်အားကြီး တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ကြားမှာ နယ်နိမိတ်ရှည်လျားစွာ ထိစပ်တည်ရှိလျက်ရှိပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတော်ရဲ့အကျိုးစီးပွားကို ရှေးရှုပြီး အမျိုးသားစည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေခံကောင်းများကို တည်ဆောက်လျက်ရှိပါတယ်။ ဒါပေမယ့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အမှီသဟဲပြုမှု၊ ပိုမိုနက်ရှိုင်းလာနေတဲ့ မျက်မှောက်ကာလမှာ မြန်မာနိုင်ငံလုံခြုံရေးသည်လည်း နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံများရဲ့ ရိုက်ခတ်မှုကို ကြုံတွေ့လာနိုင်ကြောင်း မျှော်မှန်းထားရှိပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံဟာ ရှေးပဝေသဏီကတည်းက ကိုယ့်ထီးကိုယ့်နန်းနဲ့ တည်ရှိခဲ့တဲ့နိုင်ငံဖြစ်သော်လည်း စည်းလုံးညီညွတ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအားနည်းခဲ့လို့ ၁၈၂၄ ခုနှစ်မှာ နယ်ချဲ့အင်္ဂလိပ်တို့နဲ့ အင်္ဂလိပ်- မြန်မာ ပထမစစ်ဖြစ်တာကနေ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ဒေသနဲ့တောင်ပိုင်း တနင်္သာရီနယ်၊ နောက်မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ ၁၈၈၅ ခုနှစ်အကုန်မှာ မြန်မာနိုင်ငံတစ်ခုလုံး ဗြိတိသျှကိုလိုနီဖြစ်ခဲ့ရပါတယ်။ ယနေ့ မြန်မာနိုင်ငံရဲ့လူဦးရေဟာ ၅၂ သန်းခန့်ရှိပြီး ၈၇%ကျော်ဟာ ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ပါတယ်။

၆%ဟာ ခရစ်ယာန်ဘာသာကိုးကွယ်ပြီး၊ ၄%ကျော်ဟာ အစ္စလာမ်ဘာသာ ကိုးကွယ်ပါတယ်။ ကျန်သူများက အခြားကိုးကွယ်သူများ ဖြစ်ပါတယ်။
အဓိကတိုင်းရင်းသား ၈ မျိုး၊ တိုင်းရင်းသားမျိုးနွယ်ပေါင်း ၁၃၅ မျိုးခန့်ရှိပြီး သူတို့အားလုံးသိမ်းရုံးပြီး မြန်မာလို့ခေါ်ပါတယ်။ လူဦးရေ ၅၂ သန်းရဲ့ ၈၅ %ဟာ ဗမာများဖြစ်ပါတယ်။ ကိုလိုနီအစိုးရရဲ့ အုပ်ချုပ်မှုပုံစံကြောင့် တိုင်းရင်းသားအချင်းချင်း အမြင်လွဲမှုတွေရှိခဲ့ပါတယ်။ ကိုလိုနီကာလ ၁၉၃၀ လွန် အဲဒီအချိန်က အင်္ဂလိပ်ကိုလိုနီဖြစ်နေတဲ့ကာလ အိန္ဒိယနဲ့တွဲခဲ့ခြင်း၊ ပြန်လည်ခွဲထုတ်ခဲ့ခြင်း ရလဒ်ကတော့ အိန္ဒိယမှာရှိတဲ့ ဘင်္ဂလားနယ်က အိန္ဒိယနိုင်ငံသားများ မြန်မာနိုင်ငံတစ်ဝန်း အများအပြား ၀င်ရောက်နေထိုင်ခဲ့သလို အလုပ်သမားအဖြစ် ခေါ်ယူလုပ်ကိုင်ရာကအစ ဘင်္ဂလားနယ်သားများ မြန်မာနိုင်ငံထဲသို့ ကိုလိုနီကာလတွေမှာ ၀င်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်က အိန္ဒိယနဲ့ပါကစ္စတန် မကွဲသေးပါ။

အိန္ဒိယနိုင်ငံလွတ်လပ်ရေးရတဲ့အခါ ဘင်္ဂလားနယ်မှာ အနောက်ဘင်္ဂလားဟာ အိန္ဒိယထဲပါပြီး အရှေ့ဘင်္ဂလားဟာ အရှေ့ပါကစ္စတန်ဖြစ်ခဲ့ပါတယ်။ ယခုတော့ ဘင်္ဂလားဒေ့ရှ်ပါ။ အဲဒီဒေသက ဘင်္ဂလားနယ်သားများဟာ ပထမကျွန်တော်ပြောခဲ့တဲ့ မြန်မာတိုင်းရင်းသားများထဲမှာမပါကြပါဘူး။ မြန်မာနိုင်ငံဟာ သမိုင်းစဉ်တစ်လျှောက် တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာ စုစည်းယှက်နွယ်နေထိုင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

ထို့အတူ တိုင်းရင်းသားလူမျိုးအားလုံးဟာ သမိုင်းစဉ်ဆက် မိမိတို့ယုံကြည်တဲ့ ဘာသာတရားကို လွတ်လပ်စွာကိုးကွယ်ခွင့် ရရှိလျက်ရှိပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ရာစုနှစ်ဝက်ခန့် ဗဟိုဦးစီးချုပ်ကိုင်မှုအုပ်ချုပ်ရေးနဲ့ နေခဲ့ရတဲ့အတွက် ပါတီစုံဒီမိုကရေစီ အတွေ့အကြုံအားနည်းခဲ့ပါတယ်။ အဲဒီကာလများအတွင်း အုပ်ချုပ်သူများနဲ့ ပြည်သူအချို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး သဘောထားအမြင်များကွဲပြားမှုကြောင့် ခံစားရခဲ့မှုများအပေါ် မကျေနပ်ချက်များဟာ ယနေ့ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ ပါတီစုံဒီမိုကရေစီစနစ် တည်ငြိမ်ချောမွေ့ရေးမှာ စိုးရိမ်စရာရှိခဲ့ပါတယ်။
တစ်ဖက်ကလည်း ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး တစ်ဆက်တည်းပါလာတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပါတယ်။ နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ ၀ါဒရေးအရဖြစ်လာတဲ့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်များအကြား ထင်ရှားခဲ့တဲ့ ကွန်မြူနစ်နဲ့ ဒီမိုကရေစီလို့ဆိုတဲ့ အရင်းရှင်စနစ်တို့အကြား ၀ါဒရေးအားပြိုင်မှုဟာ မြန်မာနိုင်ငံမှာလည်း ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဗမာကွန်မြူနစ်လို့ခေါ်ကြတဲ့ ဗကပဟာ ထင်ရှားပါတယ်။ သူတို့ဟာ အစိုးရကို လက်နက်ကိုင်တိုက်ခိုက်ခဲ့တယ်။ တပ်မတော်ဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့၊ ပြည်သူကိုကာကွယ်ဖို့အတွက် တည်ဆဲအစိုးရအုပ်ချုပ်မှုကို ကာကွယ်ပေးရပါတယ်။ ဒါကြောင့် ပြည်သူနဲ့အစိုးရအုပ်ချုပ်မှုကိုထိပါးခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို တပ်မတော်ကတိုက်ခဲ့ရတယ်။ သူတို့ဟာ ဗမာတွေ ဖြစ်ပါတယ်။ ဒီလိုပဲဒီမိုကရေစီဆိုပြီး အခွင့်အရေးတစ်ခုရရှိဖို့ အစိုးရအုပ်ချုပ်မှုကို လက်နက်ကိုင်ဆန့်ကျင်ခဲ့တဲ့ မည်သူမဆို တပ်မတော်က ကာကွယ်ရပါတယ်။

တိုင်းရင်းသားကိုတိုက်တာ မဟုတ်ပါဘူး။ လက်နက်ကိုင် တိုက်ခိုက်သူများကိုသာ ပြန်လည်တိုက်ခိုက်တာပါ။
တစ်ဖက်ကလည်း တပ်မတော်ခေါင်းဆောင်များအပါအ၀င် ခေတ်အဆက်ဆက်မှ အစိုးရခေါင်းဆောင်များဟာ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင်သောင်းကျန်းသူများနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။

သို့သော် သောင်းကျန်းသူများအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုမှတစ်ဆင့် နိုင်ငံရေးအမြတ်ထုတ်နိုင်ရန်အတွက် သဘောထားမမှန်ဘဲ ကြံစည် ဆောင်ရွက်ခဲ့ခြင်းနှင့် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်နိုင်ခြင်း တို့ကြောင့်သာ ငြိမ်းချမ်းရေး ပျက်ပြားခဲ့ရပါတယ်။

ဒါပေမယ့် တပ်မတော်အနေနဲ့ အစိုးရအဆက်ဆက်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ် ၂၃ ဖွဲ့၊ စုစုပေါင်းအဖွဲ့ ၄၀ နဲ့ ယာယီအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းခဲ့ပြီး ငြိမ်းချမ်းရေးရရှိအောင် တည်ဆောက်နိုင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဧပြီလမှစပြီး ယာယီအပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ် ၂၃ တပ်နဲ့ ပြည်သူ့စစ်အဖွဲ့အဖြစ် အသွင်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် အချို့သော တိုင်းရင်းသား အဖွဲ့များဟာ အသွင်ကူးပြောင်းမှုမှာမပါဝင်ခဲ့ဘဲ လက်နက်ကိုင်တိုက်ခိုက်၍ အာဏာရရှိရေးလမ်းကြောင်းပေါ်ကို ပြန်လည်လျှောက်လှမ်းခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းက သမ္မတဦးသိန်းစိန်ဟာ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်မှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပါတယ်။
ယာယီအပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေး ခဲ့တဲ့အတွက် ယခုအခါမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် Nationwide Ceasefire Agreement ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ၂၀၁၅ခုနှစ်၊ အောက်တိုဘာမှာ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် ယခုဆိုရင် တစ်နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ NCA စာချုပ်လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့အစည်းများရဲ့ နေရာဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေမရှိတော့ဘဲ နယ်မြေအေးချမ်းမှု၊ ဒေသခံပြည်သူများ စိတ်ချမ်းသာစွာ သွားလာလုပ်ကိုင်နေထိုင်နိုင်မှု၊ နှစ်ဖက်တပ်ဖွဲ့များအကြား ခိုင်မာတဲ့ယုံကြည်မှု တည်ဆောက်နိုင်တဲ့ အကျိုးရလဒ်များ ခံစားနေရပြီဖြစ်ပါတယ်။

လက်မှတ်ရေးထိုးဖို့ကျန်တဲ့ အဖွဲ့တွေထဲမှာ အင်အားကြီးမားတဲ့ UWSA “၀” အဖွဲ့အစည်းနဲ့ ကေအိုင်အို(ကချင်)အဖွဲ့များလည်း ပါဝင်ပါတယ်။
အဲဒီနှစ်ဖွဲ့ဟာ တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်မှာရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကဲ့သို့ NCA ကို လက်မှတ်ရေးထိုးခြင်းမပြုဘဲ နိုင်ငံရေး ဆွေးနွေးမှုများတွင်ပါဝင်ရန် ကြိုးစားနေခြင်းသည် နိုင်ငံရေးအရ မမျှတမှုကိုဖြစ်စေပါတယ်။ အစိုးရအနေနဲ့ကတော့ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ အဖွဲ့အစည်း တွေအတွက် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်လှစ်ထားပါတယ်။ NCA ကို အခြေခံပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၄ ရက်နေ့အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဆက်လက်ဆွေးနွေးသွားဦးမှာပါ။

ကျွန်တော်တို့ဟာ တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီစနစ်ကို ရွေးမှာလား၊ လက်နက်ကိုင်ပြီး အာဏာ/ အခွင့်အရေးရယူတဲ့စနစ်ကို ရွေးမှာလားဆိုရင် တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီစနစ်ကို ရွေးရမှာပါ။ ဒါ့ကြောင့် ကျွန်တော်တို့လျှောက်လှမ်းနေတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်း တည်ငြိမ်အေးချမ်းရေး၊ ခိုင်မာမှုရှိရေး တပ်မတော်က ပါဝင်ဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်။ ယနေ့အခြေအနေမျိုးရောက်အောင် တပ်မတော်က ပေးဆပ်မှုမျိုးစုံနဲ့ ကြိုးစားခဲ့ရတာပါ။ ဒါ့ကြောင့် ကျွန်တော်တို့လျှောက်လှမ်းနေတဲ့ လမ်းကြောင်း အပျက်မခံနိုင်ပါဘူး။
ကျွန်တော်တို့ လွတ်လပ်ရေးရတာ နှစ်ပေါင်း ၇၀ နီးပါးရှိပါပြီ။ ဘာ့ကြောင့် အလုံးစုံတိုးတက်မှုမရှိရတာပါလဲ။

၁။ နိုင်ငံရေးစနစ် မတည်ငြိမ်ခြင်း။
၂။ လက်နက်ကိုင် ပဋိပက္ခများရှိနေဆဲဖြစ်ခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။

နိုင်ငံရေးစနစ်တည်ငြိမ်အောင် ယခုကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေပါတယ်။ မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ လျှောက်လှမ်းနေပြီဖြစ်ပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့အတူ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများလည်း ၂၀၁၁ ခုနှစ်ကစပြီး ပြုလုပ်ခဲ့ရာမှာ ယခုအခါ ရွေးကောက်ခံ ဒုတိယအစိုးရတစ်ခုတောင် ပြောင်းလဲခဲ့ပါပြီ။ နိုင်ငံရေးစနစ် တည်ငြိမ်အောင် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေမှာ ကျွန်တော်တို့ တပ်မတော်အနေနဲ့ မှန်မှန်ကန်ကန် ရပ်တည်လုပ်ဆောင်ခဲ့ပါတယ်။
ပထမဆုံး ပြည်သူ့လိုလားချက်ဆန္ဒဖြစ်တဲ့ တစ်ပါတီစနစ်မှ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့ ပြုပြင်ပြောင်းလဲမှုတွေကို တပ်မတော်မှ တာဝန်ယူလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်အစိုးရအနေနဲ့ အလွှာအသီးသီးက ပြည်သူ့ကိုယ်စားလှယ် ၁၀၀၀ ကျော်ပါဝင်တဲ့ အမျိုးသားညီလာခံကို ၇ နှစ်ကြာ ကျင်းပဆွေးနွေးပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီး ၂၀၀၈ ခုနှစ်မှာမဲပေးသူ ၉၂.၄၈ %ထောက်ခံမှုနဲ့ အတည်ပြုခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပပြီး ပထမသက်တမ်းကာလ ရွေးချယ်ခံအစိုးရအား စနစ်တကျ အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။ ဆက်လက်ပြီး ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်ပြီးတရားမျှတမှုရှိရေး၊ ရွေးကောက်ပွဲကော်မရှင်မှ အတည်ပြုကြေညာသည့် ပြည်သူကရွေးချယ်သော အစိုးရကိုအသိအမှတ်ပြုပြီး လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ရေးတို့မှာလည်း တပ်မတော်၏ ကြိုတင်ပြောကြားချက်များအတိုင်း မှန်ကန်စွာရပ်တည် လုပ်ဆောင်ခဲ့ပါတယ်။
အားလုံးသိရှိပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတဲ့ အချိန်ဖြစ်ပါတယ်။ ပြည်သူရဲ့ဆန္ဒအရ တစ်ပါတီအုပ်ချုပ်ရေးစနစ်က ပါတီစုံဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲနိုင်ဖို့ တပ်မတော်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ၂၀၁၁ ခုနှစ်ကတည်းက လျှောက်လှမ်းခဲ့တာပါ။ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ တပ်မတော်အစိုးရဟာ ရွေးချယ်ခံအစိုးရအဖွဲ့ကို အာဏာစနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး အဲ့ဒီအချိန်ကတက်လာတဲ့ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးပုံစံများကို စတင်ပြောင်းလဲခဲ့ပါတယ်။ ဒီပြောင်းလဲမှုအားလုံး တပ်မတော်က ရပ်တည်ကူညီဆောင်ရွက်ခဲ့လို့ အဆင်ပြေချောမွေ့အောင်မြင်ခဲ့တာပါ။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း တပ်မတော်အနေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကူညီဆောင်ရွက်မယ်လို့ ကတိပေးခဲ့ပြီး ပေးခဲ့တဲ့ကတိအတိုင်းလည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အစိုးရအပြောင်းအလဲဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ချောမောညင်သာစွာ ပြောင်းလဲနိုင်ရေးအတွက် မြန်မာ့တပ်မတော်အနေနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူတွေရဲ့ဆန္ဒဖြစ်တဲ့အတွက် တပ်မတော်အနေနဲ့ အလေးထားသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒနဲ့အညီ ထွက်ပေါ်လာတဲ့ အစိုးရတွေအပေါ်မှာလည်း တပ်မတော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းကနေ လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မိမိနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ကိုက်ညီတဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍကို ထည့်သွင်းရေးဆွဲထားပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မိမိနိုင်ငံနှင့်ကိုက်ညီတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အ၀ ပုံဖော်ပေးထားပြီး တပ်မတော်အနေနဲ့ ပြည်သူတို့ရဲ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံကျကျ ကာကွယ်ထိန်းသိမ်းနိုင်ရေး ပြဋ္ဌာန်းထားခဲ့ကြောင်း လေ့လာတွေ့ရှိနိုင်ပါတယ်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၁ မှာ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ”ကို လေ့လာကြည့်ရင် တပ်မတော်က နိုင်ငံတော်အာဏာကို အလွယ်တကူမသိမ်းနိုင်အောင်၊ သမ္မတရဲ့ သဘောတူညီချက်ကြောင့် နိုင်ငံတော်ကို တပ်မတော်ကတာဝန်ယူခဲ့ရလျှင်လည်း အချိန်အကြာကြီး ဆုပ်ကိုင်မထားနိုင်အောင် ပြဋ္ဌာန်းချက်အဆင့်ဆင့်ဖြင့် စနစ်တကျ ပြဋ္ဌာန်းထားကြောင်းတွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာတပ်မတော်ရဲ့ ပြည်သူ့ဆန္ဒအပေါ် အာမခံချက်ပဲ ဖြစ်ပါတယ်။

တပ်မတော်အစိုးရအနေဖြင့် ထိုသို့ပြုပြင်ပြောင်းလဲမှု၊ အာဏာလွှဲပြောင်းမှုများကို အဆင့်ဆင့်အချိန်ယူပြီး စနစ်တကျလုပ်ဆောင်ခဲ့ခြင်းကြောင့် ယင်းအချိန်ကာလက အရှေ့ဥရောပနိုင်ငံအချို့အပါအ၀င် ကမ္ဘာ့နိုင်ငံများတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကြောင့် ဖရိုဖရဲဖြစ်ခဲ့မှု၊ သွေးထွက်သံယိုမှုများဖြင့် တိုင်းပြည် ဒုက္ခရောက်ခဲ့ကြသော်လည်း မြန်မာနိုင်ငံအနေဖြင့် ယနေ့အခြေအနေကို ရောက်ရှိသည်အထိ ညင်သာ ချောမွေ့စွာဖြင့် ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နုနယ်တဲ့ ပါတီစုံဒီမိုကရေစီအတွေ့အကြုံကိုလည်း တပ်မတော်အနေနဲ့ လွှတ်တော်အတွင်းမှာပါဝင်ပြီး ထိန်းညှိပေးဖို့ လိုအပ်ပါသေးတယ်။
တပ်မတော်ဟာ ခေတ်အဆက်ဆက် ခိုင်မာတောင့်တင်းတဲ့ အမျိုးသားနိုင်ငံရေး အင်အားစုကြီးဖြစ်လို့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ရပါတယ်။

ဒါ့ကြောင့်လည်း ခေတ်သစ်၊ စနစ်သစ်မှာ ကျွန်တော်တို့ဟာ အမျိုးသားနိုင်ငံရေးကိုဆောင်ရွက်ဖို့ လွှတ်တော်ထဲမှာ ဆက်လက်ပါဝင်နေရခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီကို ဖော်ဆောင်ခြင်းနှင့်အတူ ကာကွယ် စောင့်ရှောက်နေပါတယ်။ နိုင်ငံတော်နှင့်ပြည်သူ့အတွက် ခိုင်မာတဲ့အာမခံချက်ရရှိတဲ့အချိန်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုလည်း ပြန်လည်သုံးသပ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းဖို့အတွက်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ လက်နက်ကိုင်ပြီး အခွင့်အရေး တောင်းဆိုတာ ဘယ်ဒီမိုကရေစီနိုင်ငံကမှ လက်မခံပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုများမြင်တွေ့လိုရင် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှု အရပ်ရပ်ကို EU က ကူညီပေးနိုင်ဖို့လိုပါမယ်။

မြန်မာနိုင်ငံနဲ့ ဥရောပနိုင်ငံများဟာ သမိုင်းတစ်လျှောက်မှာ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အကြား စစ်ဘက်ဆက်ဆံရေးအပါအ၀င် အခြားသောဆက်ဆံရေး အခြေအနေများမှာ အေးစက်မှုအချို့ရှိခဲ့တာကို တွေ့ရှိရပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ အခက်အခဲတွေရှိနေတဲ့အချိန်တိုင်း ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ကူညီပံ့ပိုးမှုတွေများစွာ ပြုလုပ်ပေးခဲ့တာကိုလည်း ကျွန်တော်တို့အနေနဲ့ အမြဲအမှတ်ရ နေမှာဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၀ နောက်ပိုင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်တဲ့နေရာမှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဟာ မြန်မာနိုင်ငံအပေါ် ထောက်ခံအားပေးမှုတွေ ပြုလုပ်ခဲ့တဲ့အတွက်လည်း ကျွန်တော့်အနေနဲ့ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အခုအချိန်ဟာ စစ်ဘက်ဆိုင်ရာဆက်ဆံရေး အပါအ၀င် ကဏ္ဍအားလုံးမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရမယ့် အချိန်လို့လည်း ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ ကျွန်တော်တို့မြန်မာ့ တပ်မတော်အနေနဲ့ ကမ္ဘာ့နိုင်ငံအများအပြားနဲ့ စစ်ဘက်ဆက်ဆံရေးတွေ မြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် ဥရောပသမဂ္ဂနဲ့လည်း စစ်ဘက်ဆိုင်ရာကဏ္ဍမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားနိုင်လိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ထားပါတယ်။

အထူးသဖြင့်တော့ မြန်မာ့တပ်မတော်အနေနဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များ၊ စစ်ဘက်ဆေးပညာရပ်များ၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ကိစ္စရပ်များစတဲ့ တိုက်ခိုက်ရေးနဲ့ မသက်ဆိုင်တဲ့ ကိစ္စရပ်တွေဖြစ်တဲ့ နည်းပညာနဲ့လေ့ကျင့်ရေးကဏ္ဍတွေမှာ ဥရောပသမဂ္ဂရဲ့ ကူညီဆောင်ရွက်မှုတွေရရှိဖို့ မျှော်လင့်ထားရှိပါတယ်။ ယခုလည်း UNPK မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဥရောပသမဂ္ဂနဲ့ စစ်ဘက်ဆိုင်ရာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းအားဖြင့် မြန်မာ့တပ်မတော်ရဲ့ Standard Army အဖြစ် တည်ဆောက်ဖွဲ့စည်း ဆောင်ရွက်နေမှုများအပေါ်မှာလည်း အထောက်အကူဖြစ်စေလိမ့်မယ်လို့ ကျွန်တော်အနေနဲ့ လေးနက်စွာ ယုံကြည်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် ပြောင်းလဲမှုတွေမြန်ဆန်လှတဲ့ ယနေ့ခေတ်အချိန်အခါမှာ နိုင်ငံတွေအားလုံးဟာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ရလျက်ရှိပါတယ်။ ဒီလိုစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ကျွန်တော်တို့တွေ အားလုံး အတူတကွ လက်တွဲဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ယနေ့ကျင်းပတဲ့ အခမ်းအနားကို ဖိတ်ကြားခံရတဲ့အတွက် မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေကြားမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ရရှိလာကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ ဒါကြောင့် ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံကြားက ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေကြောင်း ဆုတောင်းရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: