Leave a comment

ဗြိတိသျှကိုလိုနီခေတ် ရခိုင်ပြည် (အေဒီ ၁၈၂၅ – ၁၉၄၈)

image

image

image

image

မြန်မာပိုင် ရခိုင်နယ်စပ်တွင် ရခိုင်တို့၏လှုပ်ရှားမှုသည် ဗြိတိသျှနှင့်မြန်မာတို့ကို မလွဲမရှောင်သာအောင် ပဋိပက္ခ ဖြစ်ပွါးစေသည် ။ ဗိုလ်ချင်းပျံ ကျဆုံးလွန်ပြီးနောက် ဗြိတိသျှ နှင့်မြန်မာနယ်စပ်ပြဿနာသည် တင်းမာလာ ခဲ့သည် ။

နောက်ဆုံး စေ့စပ်၍ မရနိုင်အောင် ဖြစ်သဖြင့် ဗြိတိသျှ တို့သည် မြန်မာကို အေဒီ ၁၈၂၄ တွင် စစ်ကြေငြာ လေသည်။ ဤစစ်ပွဲတွင် ရခိုင်တို့ ဗြိတိသျှ တို့ဘက်မှ အကူအညီ များစွာပေးလေသည်။ မြန်မာတို့သည် ရခိုင်ပြည်ကို ဆက်လက်ထိမ်းသိမ်းထားနိုင်စွမ်း မရှိ တော့ချေ ။

ဗြိတိသျှတို့သည် ရခိုင်စစ်မျက်နှာတွင် မြန်မာပိုင် မြောက်ဦး မြို့ကို အေဒီ ၁၈၂၅ ခု ၊ ဧပြီ (၁)ရက်နေ့တွင် သိမ်းပိုက်လိုက်လေ သည် ။ စစ်ရှုံးသွားသော မြန်မာတို့ သည် ရခိုင်နယ်ကို ဗြိတိသျှတို့လက်သို့ အေဒီ ၁၈၂၆ ခုတွင် ရန္တပိုစာချုပ်အရ တရားဝင် လွှဲပြောင်းပေး လိုက်သည် ။

ဗြိတိသျှခေတ် (ပထမပိုင်း) (အေဒီ ၁၈၂၅ – ၁၈၅၂)
=================
ဗြိတိသျှတို့သည် ရခိုင်ပြည်ကိုတရားဝင်သိမ်းပိုက်လိုက် ပြီးနောက် အေဒီ -၁၈၂၇ ခုနှစ်တွင် စစ်တွေမြို့ကို တည်ထောင်လျက် အုပ်ချုပ်လေသည် ။ ဗြိတိသျှတပ်ရင်းတစ်ခုမှတပါး ကျန်တပ်အားလုံးကိုလည်း အိန္ဒိယသို့ပြောင်းရွှေ့လိုက် သည် ။ ရခိုင်ပြည်တွင် လုပ်ငန်း ဆောင်ရွက်မှု အထောက်အကူပြုရန် ရခိုင်သား တို့ပါဝင်သော ရခိုင်တပ်ရင်းတရင်းကို ဖွဲ့စည်း တည်ထောင် ပေးလေသည်။ ရခိုင်ပြည်ကို ဘင်္ဂလား အုပ်ချုပ်ရေးအောက်သို့သွင်းကာ အိန္ဒိယအုပ်ချုပ်ရေး ပုံစံအတိုင်း အုပ်ချုပ်လေသည် ။ ရခိုင်ခေါင်းဆောင်များကိုလည်း ရာထူးများတွင် ခန့်ထားလေသည်။

သို့သော် ရခိုင်ခေါင်းဆောင်တို့သည် ရာထူး ဂုဏ်ဒြပ် တို့ကို မျှော်ကိုးခဲ့ကြသူများ မဟုတ်ပေ ။ ရခိုင်တို့က ဗြိတိသျှတို့ အား ကူညီခဲ့ရခြင်းမှာ ရခိုင်ပြည်ကို လွတ်လပ်စေရန်သာဖြစ်သည်။ ရခိုင်သားတို့သည် ရခိုင်ဒေသမှ မြန်မာတို့ ဆုတ်ခွါသွားစေရန်ကိုသာ အလိုရှိသူများဖြစ်၍ မြန်မာတို့ဆုတ်ခွါသွားလျှင်ပင် ဗြိတိသျှအုပ်ချုပ်မှုကိုလည်း အလိုမရှိဖြစ်ကြတော့ သည်ဟု မြန်မာသမိုင်းဆရာတဦးက ဖော်ပြထားသည်။
သို့နှင့် ရခိုင်တို့သည် တော်လှန်ရန် စီစဉ်ကြတော့သည် ။

အေဒီ ၁၈၂၇ ခုနှစ်တွင် စစ်တွေမြို့၌ နယ်ချဲ့အင်အား အဖြစ် စစ်သင်္ဘောငယ် လေးစင်းအပါအဝင် စစ်ရေယာဉ် (၁၀)စင်း နှင့် လူအင်အား ၁၇၅ ဦးသာရှိသည် ။ ၎င်းကို ရခိုင်တို့က ချက်ကောင်းတခုဟု ယူဆကြသည် ။ ရခိုင်ခေါင်းဆောင်တို့သည် စစ်တွေမြို့ရှိ ရခိုင်တပ်ရင်းမှ ရခိုင်များကို စည်းရုံးကြသည်။ သို့သော် နယ်ချဲ့တို့က ရခိုင်ခြေလှမ်းများကို စောင့်ကြည့်ပြီးဖြစ်သဖြင့် တော်လှန်ရေး မကျယ်ပြန့်ခင်ပင် ရခိုင်ခေါင်းဆောင်တို့ အဖမ်းခံရလေသည်။ ရခိုင်ခေါင်းဆောင်တို့မှာ မင်းသားကြီး ရွှေဗန်း ၊ ဒေးဝန်းအောင်ကျော်ရွှီ ၊ မြို့သူကြီး အောင်ကျော်ဇ့ တို့ ဖြစ်ကြသည် ။

အေဒီ ၁၈၂၉ နှင့် ၁၈၃၁ တို့တွင် ရခိုင်ပြည်တောင်ပိုင်း တွင် အောင်မြင်သော တော်လှန်မှု (၂) ကြိမ် ဖြစ်ပေါ် ခဲ့သည်။
ဗြိတိသျှတို့သည် အေဒီ – ၁၈၃၄ တွင် ရခိုင်ပြည်အုပ်ချုပ် ရေးကို ဘင်္ဂလားမှခွဲထုတ်လိုက်ပြီး တိုင်းတတိုင်းအဖြစ် ဖွဲ့စည်းပေး သည်။ ဤပြုပြင်ချက်သည် ရခိုင် တို့ မျှော်လင့်ချက်နှင့်ဝေးနေသည်။ ဗြိတိသျှတို့က အခွန်ကြီးလေးစွာကောက်ခံသဖြင့် လေးမြို့သူကြီး ချစ်စံဝေသည် အေဒီ – ၁၈၃၆ ခုနှစ်ဦးပိုင်းတွင် ဦးစွာတော်လှန်လေသည်။

ဤအချိန်တွင် ရခိုင်ခေါင်းဆောင် မင်းသားကြီးတို့ ကလည်း ရခိုင်တိုင်းမင်းကြီးထံတွင် အရေးဆိုကြသည်။ ရခိုင်တို့က ဗြိတိသျှတို့ ရခိုင်မှထွက်ခွါစေလိုပြီး ရခိုင် ပြည်ကို ပြန်လည်သိမ်းယူပေးသည့်အတွက် နှစ်စဉ်ရခိုင်တို့ ဘဏ္ဍာဆက်ရန် လိုလားကြသည် ။ဗြိတိသျှတို့ လက်မခံသဖြင့် ရခိုင်တို့က တော်လှန်ကြသည် ။ သို့သော် သစ္စာဖောက်တစုကြောင့် ရခိုင်တော်လှန်ရေးမှာ ရေတိမ်နစ်သွားရလေသည်။

လူမှုဘဝ

ရခိုင်ပြည်၌ ဗြိတိသျှတို့ သိမ်းစနှစ်တွင် လူဦးရေ တသိန်းမပြည့်ခဲ့ပေ ။ မြေပြန့်အားလုံးနီးပါးသည်လည်း တောဖုံးလျှက်ရှိပေသည်။ စစ်တွေမြို့ကို တည်ထောင်ပြီးနောက် အနောက်ပြည်ရှိ ရခိုင်တို့သည် ဌာနီသို့ တသုတ်ပြီးတသုတ် ပြန်ဝင်လာကြသည်။ အေဒီ ၁၈၂၆ မှ ၁၈၅၂ ခုကြား နှစ်ပေါင်း ၂၅ နှစ်လောက်တွင် ရခိုင်ပြည် ဆန်စပါးစိုက်ပျိုးရေးကို ၄၅၀ ရာခိုင်နှုန်းထိ တိုးချဲ့လုပ်ကိုင်လာသည်။

