Leave a comment

သန်းခေါင် စာရင်းသည် အိမ်ထောင်စု စာရင်း မဟုတ်ပါ …

Image result for သန်းခေါင် စာရင်းသည် အိမ်ထောင်စု စာရင်း မဟုတ်ပါ

မြန်မာ့အလင်း
အငြိမ်းစားဝန်ထမ်းတစ်ဦး

သန်းခေါင်စာရင်းနှင့် အိမ်ထောင်စုစာရင်းဆိုတာ အတူတူ ပဲလို့ လူအတော်များများက ထင်မှတ်မှားနေကြ ပါသည်။ အရပ်ထဲမှာတော့ လူတွေက သန်းခေါင်စာရင်းခေါ်လိုက်၊ အိမ်ထောင်စုစာရင်းလို့ ခေါ်လိုက်နှင့် ရောထွေးနေကြပါ သည်။ အိမ်ထောင်စုစာရင်းလို့ခေါ်တဲ့သူ အတော်နည်း ပါသည်။
ကျွန်တော်ဝန်ထမ်းဘ၀တွင်ရှိစဉ်က ဌာနဆိုင်ရာ အချင်းချင်း    ပုဂ္ဂိုလ်ရေးခင်မင်မှုအရ   အကူအညီ တောင်းကြသူတွေ အားလုံးနီးပါးက  သန်းခေါင်စာရင်း လို့ပဲ   လွယ်လင့်တကူခေါ်ကြတာ   တွေ့ရပါသည်။ အကြောင်းတိုက်ဆိုင်သည့်အခါ ဌာနဆိုင်ရာအစည်း အဝေးတွေမှာ  ဒီဝေါဟာရနှစ်ခု    မတူကွဲပြားပုံနှင့်  လုပ်ထုံးလုပ်နည်းများကို အလျဉ်းသင့်သလို ရှင်းလင်း တင်ပြခဲ့ဖူးပါသည်။ ဟိုတစ်လောကတောင် သတင်းစာ တစ်စောင်မှာပါသည့်    အလုပ်ကြော်ငြာစာထဲမှာ သန်းခေါင်စာရင်းဆိုပြီး    တွေ့လိုက်ရသေးသည်။ ဒီအကြောင်းကို အသေးစိတ်ရှင်းမပြမီ  ဝန်ဆောင်မှုပေး နေသည့်  ဝန်ကြီးဌာနဖြစ်ပေါ်လာပုံကို တင်ပြမှသာ ပိုမိုပြည့်စုံမှာမို့ အကျဉ်းမျှ တင်ပြပါရစေ။

မြန်မာ့နယ်နိမိတ်
မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ၁၃၉၅ မိုင်၊ လာအိုနှင့် ၁၅၅ မိုင်၊ ထိုင်းနှင့် ၁၁၁၈ မိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် (ရေ ၃၉.၅ + ကုန်း ၁၂၉.၂ = ၁၆၈.၇)မိုင်၊ အိန္ဒိယနှင့် ၉၀၉ မိုင် ထိစပ်နေပြီး ကမ်းရိုးတန်း အရှည် ၁၃၈၅ မိုင်ရှိကြောင်း၊ လူဦးရေ တစ်ဘီလီယံ ကျော်ရှိသည့် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်ခု ကြားတွင် တည်ရှိကြောင်း အများစုသိရှိပြီး ဖြစ်ပါမည်။

ရှေးခေတ်မြန်မာ့နယ်နိမိတ်
၁၈၂၄ ခုနှစ် မတိုင်ကာလများတွင် မြန်မာဘုရင့် နိုင်ငံတော်နယ်နိမိတ်သည် ဇင်းမယ်၊ စစ်တကောင်း၊ အာသံ၊ မဏိပူရအထိ ကျယ်ဝန်းခဲ့ဖူးကြောင်း သမိုင်း မှတ်တမ်းများ၌ အထင်အရှားရှိခဲ့သည်။ ထိုစဉ်က မြန်မာ့ မြေ၌  တိုင်းရင်းသားများသာ နေထိုင်ကျက်စားခဲ့ကြ သည်။  မြန်မာ့ပိုင်နက်မြေသည် ၁၈၂၄ ခုနှစ်မှစ၍ နယ်ချဲ့ လက်အောက်သို့ တစ်စတစ်စကျရောက်ခဲ့ပြီး ၁၈၈၅ ခုနှစ်တွင်  မြန်မာ့ထီးနန်းကျိုးပေါက်ကာ ၁၈၈၆ခုနှစ် ဇန်နဝါရီလတွင် မြန်မာ့နယ်နိမိတ် လုံးဝကွယ်ပျောက် ခဲ့ရပါသည်။ နယ်စည်းမခြားဖြစ်သွားပြီးနောက် တိုင်း တစ်ပါးသားများအား အကန့်အသတ်မရှိ ခေါ်သွင်း၍ ဈေးပေါသည့်လုပ်သားများအဖြစ် အခြေချ နေထိုင်စေ ခဲ့ကြပါသည်။ သို့ရာတွင် ၎င်း၏ ကိုလိုနီနယ်မြေအတွင်း အခြားသော ဥရောပသားများ ဝင်ရောက်ခြေမရှုပ်စေရန် ရည်ရွယ်၍ ၁၈၆၄ ခုနှစ်တွင် The Foreigners Act 1864 (Indian Act) ပြဋ္ဌာန်းခဲ့သည်ကိုလည်း တွေ့ရပါသည်။

လူဝင်မှုကြီးကြပ်ရေးဌာနခွဲ
အတားအဆီးမရှိဝင်ရောက်ကြသော နိုင်ငံခြားသား များအား  ပြည်ဝင်ခွင့်  (Visa)   ဖြင့်သာ    ခွင့်ပြုရန် ၁၉၃၇ ခုနှစ် မတ်လတွင် The Government of Burma (Immigration) Order ကို ထုတ်ပြန်ခဲ့သည်။ ၁၈၆၄ ခုနှစ် အက်ဥပဒေကို အခြေခံ၍ ၁၉၄၀ ပြည့်နှစ် မတ်လ တွင် နိုင်ငံခြားသားများမှတ်ပုံတင်ရေး အက်ဥပဒေကို ပြဋ္ဌာန်းပြီး ၁၉၄၁ ခုနှစ် ဩဂုတ်လတွင် လူဝင်မှုကြီးကြပ် ရေးဗျူရို (Immigration Bureau) ဘုတ်အဖွဲ့ကို စတင် ဖွဲ့စည်းသည်။ ၁၉၄၅ခုနှစ် ဩဂုတ်လတွင် ဝန်ထမ်း ၂၂ ဦးပါဝင်သော “လူဝင်မှုကြီးကြပ်ရေးဌာနခွဲ” အဖြစ် တိုးမြှင့်ဖွဲ့စည်းပြီး၊ အက်ဥပဒေနှင့်အညီ နိုင်ငံခြားသားထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

မှတ်ပုံတင်အရာရှိချုပ်ရုံးနှင့် သန်းခေါင်စာရင်းမင်းကြီးရုံး
လွတ်လပ်ရေးရပြီးနောက်   နိုင်ငံတော်လုံခြုံရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်  နိုင်ငံ အတွင်း နေထိုင်သူများအား မှတ်ပုံတင်ရန်နှင့် ဒေသ အလိုက် လူနေစာရင်းများ လိုအပ်သဖြင့် ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း    နေထိုင်သူများမှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ဇန်နဝါရီလတွင် နည်းဥပဒေ ကို ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၅၁ ခုနှစ် ဩဂုတ်လတွင် မှတ်ပုံတင်အရာရှိချုပ်ရုံးကို ဝန်ထမ်း ၉၁ ဦးဖြင့် စတင် ဖွဲ့စည်းပြီး ၁၉၅၂ခုနှစ် တွင် မှတ်ပုံတင်လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ လူမှုဖွံ့ဖြိုးရေးနှင့် စီးပွားရေး စီမံကိန်းများ   ဖော်ဆောင်ရာတွင်   တိကျမှန်ကန်သော လူဦးရေ (ပြည်သူ့အင်အား)  စာရင်းဇယားသည်  မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်နှင့်အညီ  ၁၉၅၀ပြည့်နှစ် ဖေဖော်ဝါရီ လတွင် သန်းခေါင်စာရင်းမင်းကြီးရုံးကို ဖွဲ့စည်းခဲ့ပါသည်။

ဝန်ကြီးဌာနဖွဲ့စည်းခြင်း
လူဝင်မှုကြီးကြပ်ရေးဌာနခွဲနှင့်    သန်းခေါင်စာရင်း မင်းကြီးရုံးတို့ စုပေါင်း၍ ၁၉၅၇ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာန”အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၈ခုနှစ် ဒီဇင်ဘာလတွင် သန်းခေါင်စာရင်းမင်းကြီးရုံးကို ထပ်မံထည့်သွင်းခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် ဝန်ကြီးဌာနအား ဖျက်သိမ်း၍ “လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန”အမည်ဖြင့် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနအောက်တွင် ထားရှိခဲ့ပါသည်။ ၁၉၉၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင်  လူဝင်မှု ကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ လက်ရှိတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန အဖြစ် ရပ်တည်လျက်ရှိပါသည်။ လက်အောက်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့်    အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ရှိပြီး

အဓိက  တာဝန်ကြီး သုံးရပ်မှာ –
(က) လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း
(ခ ) အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံ တင်လုပ်ငန်း
(ဂ  ) ပြည်သူ့အင်အားစာရင်း ကောက်ယူထိန်းသိမ်း ရေးလုပ်ငန်း …  တို့ဖြစ်ပါသည်။
ဝန်ကြီးဌာနတစ်လှည့်၊    ဦးစီးဌာနတစ်လှည့်စီဖြင့် တည်ရှိလာခဲ့ပြီး၊ စီးပွားရေးနှင့် သက်ဆိုင်သည့် ဌာန မဟုတ်သော်လည်း   လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဖြစ်သည့် Stay ၊ visa နှင့်  အမြဲတမ်းနေထိုင်ခွင့် (PR) လက်မှတ်အခွန်အခများမှ နိုင်ငံခြားဝင်ငွေရရှိသည့် ဌာန ဖြစ်ပါသည်။ နှစ်စဉ်ဘတ်ဂျက်(အရ-အသုံး) စာရင်းတွင် အမြဲတမ်းပိုငွေ (+ ive) ပြသည့် ဌာနဖြစ်ပါသည်။

သန်းခေါင်စာရင်း 
လက်အောက်ခံဌာနတစ်ခုဖြစ်သည့် “ ပြည်သူ့အင်အား ဦးစီးဌာန”သည် ဝန်ကြီးဌာန၏ အဓိက တာဝန်ကြီး (၃)ရပ်အနက် ပြည်သူ့အင်အားစာရင်းကောက်ယူထိန်းသိမ်း ရေး (သန်းခေါင်စာရင်း) လုပ်ငန်းတာဝန်ကို  အကောင် အထည်ဖော်ဆောင်ရသော ဌာနဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ BC 500 ခန့် တကောင်းမင်းဆက်မှစ၍ လူဦးရေစာရင်း ကောက်ယူသည့်  ဓလေ့ရှိနေပြီး ဖြစ်ပါသည်။  စစ်သည် ရဲမက်စုဆောင်းခြင်းနှင့် အခွန်ဘဏ္ဍာကောက်ခံရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ သာလွန်မင်းကြီးလက်ထက် ၌  လူစာရင်းမကျန်ရှိစေရန်အတွက်  လူများသွားလာ လှုပ်ရှားမှုမရှိသည့် အိပ်စက်နားနေချိန်၊ ညသန်းခေါင်ယံ အချိန်တွင် မြို့၊ ရွာ၊ ဇနပုဒ်အားလုံးတို့၌ တစ်ပြိုင်တည်း လူစာရင်းကောက်ယူခဲ့သည်ကို အစွဲပြု၍ “ သန်းခေါင် စာရင်း” အသုံးအနှုန်းစတင်ခဲ့ကြောင်း မှတ်သားသိရှိရပါ သည်။
သန်းခေါင်စာရင်းအမျိုးအစားနှင့် မြန်မာနိုင်ငံ၌

သန်းခေါင်စာရင်းကောက်ယူခြင်း
သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေ ရေတွက်ခြင်း သာမက လူတို့၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးအကြောင်း အရာတို့ကိုပါ နေ့တစ်နေ့၏ အချိန်တစ်ချိန်တွင် တစ်ပြိုင် တည်းကောက်ယူသည့် စာရင်းအင်း ဖြစ်သည်ဟု ခေတ်နှင့် အညီ အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ လူဦးရေသန်းခေါင် စာရင်း၊ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ စိုက်ပျိုးရေး သန်းခေါင်စာရင်း၊ ကျွဲနွားသန်းခေါင်စာရင်းနှင့် စီးပွား ကုန်သွယ်ရေး သန်းခေါင်စာရင်း စသည်ဖြင့် သန်းခေါင် စာရင်းအမျိုးမျိုးရှိပါသည်။ သန်းခေါင်စာရင်းကို ၁၀နှစ် တစ်ကြိမ်ကောက်ယူပြီး    ချမ်းသာသည့်  နိုင်ငံများတွင် ငါးနှစ်တစ်ကြိမ် ကောက်ယူကြပါသည်။
(၁၀) နှစ်မပြည့်မီကြားကာလ၌    တိုးပွားလာသော လူဦးရေကို အနီးစပ်ဆုံးခန့်မှန်းနိုင်ရန် ဒေသအလိုက် နေထိုင် သည့် လူဦးရေအနည်းအများအပေါ် မူတည်၍ အချိုးကျ ရွေးချယ်သည့်စနစ် (Probability Proportionate to size; PPS) ဖြင့် နမူနာကောက်ကွက်များရွေးချယ်ပြီး ကြားဖြတ် သန်းခေါင်စာရင်းကောက်ယူကြရပါသည်။
၁၈၇၂ ခုနှစ်တွင် အင်္ဂလိပ်ပိုင်နက် အောက်မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ပါသည်။ ထို့နောက် ၁၈၉၁ ခုနှစ်တွင် တစ်ပြည်လုံး၌ကောက်ယူခဲ့ပြီး ၁၉၄၁ ခုနှစ်အထိ ၁၀ နှစ်တစ်ကြိမ် မှန်မှန် ကောက်ယူခဲ့ပါသည်။ ကြားကာလများတွင် ၁၉၅၃ ခုနှစ်နှင့် ၁၉၅၇ ခုနှစ်တို့၌ မြို့ရွာအနည်းငယ်သာ ကောက်ယူနိုင်ခဲ့ပါသည်။ လမ်းစဉ် ပါတီခေတ် ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် လူထုလှုပ်ရှားမှုအသွင်ဖြင့် တစ်ပြည်လုံး၌ ကောက်ယူခဲ့ပါသည်။ မှတ်တမ်းများအရ လူဦးရေမှာ ၁၈၇၂ ခုနှစ်တွင် ၂ ဒသမ ၇ သန်း၊ ၁၈၉၁ ခုနှစ်တွင် ၇ ဒသမ ၇ သန်း၊ ၁၉၀၁ ခုနှစ်တွင် ၁၀ ဒသမ ၅ သန်း၊ ၁၉၁၁ ခုနှစ်တွင် ၁၂ ဒသမ ၁ သန်း၊ ၁၉၂၁ ခုနှစ်တွင် ၁၃ ဒသမ ၂ သန်း၊ ၁၉၃၁ ခုနှစ်တွင် ၁၄ ဒသမ ၇ သန်း၊ ၁၉၄၁ ခုနှစ်တွင် ၁၆ ဒသမ ၈ သန်း၊ ၁၉၇၃ ခုနှစ်တွင် ၂၈ ဒသမ ၉ သန်း၊ ၁၉၈၃  ခုနှစ်တွင် ၃၅  ဒသမ  ၃ သန်းရှိခဲ့ကြပါသည်။  ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းပြီးနောက်  နှစ်ပေါင်း ၃၀ ခန့် ကောက်ယူ နိုင်ခြင်းမရှိခဲ့ဘဲ ၂၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂ၏ အကူအညီ ဖြင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မေးခွန်းပေါင်း ၄၀ ဖြင့် မေးမြန်း၍ ကောက်ယူနိုင်ခဲ့ပါသည်။ လူဦးရေမှာ ကျား ၂၅ ဒသမ  ၃၄ သန်း၊ မ ၂၆ ဒသမ ၁၅ သန်း၊ စုစုပေါင်း ၅၁ ဒသမ ၄၉ သန်းရှိပြီး မ လူဦးရေမှာ ကျား လူဦးရေထက် တစ်သန်းခန့်ပိုမိုနေသည်ကို တွေ့ရပါသည်။

သန်းခေါင်စာရင်းနှင့်လူဦးရေမူဝါဒ
သန်းခေါင်စာရင်းမှ  ရရှိသည့်   အချက်အလက်များ အပေါ်  မူတည်၍  ကမ္ဘာ့နိုင်ငံများသည်   မိမိနိုင်ငံ၏ ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေးတို့နှင့် ကိုက်ညီသည့် လူဦးရေမူဝါဒချမှတ် ဆောင်ရွက်လေ့ရှိပါသည်။  ဥပမာ-  တရုတ်နိုင်ငံသည်တစ်အိမ်ထောင်ကလေး တစ်ဦးသာယူရန်၊ ပထမဆုံးကလေးသည် မိန်းကလေးဖြစ်ပါက နောက်ထပ် တစ်ဦး ထပ်မံခွင့်ပြုပြီး နှစ်ဦးယူရန်၊ မူဝါဒချမှတ်ကျင့်သုံးလျက်ရှိပါသည်။ ၁၉၇၄ခုနှစ် ဘူခါရက်ကမ္ဘာ့လူဦးရေ ညီလာခံမှ သတ်မှတ်ခဲ့သည့် လူဦးရေမူဝါဒဆိုသည်မှာ လူဦးရေကို  အကျိုးသက်ရောက်စေသည့်   မွေးဖွားမှု၊ သေဆုံးမှု၊ ပြည်တွင်း/ပြည်ပ ပြောင်းရွှေ့နေထိုင်မှု၊ ပထဝီ ဒေသအလိုက် လူဦးရေပြန့်ပွားနေထိုင်မှုတို့နှင့် ဆက်နွှယ် နေသည့် မူဝါဒများနှင့် လူမှုရေး၊ စီးပွားရေးဆိုင်ရာမူဝါဒ၊ အစီအစဉ်များအားလုံးကို ဆိုလိုခြင်းဖြစ်ပါသည်။ မြန်မာ နိုင်ငံ၌လည်း ၂၀၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှ ရရှိသည့် အချက်အလက်များကို အခြေခံ၍ လူဦးရေဆိုင်ရာ အစီအစဉ်များ၊ စီမံချက်များကို ကမ္ဘာ့လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) နှင့် (MoU) ရေးထိုး၍  ဆောင်ရွက်လျက်ရှိပါ သည်။ ပြီးခဲ့သည့်  အစိုးရလွှတ်တော်သက်တမ်းအတွင်း လွှတ်တော်ဆိုင်ရာလူဦးရေကော်မရှင်ကို    ဖွဲ့စည်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်   အခြားနိုင်ငံတကာ လွှတ်တော်ဆိုင်ရာ လူဦးရေကော်မရှင်များနှင့် ချိတ်ဆက်၍ အပြန်အလှန် လည်ပတ်လေ့လာမှုများ ပြုလုပ်ခဲ့ကြပါသည်။ ယခုအခါ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း အကြို ကြားဖြတ် ကာလ ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းများကို တိုင်းဒေသ ကြီး/ ပြည်နယ်တို့တွင် ကွင်းဆင်းကောက်ယူလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ် ပါသည်။

အိမ်ထောင်စုစာရင်း (အိမ်ထောင်စုလူဦးရေစာရင်း)
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနသည်  ဝန်ကြီးဌာန၏     အဓိကတာဝန်ကြီး နှစ်ရပ်ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းတာဝန်နှင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရသော ဌာနဖြစ်ပါသည်။ တစ်နိုင်ငံ လုံးတွင်  အခြေခံမြို့နယ်ရုံး ၃၃၀ နှင့် မြို့ (မြို့နယ်ခွဲ) ရုံး ၈၀ကျော်တို့ဖြင့်  ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ လူဝင်မှု ကြီးကြပ်ရေးလုပ်ငန်းများဖြစ်သည့်   ဗီဇာ(Visa)၊ နေထိုင် ခွင့် (Stay) ထုတ်ပေးခြင်း၊ နိုင်ငံခြားသား၊   နိုင်ငံသားများ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်/ထွက်ခြင်းနှင့်  နိုင်ငံ အတွင်း တရားမဝင်နေထိုင်ခြင်းများကို စိစစ်ဖော်ထုတ် အရေးယူခြင်း၊ ပြည်နှင်ခြင်းလုပ်ငန်းများနှင့် နိုင်ငံသား များအား အိမ်ထောင်စုစာရင်း (ခေါ်) အိမ်ထောင်စု လူဦးရေစာရင်းထုတ်ပေးခြင်း/   ပယ်ဖျက်ခြင်းနှင့် နိုင်ငံသားအရည်အချင်းစိစစ်၍ မှတ်ပုံတင် (နိုင်/ဧည့်/ပြု) ကတ်ပြားထုတ်ပေးခြင်းများကို ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။
၁၉၄၉ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေနှင့် ၁၉၅၁ခုနှစ် နည်းဥပဒေများ အရ ဒေသအလိုက်မြေပုံများရေးဆွဲခြင်း၊ မြေပုံပေါ်တွင်  အဆောက်အအုံများကို မှတ်တမ်းတင်ခြင်းနှင့် အဆောက် အအုံအတွင်း နေထိုင်သူများအား အိမ်ထောင်စုအလိုက် လူဦးရေစစ်ဆေးခြင်း (ဆွဲ၊ တင်၊ စစ်) လုပ်ငန်းကို    ဦးစွာ ဆောင်ရွက်ကြရပါသည်။   ပြီးနောက် အိမ်ထောင်စု အလိုက် တစ်ဦးချင်းစီ၏  အမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ အဖအမည်၊ အိမ်ထောင်ဦးစီးနှင့် တော်စပ်ပုံ၊ အလုပ် အကိုင်၊ မှတ်ပုံတင်အမှတ်… စသည် ဖြင့် ပါရှိသည့်ဇယား တိုင်များတွင် အမှတ်စဉ်(၁)၌ အိမ်ထောင်ဦးစီးကို ဦးစွာ ရေးသွင်း၍ ကြီးစဉ်ငယ်လိုက် အိမ်ရှိလူကုန်၏ အချက် အလက်များကို ရေးသွင်းရပါသည်။ ထိုသို့ရေးသွင်းထား သည့် “အိမ်ထောင်စု လူဦးရေစာရင်း”ကို ရုံးလက်ခံ တစ်စောင်ထား၍ ကာယကံရှင်အိမ်ထောင်ဦးစီးအား   တစ်စောင်  ထုတ်ပေးရပါသည်။   ထိုလုပ်ငန်းသည် မှတ်ပုံတင်လုပ်ငန်းတွင် အဓိကဖြစ်ပြီး    အခြေခံအကျဆုံး လုပ်ငန်းဖြစ်ပါသည်။ ထိုအိမ်ထောင်စုလူဦးရေစာရင်း မှတ်တမ်းစာရွက်ကို   အခြေပြု၍  အခြားဒေသမှ လိပ်စာပြောင်း အရပ်အခေါ် ပုံစံ-(၁၀)ပုံစံဖြင့် ပြောင်းဝင် လာသူအား နောက်တိုးစာရင်းသွင်းခြင်း၊ လက်ရှိလိပ်စာ မှ ပြောင်းထွက်သွားပါက လိပ်စာပြောင်း အရပ်အခေါ် ပုံစံ-(၁၀) ပုံစံထုတ်ပေး၍ စာရင်းမှ ပယ်ဖျက်ခြင်း၊ ကလေး မွေးဖွားပါက မွေးတိုးစာရင်းရေးသွင်းခြင်း၊ သေဆုံးပါက ပယ်ဖျက်ခြင်း စသည်ဖြင့် (လာ၊ သွား၊ မွေး၊ သေ) လူဦးရေ စာရင်းပြောင်းလဲခြင်း လေးမျိုးကို  အချိန်နှင့်တစ်ပြေးညီ   ရုံးလက်ခံမှတ်တမ်းစာအုပ် (Register) လေးခုတွင် နေ့စဉ် စနစ်တကျရေးသွင်းရပါသည်။
အိမ်ထောင်စုလူဦးရေစာရင်းတွင်  အမည်ပါရှိသူ များကို သက်ဆိုင်ရာမြို့နယ်ရုံးမှ ၁၉၈၂ ခုနှစ်  မြန်မာ နိုင်ငံသားဥပဒေအရ နိုင်ငံသားအရည်အချင်း စိစစ်၍ မှတ်ပုံတင်(နိုင်/ဧည့်/ပြု) ကတ်ပြား (၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့်၊ (၁၀) နှစ်ပြည့်မှ  (၁၈) နှစ်ပြည့်လဲလှယ်ခြင်းနှင့် ပျောက်ဆုံး/ပျက်စီး  မိတ္တူထုတ်ပေးခြင်း   စသည့် ဝန်ဆောင်မှုလေးမျိုးကိုလည်း နိစ္စဓူဝဆောင်ရွက်ပေး လျက်ရှိပါသည်။ သို့သော်လည်း တိုးပွားလာသည့် လူဦး ရေနှင့် ပြည်တွင်းရွှေ့ပြောင်းသွားလာမှု  များပြားသော ယနေ့ခေတ်တွင် ဝန်ဆောင်မှု ရယူလိုသူ  များပြားလာ သည့်အတွက် ရုံးသို့လာရောက်သည့် အလွှာရှင်ပြည်သူ လူထုအား ဝန်ထမ်းများက အထက်ပါဝန်ဆောင်မှု ရှစ်မျိုး ကို နေ့စဉ်နှင့်အမျှ လက်မလည်အောင် ဆောင်ရွက်ပေး သော်ငြား ဝန်နှင့်အား မမျှသည့်ကြားသို့ ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ထိုးဖောက်လာသည့် အဂတိမက်လုံးများ ကြောင့် အမည်မည်း စာရင်းဝင်ဌာနများစာရင်း၌ အမှတ်စဉ်(၃)မှ လိုက်ပါနေရခြင်းဖြစ်ပါသည်။
၁၉၅၁ခုနှစ် မှတ်ပုံတင်ရေးနည်းဥပဒေအရ လူတစ်ဦး သည် လိပ်စာတစ်နေရာတည်း၌သာလျှင်  အမည်စာရင်း ပါဝင်ရမည် ဖြစ်ပါသည်။ တစ်နေရာထက်ပိုမို၍ အမည် စာရင်းပါဝင်နေပါက ၁၉၄၉ ခုနှစ် မှတ်ပုံတင်အက်ဥပဒေ ပုဒ်မ ၆(၂)၊ ၆(၃) တို့အရ အရေးယူခံရနိုင်ပါသည်။ ထို့အတူ လူတစ်ဦးတည်းမှ နံပါတ်မတူသည့် မှတ်ပုံတင် (နိုင်/ဧည့်/ပြု)ကတ်ပြား နှစ်ခု ကိုင်ဆောင်ထားပါက ပြစ်မှု ဆိုင်ရာ ဥပဒေဖြင့် အရေးယူခံရမည် ဖြစ်ပါသည်။ လူဦးရေ စာရင်းဇယား  တိကျမှန်ကန်ရေးသာမက  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ (နာမည်အမျိုးမျိုးဖြင့် ခြေရာ ဖျောက်၍ ရှောင်တိမ်းနေထိုင်သည့် ရာဇဝတ်သားများ မရှိစေရေး) အတွက် “အိမ်ထောင်စုလူဦးရေစာရင်း” သည်များစွာ အထောက်အကူဖြစ်စေပြီး နိုင်ငံသားတိုင်း၊  အိမ်ထောင်စုတိုင်းအတွက်    မရှိမဖြစ်လိုအပ်သည့် မပျောက်မပျက်ထိန်းသိမ်းရမည့် အရေးကြီးသက်သေခံ စာရွက်စာတမ်းတစ်ခု ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သန်းခေါင်စာရင်းသည် အိမ်ထောင်စု စာရင်းမဟုတ်ပါကြောင်း ဗဟုသုတမျှဝေသည့် အနေဖြင့် ရေးသားတင်ပြလိုက်ရပါသည်။         ။

Myanmaalinn
Copy##

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: