Leave a comment

စစ်သူကြီး ဆလာဟွတ်ဒင်း အလ်-အိုင်ယူဘီ (ဆလာဒင်)

image

နိုဝင်​ဘာ ၁၊ ၂၀၁၆
Myanmar Muslim Media

ဘာသာခြားတွေကို မွတ်စလင်စစ်ခေါင်းဆောင်တစ်ဦးက သနားညှာတာမှု၊ သဘောထားပြည့်ဝမှု၊ ဂုဏ်ပေး လေးစား မှု တွေနဲ့ ဆက်ဆံခဲ့ခြင်းရဲ့ ပြယုဂ်။

မွတ်စလင်ကမ္ဘာကို ပြန်လည်စည်းလုံးညီညွတ်အောင် ဦးစီးဦးဆောင်မှု ပြုလုပ်နိုင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်တဲ့ ဆလာဟွတ်ဒင်း အလ်-အိုင်ယူဘီ (၁၁၃၇-၁၁၉၃) ဟာ အင်အားကြီးဘုရင်တစ်ပါးဖြစ်တယ်။ အစ္စလာမ့်သမိုင်းကြောင်းမှာ ဒိတ်ဒိတ်ကြဲထင်ရှားတဲ့ စစ်သူကြီးလည်းဖြစ်ပါသေးတယ်။ သူဟာ ၁၁၈၇ ခုနှစ်မှာ ကရူးဆိတ်တွေရဲ့ လက်ထဲကနေ  ယေရုဆလင်မြို့ကို ပြန်လည် အောင်မြင်ခဲ့တယ်။

စစ်သူကြီး ဆလာဟွတ်ဒင်းရဲ့ ရန်သူတွေအပေါ် ဆက်ဆံတဲ့ သဘောထားဟာ ဘာသာခြားတွေအပေါ် ဘယ်လိုဆက်ဆံသင့်သလဲဆိုပြီး ပြသထားတဲ့ အစ္စလာမ့် အဆုံးအမရဲ့ ပြယုဂ်တစ်ခုလို့ ဆိုရင်လည်း မမှားပါဘူး။ ၁၁၈၇ ခုနှစ်၊ ယေရုဆလင်ကို အောင်မြင်တော့ သူ့စစ်တပ် ကို မြို့ထဲက တစ်ဦးတစ်ယောက်ကိုမှ လက်ဖျားနဲ့ထိခွင့်မပေးဘူး။ မြို့သူမြို့သားတွေကို ဂုဏ်ပေးလေးစားဖို့ ညွှန်ကြားခဲ့တယ်။ မြို့ကို စွန့်ခွာချင်သူတွေကို ငြိမ်းချမ်းစွာ ထွက်ခွာခွင့်ပြုခဲ့သလို ဆက်လက်နေထိုင်လိုသူတွေကိုလည်း သဟာဇတဖြစ်စွာ နေထိုင်ခွင့်ပြုခဲ့တယ်။

ကရူးဆိတ်စစ်တပ်ကြီး ယေရုဆလင်ကို သိမ်းခဲ့တုန်းက အဖြစ်အပျက်ကို ပြန်ပြောင်းကြည့်ကြပါစို့။ ၁၀၉၉ ခုနှစ်ကပေါ့။ သူတို့တွေဟာ မြို့သူမြို့သားမှန်သမျှ (လူဦးရေ ၇၀ ၀၀၀) ကို သွေးချောင်းစီးသမျှ ရက်ရက်စက်စက် သုတ်သင်သတ်ဖြတ်ခဲ့တယ်။ ဒီတော့ ဆလာဟွတ်ဒင်းရဲ့ စစ်တပ်ကြီး ယေရုဆလင်ကို ပြန်သိမ်းခါနီးမှာ မြို့ထဲမှာရှိတဲ့ ခရစ်ယာန်ပြည်သူတွေက မွတ်စလင်တွေကို လွန်ခဲ့တဲ့ ၈၈ နှစ်က ကရူးဆိတ်တွေ ကျူးလွန်ခဲ့တဲ့အတိုင်း သူတို့ကို ပြန်လည်လက်စားချေ တော့မှာလား ဆိုတဲ့ အတွေးနဲ့ ကမ္ဘာပျက်တဲ့အလားကြောက်ရွံထိတ်လန့်နေခဲ့ကြရှာတယ်။ မိခင်တွေက သမီးငယ်လေးတွေ မုဒိမ်းအကျင့်မခံရအောင် ဆံပင်တွေ တိုနံ့နံ့ ညှပ်ပေးလိုက်ကြတယ်။ ဘုန်းကြီးတွေကတော့ သူတို့ပိုင်ဆိုင်တဲ့ ကျောက်သံပတ္တမြားတွေနဲ့ ချာခ်ျကျောင်း ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ အဖျက်အဆီးမခံရအောင် လျှို့ဝှက်စွာ ဖွက်နေကြတယ်။

ဒါပေမဲ့ သူတို့အထင်နဲ့အမြင်က တက်တက်စင်အောင် လွဲချော်နေတယ်။ ဆလာဟွတ်ဒင် မြို့ထဲလည်း ၀င်ရော တစ်မြို့လုံးကို ဆေးကြောဖို့ အမိန့်ပေးတယ်။ နှင်းဆီရေနဲ့ကို ဆေးခိုင်းတာခင်ဗျ။ စစ်သူကြီး ဖြစ်လင့် ကစား သူကိုယ်တိုင် အလ်-အက္ကဆာ ဗလီဝတ်ကျောင်း တော်ရဲ့ ကြမ်းပြင်ကို နှင်းဆီရေနဲ့ အသေအချာ တိုက်ချွတ်ဆေးကြောခဲ့တယ်။ သူ့နောက်လိုက် စစ်သည်တော်တွေကလည်း အမိန့်အတိုင်း ဆေးကြ ကြောကြတာပေါ့။ တစ်ပတ်လောက်ကြာအောင် မြို့ထဲက ရှိသမျှ အဆောက်အအုံတွေကို တိုက်ချွတ်ဆေး ကြောပြီးချိန်မှာတော့ တစ်မြို့လုံး နှင်းဆီရနံ့တွေနဲ့ ကြိုင်နေအောင် မွှေးသွားပါတော့တယ်။

ခရစ်ယာန် စစ်သူကြီး တစ်ယောက်ဖြစ်တဲ့ အင်္ဂလန်ပြည့် ရှင် ခြင်္သေ့နှလုံးသား ဘုရင်မင်းမြတ် ရစ်ချက်က တတိယ မြောက် ကရူးဆိတ်စစ်တပ်ကြီးကို ဦးဆောင်ပြီး ယေရုဆလင် ကို ပြန်လည်သိမ်းပိုက်ဖို့ ကြံစည်ခဲ့တယ်။ ဒါနဲ့ ဆလာဟွတ်ဒင် လက်အောက်ကျရောက်နေတဲ့ မြို့ကို တိုက်စစ်ဆင်နေတုန်း ဘုရင်ရစ်ချက် နေမကောင်း ဖြစ်ပါလေရော။ သူ့ရဲ့ပြိုင်ဘက်၊ ရန်သူတော်ဖြစ်လင့် ကစား ရစ်ချက်နေမကောင်းဘူးလို့ သတင်းရတာနဲ့ ဆလာဟွတ်ဒင်းက သူ့ရဲ့ သမားတော်ကို ရစ်ချက် အတွက် စေလွှတ်ပေးခဲ့တယ်။ ဒါတင်ဘယ်ကဦးမလဲ။ အဖျားဒဏ်သက်သာပျောက်ကင်းစေဖို့ ရေခဲတွေအပြင် အာဟာရပြည့်ဝပြီး ကျန်းမာလာအောင် သစ်ဥသစ်ဖု တွေလည်း လက်ဆောင်ပဏ္ဍာပို့သခဲ့တယ်။ အချိန်တိုအတွင်း ရစ်ချက် ပြန်လည် ကျန်းမာလာပြီး ဆလာဟွတ်ဒင်းရဲ့ စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ပါ တော့တယ်။

တိုက်ပွဲအပြင်းအထန်ဖြစ်နေတုန်း ရစ်ချက်ရဲ့ စီးတော်မြင်း အသတ်ခံလိုက်ရပါရော။ ဒါနဲ့ ဆလာဟွတ်ဒင်း က ရန်သူ စစ်သူကြီးကို မထိဖို့ သူ့စစ်သားတွေကို အမိန့်ပေး လိုက် တယ်။ ပြီးတော့ ရစ်ချက်အနေနဲ့ တိုက်ပွဲဆက်ဝင်နိုင် အောင် မြင်းတစ်ကောင်ကို ပို့ပေးလိုက်သေးတယ်။

ဆလာဟွတ်ဒင်း ကွယ်လွန်ချိန်မှာ မွတ်စလင်အင်ပါယာ ကြီး ကို တစ်စုတစ်စည်းထဲဖြစ်အောင် အုပ်ချုပ်နိုင် ခဲ့တယ်။ သူ့ရဲ့ အင်ပါယာထဲမှာ ယေရုဆလင်အပါအ၀င် ဆီရီးယား အီဂျစ်တို့လည်း ပါဝင်တယ်။ အံ့သြဖွယ်ကောင်းတာက အင်ပါယာကြီးတစ်ခုရဲ့ ပြည့်ရှင်ကြီး ကွယ်လွန်တော့ ပြည့်ရှင်ကြီးရဲ့ ပိုင်ဆိုင်မှုဟာ ငွေပြား ၄၇ ပြားထက်မပို၊ ရွှေဒင်္ဂါးတစ်ပြားနဲ့ မြင်း တစ်ကောင် သာ ရှိပါသတဲ့။

Historia Factory
Reference: http://www.whyislam.org/muslim-he…/salahuddin-ayyubi-saladin

(စတီဗင်)

CRD Twal Har

Leave a comment