အေဒီ ၁၈၅၂ ခုနှစ်တွင် စစ်တွေဆိပ်ကမ်းသည် ကမ္ဘာ့ ဆန်စပါးတင်ပို့ရောင်းချရေး ဆိပ်ကမ်းများထဲတွင် အများဆုံးတင်ပို့သော ဆိပ်ကမ်းမြို့တမြို့ဖြစ်လာသည်။ ရခိုင်ပြည် စီးပွါးရေးအခြေအနေနှင့်ပက်သက်၍ အေဒီ ၁၈၃၆ ခုနှစ်၌ စစ်တွေမြို့တွင် ငွေတကျပ်ကို ကြက်တဒါဇင် သို့မဟုတ် ဘဲရှစ်ကောင် သို့မဟုတ် ဆန်တတောင်း သိုမဟုတ် နို့ ၁၅ ပိုင့် ရရှိသည်ဟု မှတ်တမ်းတင်ရှိသည်။

ဗြိတိသျှတို့အုပ်ချုပ်ရေးတွင် တိုင်းရင်းသားဝန်ထမ်း များလိုသည် ။ သို့အတွက် အေဒီ ၁၈၄၆ ခုနှစ်တွင် စစ်တွေမြို့၌ အထက်တန်းကျောင်းတကျောင်းကို ဖွင့်လှစ်ပေးခဲ့သည်။ ကျေးလက်များတွင် ရခိုင်ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်မှာ ဆက်လက်ရှိခဲ့သည်။

ဗြိတိသျှခေတ် (ဒုတိယပိုင်း) (အေဒီ ၁၈၅၂ – ၁၉၃၇)
================
အေဒီ ၁၈၅၂ ခုနှစ်တွင် မြန်မာအင်္ဂလိပ် ဒုတိယအကြိမ် စစ်ဖြစ်ပြီးနောက် ရခိုင်တိုင်းသည် ဗြိတိသျှလက်အောက် မြန်မာနိုင်ငံတွင် တိုင်းတတိုင်းဖြစ်လာသည်။

ဒုတိယအကြိမ်စစ်ပွဲတွင် ဗြိတိသျှတို့ဖွဲ့ပေးသော ရခိုင်တပ်သည် ပါဝင်တိုက်ပေးရသည် ။ ယင်းတပ်သားများသည် ဇာတိမာန်တက်ကြွမှု အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ပြီး အုံကြွပေါက်ကွဲမှုဖြစ်ရန် အခြေအနေဖြစ်ပေါ်ခဲ့လေသည်။ ထို့ကြောင့် ဗြိတိသျှတို့သည် ၎င်းတပ်ကို အေဒီ – ၁၈၆၂ ခုနှစ်တွင် ဖျက်သိမ်းလိုက်လေသည်။

ရခိုင်တော်လှန်ရေးသမားတို့၏ လှုပ်ရှားမှုသည် အေဒီ -၁၈၇၀ ခုနှစ် ၊ ၁၈၈၈ ခုနှစ် ၊ ၁၈၉၀ ပြည့်နှစ်နှင့် အေဒီ ၁၈၉၁ ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့သည်။ သို့သော် စုစည်းမှုမရှိပေ ။ အောင်မြင်မှုလည်း မရှိပေ ။ အေဒီ ၁၈၉၁ ခုနှစ် လှုပ်ရှားမှုသည် ရခိုင်တို့ ၏ နောက်ဆုံးလက်နက်ကိုင် တော်လှန်မှုပင်ဖြစ်သည်။

၂၀ – ရာစုကို တက်လှမ်းသောအခါ ရခိုင်တို့သည် အသင်းအပင်းများတည်ထောင်ပြီး လှုပ်ရှားလာကြသည်။ အများ အကျိုးကို တဦးကောင်းတယောက်ကောင်း လှုပ်ရှားမှုထက် စုပေါင်း၍ လှုပ်ရှားလိုကြခြင်းဖြစ်သည်။ ၎င်းသည် တိုးတက်သော အမြင်ဖြစ်သည်။ အေဒီ ၁၉၂၀ ပြည့်နှစ်ပတ်ဝန်းကျင်တွင် “ ရခိုင်ပြည်အသင်း ” “ ရက္ခပူရအသင်း ” တို့သည် ထင်ရှားသည်။

ရခိုင်တိုင်းမှ အသင်းများသည် နယ်ချဲ့ဗြိတိသျှကို ဆန့်ကျင်ရာတွင် အထီးကျန်မဟုတ်ခဲ့ ။ မြန်မာပြည်တွင် ထင်ရှားသော ဂျီစီဘီအေ အသင်းကြီးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

နယ်ချဲ့ကို တကွဲတပြားစီတိုက်ခြင်းအစား နယ်ချဲ့ခံအချင်းချင်း စုစည်း၍ ကိုက်လိုကြခြင်းဖြစ်သည်။ ထို့ကြောင့် ရခိုင်တိုင်းမှ ထင်ရှားသော နိုင်ငံရေးသမားတို့သည် မြန်မာပြည်နိုင်ငံရေးတွင် ရှေ့တန်းမှ ပါဝင်လှုပ်ရှားခဲ့လေ သည်။ ၎င်းတို့အထဲတွင် ရခိုင် ဆရာတော် အသျှင်ဥတ္တမသည် အထူးထင်ရှားသည်။ ဆရာတော်သည် မဆုတ်မနစ်သော ဇွဲ ၊ အနစ်နာခံလိုသော စိတ်ဓာတ် တို့ဖြင့် မြန်မာတပြည်လုံးအား နိုင်ငံရေးမျက်စိကို ဖွင့်ပေး ခဲ့သည် ။

၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်တွင် ရခိုင်မှလည်း ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့လေသည် ။ ကျွန်ပညာရေးကို မလိုလားသဖြင့် မြန်မာပြည်မနည်းတူ အမျိုးသားကျောင်းများကို စစ်တွေ ၊ ကျောက်တော် စသည့်မြို့များတွင် ဖွင့်လှစ်ခဲ့ကြသည်။

ပရိယတ္တိစာပေ နှင့် အမျိုးဘာသာ သာသနာတော်ကို မြှင့်တင်လိုသဖြင့် ရခိုင်ရဟန်းသံဃာတို့သည် ၁၉၂၂ ခုနှစ်တွင် “ရခိုင်သံဃသမဂ္ဂီ ” အသင်းကို တည်ထောင်လှုပ်ရှားကြလေသည်။

အေဒီ ၁၉၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဒိုင်အာခီအုပ်ချုပ်ရေးစတင်သည် ။ ၎င်းအုပ်ချုပ်ရေးအတွက် ရခိုင်တိုင်းမှ တက်ရောက်သော မင်းတိုင်ပင်အမတ်များမှာမူ ကြေးရည်တတ်များသာဖြစ်ကြသည် ။ ဆင်းရဲသား ကိုယ်စား လှယ် များ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော်လည်း ရေရှည်တွင် မအောင်မြင်ခဲ့ကြပေ ။ ရခိုင်တိုင်းရှိ ပြည်တွင်း စီးပွါးရေး တွင် နယ်ချဲ့တို့ လက်ဝေခံဖြစ်သော ကြေးရတတ်များသာ လွှမ်းမိုးခဲ့သည် ။

ရခိုင်တွင် မြန်မာပြည်ကဲ့သို့ ကုလားများ သြဇာမရှိချေ ။ မှတ်တမ်း တခုအရ ရခိုင်တပြည်လုံးတွင် ချစ်တီးငွေချေး ဌာန (၂၃) ခုမျှသာရှိခဲ့သည်။ ထိုစဉ်က မြန်မာပြည်တွင် ချစ်တီးငွေချေးဌာန အနည်းဆုံးဖွင့် လှစ်သော မန္တလေး တိုင်း တခုတည်းတွင်ပင် ဌာနပေါင်း ၁၀၀ ကျော်ရှိခဲ့သည်။

နယ်ချဲ့အရင်းရှင်တို့သည် လက်ဝေခံ ရခိုင်ကြေးရတတ်များကို အသုံးပြုလျှက် ရခိုင်တိုင်း၏ စီးပွါးရေးကို ကက်ဝါးကြီး အုပ်ခဲ့ကြသည် ။ ဆန်စပါးရောင်းဝယ်ခွင့်ကို စိတ်ကြိုက် ကိုင်တွယ်ကြသည် ။ နိုင်ငံခြားတင်ပို့သဖြင့် ရရှိသော အမြတ်အစွန်း တို့သည် နယ်ချဲ့အရင်းရှင်တို့အတွက်သာ ဖြစ်ခဲ့သည်။

ရခိုင်တိုင်းအတွက် ဘာတခုမျှအကျိုးမဖြစ်ဟု ဆိုရလောက်အောင်ပင် နယ်ချဲ့တို့ သွေးစုတ်ခဲ့လေသည်။ နယ်ချဲ့ အစိုးရကလည်း ရခိုင်တိုင်း စီးပွါးဖွံ့ဖြိုးတိုးတက် လုံးဝလျစ်လျူရှုထားခဲ့ပြန်သည်။ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး မှာ လမ်းပန်းဆက်သွယ်ရေးအပေါ်တွင် အဓိက တည်နေသည်။

သို့သော် နယ်ချဲ့တို့သည် ရခိုင်လမ်းပန်း ဆက်သွယ်ရေးကို ခေတ်နှင့်အညီ  မလုပ်ပေးခဲ့ပေ ။ ဆက်သွယ်ရေး မတွင်ကျယ်သဖြင့် ရခိုင်ရှိ တောနှင့် မြို့မှာ များစွာ ကွာဟမှု ရှိခဲ့သည်။ ဤကွာဟချက်သည် ရခိုင်တို့အချင်းချင်း စိတ်ဝမ်းကွဲပြားစရာ ဖြစ်ခဲ့ရလေသည်။

စီးပွါးရေးတွင် နယ်ချဲ့တို့သည် အမှီအခိုကင်းသော ဘက်စုံစိုက်ပျိုးရေးကို အားမပေးခဲ့ပေ ။ ၎င်းတို့ အကျိုးအမြတ် တခုတည်းအတွက်ဖြစ်သော အသီးအနှံစိုက်ပျိုးရေးကိုသာ အားပေးခဲ့သည်။ ထို့ကြောင့် ရခိုင်တိုင်းစီးပွါးရေးသည် အကာလှ၍ အနှစ်သာရအားဖြင့် အခွံ့သာဖြစ်သည်။ ပစ္စုပ္ပန်အတွက်ရော အနာဂါတ်အတွက်ပါ အကျိုးမရှိခဲ့ချေ ။

စီးပွါးရေး မတည်ငြိမ်သဖြင့် ရခိုင်လယ်အများစုတို့မှာလည်း လက်ဝယ်ခံလူတစုလက်သို့ ရောက်ရှိသွားသည်။ နယ်ချဲ့စီးပွါးရေးကြောင့် ရခိုင်အရင်းရှင်ငယ် တို့မှာလည်း အခွင့်အလမ်းများစွာ မပွင့်လင်းပေ ။ နယ်ချဲ့ အရင်းရှင်တို့ကို မပြိုင်ဆိုင်နိုင်သဖြင့် ရခိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းရှင်တို့မှာ ရေရှည်တွင် တိမ်မြုပ်သွားရလေသည်။

ဗြိတိသျှအုပ်ချုပ်ရေး ကြာလာသည်နှင့်အမျှ ရခိုင်လူနေမှုစနစ်သည်လည်း တဖြည်းဖြည်း ယိုယွင်းပျက်စီးလာလေ သည်။ ရခိုင်တိုင်းတွင် အရက် ၊ ဘိန်း ၊ ဖဲ စသည့် ဒုစရိုက်တို့ ကျယ်ပြန့်လာလေသည်။ ရခိုင်တို့၏ စာရိတ္တ မဏ္ဍိုင်မှာ ယိုယွင်း သွားရလေသည်။ ရခိုင်ယဉ်ကျေးမှုတို့သည်လည်း တဖြည်ဖြည်း တိမ်ကောလာသည်။

ဤအခြေအနေဆိုးများကြောင့် နိုင်ငံရေးသမားတို့သည် နယ်ချဲ့အရင်းရှင်ကိုရော ရခိုင်လက်ဝေခံတို့ကိုပါ ဆန့်ကျင် လာကြသည် ။ ၁၉၃၀ ပြည့်နှစ်တွင် တိုးတက်သော ရခိုင်အင်အားစုတို့က ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွါးရေး အဖွဲ့ချုပ်ကို တည်ထောင်ကြသည်။ ဤအဖွဲ့၏ မှန်ကန်သောလှုပ်ရှားမှုကြောင့် ရခိုင်တောနေလူထု၏ ထောက်ခံမှုကို ရရှိလေသည်။ ဤအဖွဲ့ချုပ်သည် မြန်မာပြည်မှ ဒို့ဗမာအစည်းအရုံးနှင့် ခေတ်ပြိုင်ဖြစ်သည်။

ရခိုင်တိုင်း တိုးတက်ရေးအတွက် ဆောင်ရွက်ကြရာတါင် ရခိုင်လူငယ်တို့သည်လည်း တတပ်တအား ပါဝင်ခဲ့ သည်။ ၁၉၃၄ – ခုနှစ်တွင် ရခိုင်လူငယ်တို့က “ ရခိုင်ပြည်လုံးဆိုင်ရာ ပညာပြန့်ပွါးရေးအသင်း ” ကို တည်ထောင်ကြ သည် ။ ဤအသင်း သည် နောက်ပိုင်းတွင် “ ရခိုင်ပြည်လုံးဆိုင်ရာ ဆင်းရဲသားအဖွဲ့ချုပ် ” ဟူ၍ဖြစ်လာပြီး နိုင်ငံရေးအဖွဲ့အဖြစ် ကူးပြောင်းသွားလေ သည်။

၁၉၃၀ ပြည့်နှစ်ကျော်ပြီးနောက် ရခိုင်ကျောင်းသားထုသည် မြန်မာပြည်ရှိ ကျောင်းသားထုနိုင်ငံရေးနှင့်ပို၍ ရင်းနှီး လာ ကြလေသည်။ ၁၉၃၆ ခု ၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ရန်ကုန်တက္ကသိုလ် ဒုတိယအကြိမ် သပိတ်မှောက် ရာတွင် ရခိုင်မှလည်း ခေါင်းဆောင်ပါဝင်ခဲ့လေသည်။

ခေတ်နှင့်အညီ ရခိုင်လူငယ်များလှုပ်ရှားလာရေးအတွက် ၁၉၃၆ ခု ၊ မတ်လ (၂၉) ရက်နေ့တွင် “ ရခိုင်ပြည်လုံး ဆိုင်ရာ လူငယ်များနိုးကြားရေး အစည်းအရုံး ” တည်ထောင်ကြလေသည်။ ဤအစည်းအရုံးတွင် ခေတ်အမြင် ရှိသော လူငယ်များပါဝင် သဖြင့် ၎င်းသည် အမြဲတမ်း တက်ကြွနေသည်။

ထို့ပြင် စစ်တွေမြို့ထုတ် “ ရခိုင်ပြည်သတင်းစာ ” ကို အသုံးပြုလျှက် လူထု လှုံ့ဆော်မှုများပြုလုပ်ပြီး နယ်ချဲ့တိုက် ထုတ်ရေးအတွက် အင်အားစုဆောင်ခဲ့လေသည်။ ရခိုင်လွတ်လပ်ရေးအတွက် ကြွေးကြော် ခဲ့ကြသည်။
ထိုစဉ်က မြန်မာပြည်တွင် (၉၁) ဌာန အုပ်ချုပ်ရေးစံနစ်ကို ကျင့်သုံးချိန်ဖြစ်လေသည် ။ အောက်လွှတ်တော်တွင် ရခိုင်မှ အမတ် (၁၀) ဦးခန့်ကိုယ်စားလှယ်ရခဲ့သည်။

အောက်လွှတ်တော်ဦးရေမှာ (၁၃၂)နေရာဖြစ်သည် ။ ရခိုင်တို့၏ကံကြမ္မာကို ၁၃ ပုံ ၁ ပုံမျှသာ အစွမ်းကုန် တရားဝင်ဖန်တီး နိုင်သည့်သဘောဖြစ်လေသည်။ အောက်လွှတ်တော်တွင် ရခိုင်အမတ်တို့က ရခိုင်ပြည်၏ ဂုဏ် သိက္ခာ ကို မြှင့်တင်စေရန် “အာရ်ကန် ” ပါတီအမည်ဖြင့် လှုပ်ရှားကြလေသည်။

ရခိုင်ပြည်နယ်ရှိ တိုက်ထုတ်လုပ်ရေးအင်အားသည် ၁၉၃၉ ခုတွင် ပို၍အင်အားကောင်းလာသည်။ ၎င်းနှစ်တွင် ဆင်းရဲသားအဖွဲ့နှင့် လူငယ်အစည်းအရုံးတို့သည် ပူးပေါင်းသွားလေသည်။ ရခိုင်တိုင်းရင်းသားအစည်းအရုံးဟု ဖွဲ့စည်းပြီး ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားကြသည် ။ ဤအစည်းအရုံးသည် ဆိုရှယ်လစ်စီးပွါးရေးစနစ်ကို အားကျ ခဲ့သည်။

တိုင်းရင်းသား အစည်းအရုံး၏ ဦးဆောင်လှုပ်ရှားမှုကြောင့် ရခိုင်ပြည်တွင်အတည်မပြု ချန်လှပ်ထားခြင်းခံရသော သီးစားဥပဒေသည် ၁၉၃၉ ခုနှစ် ၊ ဇူလိုင်လ (၁၃) ရက်နေ့မှစ၍ စစ်တွေခရိုင်တွင် အတည်ပြုအသက် ဝင်ခဲ့ ရလေသည် ။ အစည်းအရုံးလည်း အင်အား ကောင်းလာသည် ။ နိုဝင်ဘာလတွင် အဖွဲ့ချုပ်သည် တိုင်းရင်းသားအစည်းအရုံးနှင့် ပူးပေါင်းသွားလေသည်။

နယ်ချဲ့ဆန့်ကျင်ရာ တွင် တကွဲတပြားစီထက် စုစုစည်းစည်းလှုပ်ရှားသဖြင့် ပို၍ ထိရောက်သွားလေသည်။ တစည်း တလုံးတည်း ပူးပေါင်းလိုက်ပြီး နောက် တပ်ဦး၏အမည်ကိုလည်း  “ ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသား အစည်းအရုံး ” ဟု ပြောင်းလဲ ခေါ်ဝေါ်လာသည်။ ဤအစည်းအရုံး၏ လှုပ်ရှားမှုကြောင့် ရခိုင်လူထု တရပ်လုံး သည် သူမတူအောင် စည်းစည်းလုံးလုံးဖြစ်လာခဲ့လေသည် ။

၁၉၄၁ ခုတွင် ရခိုင်နိုင်ငံရေးသမားတို့သည် နယ်ချဲ့ဆန့်ကျင်ရေးအတွက် လက်နက်ကိုင်လှုပ်ရှားမှုကို စိတ်ဝင်စား လာ ကြသည် ။ မြန်မာပြည်မနှင့် ဆက်သွယ်မိကြသည် ။ ရခိုင်နိုင်ငံရေးသမားတို့သည် ရခိုင်ပြည်သူတို့၏ ကံကြမ္မာကို ရခိုင် ပြည်သူတို့ကိုယ်တိုင် အပြည့်အဝ ဖန်တီးနိုင်ရေးအတွက် လိုလားဆန္ဒပြင်းပြခဲ့ကြသည်။

ထိုစဉ် ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ရိပ်သည် ရခိုင်ပြည်ဘက်သို့ ရွှေ့လာလေသည်။ ဗြိတိသျှတို့သည် ၁၉၄၂ ခုနှစ်ဆန်း တွင် ဆုတ်ခွါလေသည် ။ ရခိုင်ပြည်မှ ဆုတ်ခွါရာတွင် ရခိုင်နိုင်ငံရေးခေါင်းဆောင်တို့အား ဖမ်းဆီးခေါ်ဆောင်သွားလေသည်။ တချို့မှာ ရှောင်တိမ်းသွားနိုင်သဖြင့် လွတ်မြောက်သွားကြသည်။ ဗြိတိသျှတပ် ဆုတ်ခွါရာတွင် ရာဇပုတ်စစ်သားများသည် ရခိုင်ပြည် လုံခြုံမှုကို ပပျောက်အောင် ဖန်တီးကြလေသည် ။ လက်နက်မဲ့ ရခိုင်ပြည်သူတို့မှာ များစွာအတိဒုက္ခရောက်ကြသည်။

အင်္ဂလိပ်များ စစ်တွေမှ ဆုတ်ခွါခါနီးတွင် စစ်တွေကို ဂျပန်များက ဒလကြမ်း ဗုံးကြဲလာကြသည် ။ အင်္ဂလိပ်ရာဇပုတ် စစ်သားများ လက်နက်ကိုယ်စီဖြင့် ခြေဦးတည့်ရာ ထွက်ပြေးကြလေသည် ။ ယင်းအချိန်မှာ ကုလား ရခိုင်အဓိကရုဏ်းပြဿနာ များ  များစွာ ပေါ်ပေါက်ခဲ့လေသည်။ ထိုစဉ် ဗမာ့ လွတ်လပ်ရေး တပ်မတော်သည် အုပ်ချုပ်မှုကင်းမဲ့နေသော ရခိုင်မြို့ရွာများကို သိမ်းယူလေသည်။ မေလ(၇) ရက်နေ့တွင် ရခိုင်မြို့တော် စစ်တွေမြို့ကို ချီတက်သိမ်းပိုက်ကြသည်။

ဂျပန်များ ရခိုင်သို့ရောက်ပြီး မကြာမီ ဘီအိုင်အေတပ်သည် ရခိုင်ပြည်မှ ဆုတ်ခွါသွားလေသည်။ ရခိုင်ပြည် အုပ်ချုပ်ရေး အတွက် ရခိုင်နိုင်ငံရေးသမားများပါသော အုပ်ချုပ်ရေးအဖွဲ့တို့ကို ဖွဲ့ပေးထားရှိသည် ။ ရခိုင်ပြည် လုံခြုံရေးအတွက် ဂျပန်ကို ကူညီရန် နောက်တနှစ်တွင် ရခိုင်ကာကွယ်ရေးတပ် အေဒီအေကို ဖွဲ့ပေးခဲ့သည်။

တဖန် ဂျပန်တို့က ၎င်းတို့အကျိုးအတွက် ရှေ့တန်းစစ်မျက်နှာတွင် အသုံးပြုရန် ရခိုင်ပြောက်ကျားတပ်တတပ်ကို လေ့ကျင့် တည်ထောင်ပေးသည်။ ရခိုင်စစ်မျက်နှာတွင် ဂျပန်တို့၏ စစ်ဌာနချုပ်မှာ မြောက်ဦးမြို့ဖြစ်လေသည်။
ဗြိတိသျှတို့သည် ရခိုင်ပြည်ကို ပြန်လည်သိမ်းယူနိုင်ရန် ၁၉၄၃ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် စစ်ဆင်နွှဲလေသည် ။ သို့သော် အောင်မြင်မှု မရှိခဲ့ချေ ။

သို့သော် ဂျပန်တို့သည် နောက်တနှစ်ဖေဖော်ဝါရီလတွင် ရခိုင်ကာကွယ်ရေးတပ်ကို ဖျက်သိမ်းလိုက်သည်။ စစ်တွေ ခရိုင်ကိုလည်း စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်လာသည်။ ဂျပန်စစ်ဘီလူးကို တော်လှန်ရန် ရခိုင်တော် လှန်ရေး သမားတို့သည် မြန်မာ တော်လှန်ရေးသမားတို့နှင့် ပူးပေါင်းပြီး ဗြိတိသျှတို့နှင့် အဆက်အသွယ် ရယူသည်။ ဤကဏ္ဍတွင် နယ်စပ်၌  တာဝန်ယူနေခဲ့ သော ရခိုင်ပြာက်ကျားတပ်ဖွဲ့၏ နိုင်ငံအတွက် စွန့်စားထမ်းဆောင်မှုမှာ သမိုင်းထိုးလောက်အောင်သော အခန်းကဏ္ဍပင်ဖြစ် သည် ။

မဟာမိတ်တို့က ရခိုင်တော်လှန်ရေးသမားတို့ကို လေ့ကျင့်ပေးပြီး လေထီးဖြင့်ချပေးသည်။ တချိန်တည်းတွင် ရခိုင်ပြည် ကို ထိုးစစ်ဆင်သည်။ ရခိုင်တော်လှန်ရေးသမားတို့သည် ၁၉၄၅ ခုနှစ် ၊ နှစ်ဆန်း (၁) ရက်နေ့တွင် ရခိုင်မျိုးချစ်တပ်မတော်ကို ဖွဲ့၍  ဂျပန်တို့ကိုတော်လှန်ကြသည်။ ယင်းနှစ် မတ်လတွင် မဟာမိတ်တို့သည် ရခိုင်တပြည်လုံးကို သိမ်းပိုက်ရရှိလေသည်။ မြန်မာပြည်ဖက်တွင်မူ မတ် (၂၇) ရက်နေ့မှသာ ဂျပန်တော် လှန်ရေးကို စတင်လေသည်။

ရခိုင်တော်လှန်ရေးသမားအချို့သည် ကျူပင်ခုတ် ကျူငုတ်မကျန်ရလေအောင် ဂျပန်တော်လှန်ရေးကို မြန်မာပြည် သို့ သွားရောက်ကာ ဆက်လက်ဆင်နွှဲကြသည် ။ ရခိုင်ပြည်တော်လှန်ရေးသမားအချို့မှာ ဗြိတိသျှတို့၏ ဖမ်းဆီးချုပ်နှောင် နှိပ်စက်မှု ကို ခံကြရသည်။

၁၉၄၅ ခုတွင် ဗြိတိသျှတို့သည် ကတ်စ်ဘီအုပ်ချုပ်ရေးကို ချမှတ်သည်။ နောက်တနှစ် မတ်လတွင် မြန်မာနိုင်ငံရေး ခေါင်းဆောင်ကြီးတို့သည် ရခိုင်ပြည်သို့လာရောက်ပြီး ရခိုင်ပြည်အပါအဝင် မြန်မာပြည် လုံးဝလွတ်လပ်ရေး အတွက် တရားဟော ကြသည်။ ထင်ရှားသော တော်လှန်ရေးခေါင်းဆောင်ကြီးများဖြစ်သော ဆရာတော် ဦးပညာသီဟ ၊ ဗိုလ်ကြီး ကြာလှအောင် ၊ ဦးအောင်ဇံဝေ ၊ ဦးညိုထွန်း စသော ပုဂ္ဂိုလ်ကြီးများက ဖဆပလ အလံတော်အောက်မှ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ရခိုင်လူထု ကို ဦးဆောင်၍ တိုက်ပွဲဝင်ကြသည် ။

တော်လှန်ရေးခေါင်းဆောင်ကြီးများဖြစ်သော အသျှင်ဦးစိန္တာ ၊ ဘုံပေါက်သာကျော် စသည်တို့ကလည်း “ ရခိုင်ပြည်လွတ်လပ်ရေးအဖွဲ့ချုပ်” အမည်ဖြင့် သီးခြားလှုပ်ရှားကြသည်။ ဤအဖွဲ့သည် ရခိုင်လူမျိုးတို့၏ ကံကြမ္မာကို ရခိုင်လူမျိုးများသာ ဖန်တီးရန်လိုလားကြသည်။ ရခိုင်ပြည်ကို မြန်မာပြည်မှ ခွဲထွက်ရန် လှုံ့ဆော် ခဲ့သည်။

(ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း ပထမတွဲမှ ကောက်နှုတ် ဖော်ပြသည်)

https://www.facebook.com/centralconceptionforarakan/

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: