Leave a comment

အာရ်ကာန် (ခ) ရခိုင် နိုင်ငံတော်နှင့် ရိုဟင်ဂျာ သမိုင်း အကျဉ်း

စန္ဒာ့ဇာနည်

RB News
12.6.2013

အာရ်ကာန် နိုင်ငံသည် ရှေးနှစ်ပေါင်း ၅၀၈၄ နှစ်မှစ၍ စတင် ပေါ်ပေါက် ခဲ့သော နိုင်ငံတော် ဖြစ်သည်။ ၎င်းတွင် ခေတ် ၄-ခေတ် ဒေညာဗာတီ (ခ) ဓည၀တီ၊ ဗေဆာလီ (ခ) ဝေသာလီ၊ လေးမြို့၊ မြို့ဟောင်း (ခ) မြောက်ဦးခေတ် ဟူ၍ ခေတ် ၄-ခေတ် ပေါ်ထွန်း ခဲ့သည်။ ယ္ခုအခါ ထိုနိုင်ငံတော် ကြီး သည် မြန် မာ နိုင်ငံ၏ ပြည်နယ် တစ်ခု အဖြစ် ရပ်တည် နေရ ပါသည်။ ၎င်းပြည်သည် မြှောက်လတ္တီကျူး ၁၇ ဒီဂရီ၊ ၁၅ မိနစ် နှင့် ၂၁ ဒီဂရီ၊ ၁၁ မိနစ် အရှေ့ လောင်ဂျီကျူး ၉၂ ဒီဂရီ၊ ၁၁ မိနစ်နှင့် ၉၄ ဒီဂရီ၊ ၅၅ မိနစ်အတွင်း တည်ရှိ နေပါသည်။ နတ်မြစ်၊ မယူ (ခ) မေယုမြစ်၊ ကုလားတန် မြစ်နှင့် လေးမြို့မြစ် တို့သည် လည်းကောင်း၊ မယူတောင်တန်း၊ ဒေါလမာ (ခ) သြရမ တောင်တန်း၊ စစ်ကိုင်း တောင်တန်းနှင့် ရိုးမ တောင် တန်း တို့သည် လည်းကောင်း၊ မြောက်မှတောင်သို့ စီတန်း စီးဆင်း နေကြ သည်။ တောတောင် ၊ မြစ် ချောင်းအင်းအိုင် ပေါများသော ဒေသ ဖြစ်သည်။
သမိုင်း မပေါ်မီ ကာလ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀-ကျော် လောက်ကပင်စ၍ ဤဒေသတွင် လူမျိုး တစ်မျိုး တည်းသာ နေထိုင် လာခဲ့သည်။ ပုံပန်း သဏ္ဍာန် အားဖြင့် အိန္ဒိယ လူမျိုးနှင့် သဏ္ဍာန် တူသည်။ ဘာသာ ယုံကြည်မှု ဟူ၍ မရှိခဲ့ပေ၊ နောက်ပိုင်းတွင် နေနှင့်လကို ကိုးကွယ် လာခဲ့ ကြသည်။ နေကို ကိုးကွယ်သော သူတို့အား “သူရိယ ၀ံသ“၊ လကို ကိုးကွယ်သော သူတို့အား “စန္ဒ၀ံသ“ ဟူ၍ ခေါ်ဝေါ် သမုတ်ခဲ့ ကြသည်။ ဓည၀တီနှင့် ဝေသာလီခေတ် တို့တွင် အုပ်ချုပ် ခဲ့ကြသော ရှင်ဘုရင် တို့၏ အမည် နာမ များကို လေ့လာ ခဲ့ပါက “စန္ဒြား“ နှင့် “သူရိယ“ဟူသော အမည် နာမများကို တွေ့နိုင်သည်။ ဤသည်မှာ စန္ဒ၀ံသနှင့် သူရိယ ၀ံသတို့၏ မျိုးနွယ်သော ရှင်ဘုရင်များ ဖြစ်ကြောင်း သေချာ လှပေသည်။ စန္ဒ၀ံသ နှင့် သူရိယ၀ံသ တို့ရှိခဲ့ဖူးသော သာဓကပင်။ ဗုဒ္ဓရှင်တော် ပွင့်တော် မူပြီး နောက်ပိုင်း ကာလတွင် ဗုဒ္ဓ ဘာသာသည် အာရ်ကာန်သို့ ရောက်လာခဲ့၍ သူရိယ၀ံသ တို့သည် ဗုဒ္ဓဘာသာကို ယုံကြည် လက်ခံပြီး ဗုဒ္ဓဘာသာ ၀င်များ ဖြစ်လာ ခဲ့ကြပါသည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာဝင် ဘရူဝါ (ခ) မြန်မာကြီးများ ဖြစ်ဟန် ရှိသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့သည် အိန္ဒိယ လူမျိုး တို့၏ ပုံပန်း သဏ္ဍာန်၊ နွားရုပ်ပါ ရုပ်ထု တို့က သက်သေ ထူနေသည်။ စန္ဒ၀ံသတို့ မူကား ဗုဒ္ဓဘာသာကို ယုံကြည် လက်ခံခြင်း မရှိဘဲ လကိုသာ ကိုးကွယ်၍ နေခဲ့ကြသည်။
၈-ရာစုတွင် အာရဗီးယား နိုင်ငံ၌ “တမန်တော်-မူဟမ္မဒ်“၏ မြေးများနှင့် ယာဇိဒ်တို့ အာဏာလုပွဲ ဖြစ်သော “ကရ်ဘလာ“ စစ်ပွဲတွင် မြေးတော်များ စစ်ရှုံး ခဲ့သည်။ ၎င်း၏ မြေးတော် တစ်ပါး ဖြစ်သော ”ဟနီဖါး“သည် အရှေ့ဘက်သို့ ထွက်ပြေး လာရာ၌ အာရ်ကာန်ပြည်၊ မောင်တော၌ ယ္ခုအခေါ် လှဘော်ဇား (ခ) အာရဗ်ရှားဖါရာ (အာရဗ်ဘုရင်၏ ကျေးရွာ) သို့ရောက်ရှိ လာခဲ့သည်။ ဟနီဖါးသည် အနီးအနားရှိ လူများအား စည်းရုံးလျက် အစ္စလာမ် ဘာသာသို့ သွတ်သွင်း နိုင်ခဲ့၍ အင်အား အတော် အသင့် ရှိလာသော အခါ ၎င်းအရပ် တ၀ိုက် မင်းမူ နေသော လူရိုင်း ဘုရင်မ “ခါယာဖူရီ“ နှင့် စစ်ပြိုင် တိုက်ခိုက် အောင်မြင် ခဲ့ကြသည်။ ခါယာဖူရီ ဘုရင်မကို အစ္စလာမ် ဘာသာသို့ စည်းရုံး သိမ်းသွင်းပြီး ထိမ်းမြား လက်ထပ်လျက် ရသေ့တောင် မြို့နယ် အထက် နန်းရာတွင် ထီးနန်း စိုက်ထူကာ အုပ်စိုးခဲ့သည်။ ယ္ခုထက်တိုင် မယူ တောင်တန်း တစ်လျှောက်တွင် “ဟနီဖါး တောင်ထိပ်“ နှင့် “ခါယာဖူရီ တောင်ထိပ်“ ဟူ၍ ခေါ် ဆို နေကြသည်မှာ ၎င်းတို့ ရှိခဲ့ကြောင့် သက်သေ သာဓက များပင် မဟုတ်ပါလား။ တစ်ချိန်တည်း မှာပင် ကရ်ဘလာ စစ်ရှုံးသူ “အာမိရ်ဟမ်းဇား“ မှလည်း မယူမြစ် (ခ) ကုလား ပန်းဇင်း မြစ်ဖျား ရှိ ဂေါ်လောင်ဂျီ မြို့ပြ နိုင်ငံ ကလေးကို တိုက်ခိုက်သိမ်း ယူ၍ တိုင်းသူ ပြည်သား များကို အစ္စလာမ် ဘာသာသို့ စည်းရုံး ခဲ့လျက် နိုင်ငံ ထူထောင် အုပ်ချုပ် ခဲ့သည်။ ထိုမှတစ်ဆင့် ရခိုင်ပြည်မနှင့် ကူးလူး ဆက်ဆံရာမှ ရခိုင် ပြည် မရှိ စန္ဒ၀ံသ တို့သည် အစ္စလာမ်ကို ယုံကြည် လက်ခံ ခဲ့ကြသည်။ အာရဗ် ကုန်သည် များနှင့် အတူ ပါလာ ခဲ့သော အစ္စလာမ် သာသနာပြု များနှင့် သင်္ဘောပျက် အာရဗ် လူမျိုးတို့၏ သွန်သင် စည်းရုံးမှုမှ တစ် ဆင့်လည်း ယခင် မူလ ရှိခဲ့သော စန္ဒ၀ံသ လူမျိုးတို့သည် အစ္စလာမ်ကို ယုံကြည် လက်ခံကြ သည်။ သာဓက အားဖြင့် ဆိုရလျှင် ကျောက်တော် မြို့နယ် ဘောင်းတုတ် ရွာသား အားလုံး လိုလိုပင် အစ္စလာမ်ကို လက်ခံ ခဲ့ကြ၍ မူဆလင်များ ဖြစ်လာ ကြသည်။
ထိုစဉ်က ဤဒေသတွင် မြို့ပြနိုင်ငံ (ဂေါ်လောင်ဂျီ၊ ဓည၀တီ၊ ဝေသာလီ စသော) များသာ ရှိခဲ့ပြီး တစ်ပြည်လုံး၏ အမည် နာမ ဟူ၍ မရှိခဲ့ပေ။ အေဒီ ၈-ရာစုတွင် အာရဗ် ပထ၀ီ ဆရာ “အာလ်-ရီခုန်“ သည် ရခိုင် ပြည်၏ မြေပုံ ဆွဲရင်း၊ သူ့ အမည်နှင့် ဆင်ဆင် ရခိုင်ကို “အာရ်ကာန်“ဟု မည့်ခေါ်ရာမှ “အာရ် ကာန်“ ဖြစ်လာ ခဲ့သည်။ ယ္ခုထိတိုင် နိုင်ငံတကာ တွင် အာရ်ကာန်ဟု တွင်တွင် သုံးစွဲလျက် ရှိသည်။
ကျောက်စာ၊ ခေါင်းလောင်းစာ၊ ရုပ်ထုစာ၊ ဒင်္ဂါးစာ စသော အထောက် အထား များအရ ရခိုင်တွင် ရှိခဲ့ ဖူးသော စာပေ များကို လေ့လာလျှင် ဓည၀တီနှင့် ဝေသာလီခေတ် တို့တွင် ဗြဟမီစာ၊ သက္ကတစာ၊ သင်သက္ကရာဇ်စာ၊ နာဂရီစာ စသော စာပေများ ကိုသာ တွေ့ရသည်။ ရခိုင်စာဟု ခေါ်ဆို နိုင်သော အရေး အသား များကိုမူ အေဒီ၁၀-ရာစု လေးမြို့ ခေတ်တွင်သာ တွေ့ရသည်။ ထိုခေတ် ကာလတွင် ဟိန္နယာန ဆန်သော ဗုဒ္ဓ အယူအဆကို တွေ့နိုင်သည်။ ယခင် ဓည၀တီနှင့် ဝေသာလီခေတ် တို့တွင်မူ ဟိန္ဒူ အယူအဆ၊ မဟာယာန ဗုဒ္ဓ အယူအဆနှင့် ကျောက်စာရှိ (“အလ္လာဟု“ အရေး အသား) အရ အစ္စလာမ် အယူအဆ တို့ရှိကြောင့် တွေ့နိုင်သည်။ အစ္စလာမ် လက်ခံသူ အချင်းချင်း ထိမ်းမြား လက်ထပ်ရာမှ ရိုဟင်ဂျာ မူဆလင်များ တိုးပွား လာခဲ့ ကြသည်။
ဝေသာလီ ဘုရင် မဟာ စန္ဒြားမင်း (အေဒီ ၇၀၀-၈၀၀) လက်ထက်တွင် ဘင်္ဂလား ပင်လယ်၌ အာရဗ် ကုန်သည်များ သင်္ဘောပျက်၍ ရမ်းဗြဲသို့ ရောက်လာရာ “ရဟာမ်း”ဟု အသံပြု အော်ဟစ်၍ အကူ အညီ တောင်းခံခြင်းကို အရင်း တည်ပြီး “ရဟာမ်း လူမျိုး”၊ ထိုမှတစ်ဆင့် “ရိုဟင်ဂျာ” ဖြစ်လာသည်ဟု ၁၈၇၉-ခု ဗြီတိသျှ ဂေဇတ်တွင် ဖော်ပြထား သည်။
၁၄၀၆-ခုနှစ်တွင် အင်းဝ ဘုရင်သည် လောင်းကြက် ရခိုင် မြို့တော်ကို တိုက်ခိုက် သိမ်းပိုက် လိုက် သဖြင့် လောင်းကြက် ဘုရင် နရမိတ်လှသည် ဘင်္ဂလားသို့ ထွက်ပြေး တိမ်းရှောင်လျက် ၂၄-နှစ်တိတိ ဘင်္ဂ လား ဘုရင်ထံတွင် ခိုလှုံ နေခဲ့ ရသည်။ နရမိတ်လှသည် ဘင်္ဂလား ဘုရင်၏ အကူ အညီဖြင့် ရခိုင်ပြည် ကို ပြန်လည်၍ ၁၄၃၀-ခုနှစ်တွင် “အာလီခါန်း“ ဦးစီးလျက် တိုက်ခိုက် သိမ်းပိုက်ပြီး နရမိတ်လှကို မြို့ဟောင်း မြို့တွင် နန်းတင် ပေးခဲ့သည်။ အာလီခါန်းသည် မောင်တောမှ ဘူးသီးတောင် သို့သွားရာ ၌ ကျော်ဖြတ် ခဲ့ရသော မယူ တောင်တန်းရှိ တောင်ကြား လမ်း၊ ယခု မောင်တော- ဘူးသီးတောင် ကား လမ်းကို အာလီခါန်းတောင် ကြားလမ်း (အာလီယောင်း ငေါရ်ဒါးလား) ဟု ယ္ခုထက်တိုင် ဒေသခံ တို့ မှ ခေါ်ဆို နေကြသည်။ ထိုစစ်ပွဲတွင် နရမိတ်လှ နှင့်အတူ ထွက်ပြေး တိမ်းရှောင် ခဲ့သော မူဆလင်နှင့် ရခိုင် လူမျိုး များလည်း ပါဝင် ဆင်နွှဲ ခဲ့ကြသည်။ မူဆလင် များသည် ရွပ်ရွပ်ချွံချွံ တိုက်ခိုက် အနိုင် ယူ နိုင်ခဲ့ သောကြောင့် ၎င်းတို့အား ရခိုင်များက “ကျား” ဟုခေါ်ဆို ခဲ့ကြသည်။ စစ်ပွဲဝင် မူဆလင် များသည် စစ်ပွဲပြီး၍ ယခင် မိမိတို့ နေထိုင် ခဲ့ကြသော ရွာဟောင်းသို့ သွားရောက်ကာ မိမိတို့၏ ရွာဟောင်း များကို ပြန်လည် ထူထောင် နေထိုင်ခဲ့ ကြသည်။ နောက်ပိုင်း စစ်တိုက်ပွဲများ ဖြစ်ပွားတိုင်း ထိုမူဆလင် “ကျား” များ ကို ခေါ်ယူ တိုက်ခိုက် စေခဲ့ ပါသည်။ ထို့ကြောင့် နောင်တွင် ၎င်းမူဆလင် ကျားတို့အား “ရွာဟောင်း ကကျား” ဟုခေါ်တွင် လာခဲ့ရာမှ “ရိုဟင်ဂျာ” ဖြစ်လာခြင်း ဖြစ်သည်။ ဤအချက်ကို ဦးအောင် သာဦး ရေးသော ရခိုင် ရာဇ၀င်တွင် အတိအလင်း ဖော်ပြ ထားသည်ကို တွေ့နိုင်သည်။ ထိုစဉ်က ရခိုင်ပြည်ကို “ရိုဟင်းပြည်”၊ ၎င်း၏ မြို့တော်ကို “မြို့ဟောင်း” ဟုခေါ်ဆို ခဲ့ကြသည်မှာ ထင်ရှားသော သာဓကဖြစ်သည်။ မြို့ဟောင်းဟု ခေါ်ဆို ရာမှ တစ်ပါတီ ခေတ်မှစ၍ “မြောက်ဦး” ဟု ပြောင်း လည်း ခေါ် ဆိုလာ ကြသည်။ မြို့ဟောင်း (မြောက်ဦး) ခေတ်တွင် ရိုဟင်ဂျာ လူမျိုး များအား နန်းရင်းဝန် (မာဂန်)၊ ၀န်ကြီးများ (ဆယိဒ်မူစာ၊ မူဂျလစ်၊ ဆုလေးမာန်း)၊ စစ်သူကြီး (အရှရဗ်ခန်)၊ တရားသူကြီး စသော ရာ ထူးကြီး များတွင် ခန့်ထား ခဲ့ကြသည်။ ထို့အပြင် ရိုဟင်ဂျာ လူမျိုးများ ၀တ်ပြု ကိုးကွယ်ရန် ဗလီကြီး များကို တည်ဆောက် ပေးခဲ့သည်။ ဥပမာ- မြို့ဟောင်း (မြောက်ဦး) နန်းရာကုန်းရှိ ဗလီ၊ ဆန်ဒီခန်းဗလီ၊ မာဂျာဗလီ၊ ကျောက်တော် ပိုက်သည်ရွာရှိ ကာဇီဗလီ၊ ဘူးသီးတောင် ဘဂုံးနားရွာရှိ ဒေါရ်ဂါနှင့် သုသာန်၊ စစ်တွေမြို့ရှိ ဗုဒ္ဓမော်ဗလီ၊ မူဆဒေ၀ါန်ဗလီ စသည်တို့ ဖြစ်သည်။ ၎င်းပြင် နရမိတ်လှ မှစ၍ မင်းဆက် ၁၉-ဆက်တိတိ ရခိုင် အမည်အပြင် မူဆလင် နာမည် များကိုပါ ခံယူ ခဲ့ကြသည်။ ဤအချက် ကပင် ထိုစဉ်က ရိုဟင်း (ရခိုင်) ပြည်တွင် ရိုဟင်ဂျာ မူဆလင် အမြောက် အမြား နေထိုင်ခဲ့ကြောင့် ခိုင်မာသော သာဓက တစ်ရပ် ဖြစ်သည်။
၁၆၆၀-ခုနှစ်တွင် “အက်ဘာ“ ဘုရင်လွန်၍ သားများ နန်းလုပွဲတွင် ရှားရှုဇာ စစ်ရှုံးခဲ့၍ ရခိုင်ဘုရင် စန္ဒ သုဓမ္မမှ ၎င်းအား မက္ကာမြို့သို့ ပို့ဆောင် ပေးမည့် ဂတိနှင့် ရခိုင်ပြည်သို့ ရောက်လာ ခဲ့သည်။ ၃-လ လောက် အကြာတွင် ၎င်း၏ သမီးကို ရခိုင်ဘုရင်ထံ ဆက်သရန် တောင်းဆို ရာမှ တော်လှန် တိုက်ခိုက်မှု ဖြစ်၍ ရှားရှုဂျာနှင့် မိသားစု များကို သတ်ဖြတ် ခဲ့ပါသည်။ သို့သော်လည်း သူ၏ အမြှောက်တပ်၊ လေးတပ် များကိုမူ ရခိုင် စစ်တပ်တွင် ခန့်ထား ခဲ့သည်။ ၎င်းတို့ သည် ပါရှန် လူမျိုးများ ဖြစ်ကြသည်။ ပါရှား ဘာသာ စကားတွင် စစ်ကို “ရွန်” ဟုခေါ်သည်။ မြေပြင်ကို “ဂျ” ဟု ခေါ်ကြသည်။ ၎င်းတို့သည် “ရွန်ဂျ” စစ်မြေပြင် တွင် နေထိုင်သူများ ဖြစ်ကြသည်။ “ရွန်ဂျ” မှ “ရိုဟင်ဂျာ” ဖြစ်လာ ကြသည်။ ဤသည် ကိုလည်း ရခိုင် သမိုင်းတွင် အတိ အလင်း ဖော်ပြ ထားသည်။
၁၇၈၅- ခုနှစ်တွင်မြန်မာ ဗဒုံမင်းက ရခိုင်ပြည်ကို အပြီး အပိုင် သိမ်းပိုက် ခဲ့သည်။ ၁၇၈၅ မှ ၁၈၂၄ အ ထိ နှစ်ပေါင်း ၄၀-တိတိ အတွင်းမြန်မာများအုပ်ချုပ်ခဲ့သည်။မြန်မာ မြို့ဝန် များ၏ ဖိနှိပ်၊ နှိပ် စက် ခြင်းကြောင့် ရိုဟင်ဂျာ၊ ရခိုင် ၂-သိန်းကျော် သေကြေ ခဲ့ကြရသည့် အပြင် ရိုဟင်ဂျာ၊ ရခိုင် တ ၀က်ကျော်မှာ ဖိနှိပ် မှုကို မခံနိုင်၍ ဘင်္ဂလားသို့ ထွက်ပြေး ရသည့် အထောက် အထားများ ရှိသည်။
၁၉၄၈- ခုနှစ်တွင် မြန်မာ နိုင်ငံသည် အချုပ် အခြာ အာဏာပိုင် နိုင်ငံ ဖြစ်လာသည်။ ၁၉၄၇-ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ရိုဟင်ဂျာ မူဆလင် လူမျိုး များအား “Union Citizenship” ပေးခဲ့ ပါသည်။ ၁၉၅၂- ခုနှစ်မှ စ၍ အမျိုးသား မှတ်ပုံတင် ထုတ်ပေး ခဲ့ရာတွင် ရိုဟင်ဂျာ မူဆလင် လူမျိုးတို့ အားလည်း ထုတ်ပေး ခဲ့ပါသည်။ ဤသည်မှာ ၁၉၄၇-ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ အရအသိ အမှတ်ပြုခြင်း ဖြစ်သည်။ ထိုအချိန်တွင် ရိုဟင်ဂျာ များကို မူဆလင် ဟုသာ ခေါ်ဝေါ် ခဲ့ကြသည်။ ၁၉၅၈- ခုနှစ်တွင် ဦးနေ၀င်း ဦးဆောင်သော စစ်အစိုးရကို အာဏာ လွှဲအပ် ပေးခဲ့သည်။ ထိုစဉ်တွင် အစိုးရမှ မူဆလင် ဆိုသည်မှာ လူမျိုး တစ်မျိုး၏ အမည်နာမ မဟုတ်၊ လူမျိုး အမည် နာမ တစ်ခုကို သတ်မှတ် ရမည်ဟုပြောဆို လာရာမှ သမိုင်း စာ မျက်နှာကို လှန်ရှာဖွေပြီး ယခင်က ရှိခဲ့သော “ရိုဟင်ဂျာ” အမည် နာမကို အစိုးရနှင့် ပြည်သူ ပူးပေါင်း ၍ ဖော် ထုတ် ခဲ့ကြသည်။ ၎င်းရိုဟင်ဂျာ လူမျိုးကို လူသိရှင်ကြား၊ နိုင်ငံတကာ ပြည်သူ အားလုံး သိရှိအောင် ၁၉၆၁-ခု အောက်တိုဘာလမှစ၍မြန်မာ့အသံ တိုင်းရင်သား အစီအစဉ်မှ အပတ် စဉ် ကြေငြာ မောင်း ထိုးခဲ့ ကြသည်။ ၎င်းအစီ အစဉ်သည် ပါလီမန် ဒီမိုကရေစီ ခေတ် မှ တော်လှန်ရေး အစိုးရခေတ် ကာလထိ အသံ လွှင့် ခဲ့သည်မှာ နိုင်ငံတကာ သိ ဖြစ်ပါသည်။
သို့သော် ယ္ခုအခါ ရိုဟင်ဂျာ တို့သည် အင်္ဂလိပ် ခေတ်တွင် ခိုးဝင် လာသူ များဟု ဟစ်အော် နေကြသည်။ ၎င်းရိုဟင်ဂျာ တို့သည် မြန်မာမင်း အုပ်ချုပ်သော (၁၇၈၅- ၁၈၂၄) ခေတ်က ဖိနှိပ်မှု ဒဏ်ကို မခံမရပ် နိုင်၍ ထွက်ပြေး သူများသာ ၀င်လာ ခဲ့ခြင်း ဖြစ်သည်။ အလားတူ ရခိုင် လူမျိုး များလည်း ၀င်လာ ကြသည်ကို အဘယ်ကြောင့် မဟစ်အော် ကြသနည်း။
၁၉၆၀-ခုနှစ် လွန်ကာလ မှစ၍ ရိုဟင်ဂျာ လူမျိုး များအား လူမျိုးပြုတ် စီမံချက် “စပါယ်“၊ “နဂါးမင်း“ စသော စီမံချက်များ ချမှတ်လျက် ဆောင်ရွက် လာခဲ့ရာမှ ရှေးပဝေသဏီ၊ ဘီစီ ၃၀၇၂- ကပင် ရှိရင်းစွဲ ဖြစ်သော စန္ဒ၀ံသ၊ ရဟာမီး၊ ရွာဟောင်း ကကျား၊ ရွန်ဂျ၊ ရိုဟင်ဂျာ စသော သမိုင်း ဖြစ်ရပ်မှန် များကို မျက် ကွယ် ပြု လျက် ယာယီ ကတ်ပြား ဟူသော နိုင်ငံမဲ့သား ကတ်ပြားကို ကိုင်စေခြင်းသည် ရိုဟင်ဂျာ တို့၏ နာ ကျည်း ဖွယ်ရာ ဇတ်လမ်းပင်။
မှီငြမ်း ကိုးကားသော စာအုပ်များ 
၁။ ကျောင်းသုံး မြန်မာ ရာဇ၀င် (ဦးဘသန်း)
၂။ ကျောင်းသုံး မြန်မာ ရာဇ၀င် (ဦးအုန်းမောင်)
၃။ မြန်မာ ရာဇ၀င် သိမှတ် ဖွယ်ရာ အဖြာဖြာ (ဦးကြည်)
၎။ ဓည၀တီ ရာဇ၀င်သစ် (ဆရာတော် ဦးညာဏ)
၅။ ဓည၀တီ အရေးတော်ပုံ (ဆရာတော် ဦးညာဏ)
၆။ မြန်မာ့ သမိုင်း (ဗိုလ်မှူး ဘရှင်)
၇။ ဗြိတိသျှ သံဖနောင့်အောက်မှ မြန်မာနိုင်ငံ ဒုတိယတွဲ (ဦးမောင်မောင်ကြီး ဘာသာပြန် ဆိုသည်)
၈။ ၁၉၇၅-၇၆-ရခိုင် တန်ဆောင် မဂ္ဂဇင်း အတွဲ (၁၄) မှ Dr.အေးချမ်း ဆောင်းပါး
၉။ ၁၉၅၉-၆၀ ခုနှစ်ထုတ် ပြည်ထောင်စု မြန်မာ နိုင်ငံ တော်လှန်ရေး အစိုးရ ရှေးဟောင်း သုတေသန ညွှန်ကြား ရေးဝန်၏ နှစ်ချုပ် အစီရင်ခံစာ
၁၀။ မြန်မာ နိုင်ငံ ပြည်ပ ကုန်သွယ်ရေး သုတေသန စာတမ်း (ဒေါ်ကြည်ဝင်း -စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်မြို့က ၁၉၆၆-ခုနှစ် သုတေသန စာတမ်း ဖတ်ပွဲတွင် တင်သွင်းသည်)
၁၁။ ဘုံပေါက်သာကျော်ရေး ပြည်ထောင်စုမြန်မာနိုင်ငံနှင့်ရိုဟင်ဂျာ အန္တရယ်
၁၂။ မြန်မာ့ စွယ်စုံကျမ်း အတွဲ-၉
၁၃။ ဦးကျော်ငြိမ်း အနှစ်သုံးဆယ် မြန်မာ့အသံ
၁၄။ မြန်မာ့အသံ ၂၅-နှစ်မြောက် ငွေရတု သဘင် သောတရှင်
၁၅။ ရခိုင်ပြည် သမိုင်းနှင့် ရိုဟင်ဂျာ တို့၏ဘ၀(ဗိုလ်မှူးထွန်းကျော်ဦး၊ လေ တပ်ငြိမ်း)
၁၆။ ပဏ္ဍိတ ဦးသာထွန်းအောင် မြို့ဟောင်းမြို့၏ ရခိုင် မဟာ ရာဇ၀င်တော်ကြီး
၁၇။ ဦးဘသာ(M.A-တာဟဲရ်) ၏ ရိုဟင်ဂျာနှင့် ကမန်သမိုင်း (၁၉၆၄)
၁၈။ ဦးစံသာအောင်(အ.ဆ.ည ညွှန်ကြားရေးမှူးချုပ်) ရခိုင်ဒင်္ဂါးများ ၁၉၇၉
၁၉။ ဦးထွန်းလှဖြူ၏ ရခိုင် တိုင်းရင်းသား လူမျိုးစုများ (၁၉၈၁)
၂၀။ ဗိုလ်မှူး ဘရှင်၏ အနော်ရထာ အယင်က မြန်မာနိုင်ငံ
၂၁။ Burma outpost by Antony Irwin
၂၂။ Burma by D.G.E.Hall
၂၃။ History of Burma by G.E.Harvey
၂၄။ A history of South East Asia by D.E.G.Hall
၂၅။ A short history of Muslims of Arakan and Burma by M.K. Rahman (in Urdu)
၂၆။ Akyab District Gasetteer compiled by R.B.Smart
၂၇။ British Burma Administration Report (1970-71) and Minority Problems in South East Asia by Virginia Thomsom
၂၈။ In to Hidden Burma (မော်လစ်ကော်လစ်ရေး)
၂၉။ Bernier Troubles In The Moghul Empire, AD (1656-1668) Trans; A. Constable, Oxford Press 1916
၃၀။ Pamela Gutman, Ancient Arkan; Australia Nation University 1976
၃၁။ Moshe Yegar, The Muslim of Burma 1972
၃၂။ The History of Burma, Sir Ather Phyer

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: