Leave a comment

“ရိုဟင်ဂျာနှင့်ရခိုင်ခေါင်းဆောင်များကိုကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် သစ် တွေ့ဆုံ”

 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်ရေး ကိုယ်စားလှယ်သစ် မစ္စယန်းဟီးလီသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်ခဲ့ပြီး ရခိုင်ဗုဒ္ဓဘာသာဝင် ခေါင်းဆောင်များနှင့် ရိုဟင်ဂျာ မွတ်စလင်   အသိုင်းအ၀ိုင်း များကို တွေ့ဆုံခဲ့သည်ဟု ဒေသခံသတင်းများအရသိရှိရသည်။

“သူမကတော့ ကျွန်တော်တို့ကို ဒီကအခြေအနေတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ သဘောကို နားထောင်ချင်တယ်လို့ ပြောပါတယ်”ဟု တနင်္ဂနွေနေ့က မစ္စယန်းဟီးလီနှင့် တွေ့ဆုံခဲ့ရာတွင် ပါဝင်ခဲ့သည့် ရခိုင်ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ဆိုသည်။

“ကျွန်တော်တို့ အသိုင်းအ၀ိုင်း ခေါင်းဆောင်တွေကဘင်္ဂလီတွေနဲ့ ရခိုင်တွေကြား ပဋိပက္ခဖြစ်ရတဲ့ အကြောင်းကို ရှင်းပြထားတဲ့စာတစ်စောင်သူမကို ပေးခဲ့ပါတယ်။ ဒီစာက လက်ရှိ အခြေအနေနဲ့ ပဋိပက္ခသမိုင်းကို ရှင်းပြထားတာပါ” ဟု ဦးသန်းထွန်းက ဆိုခဲ့သည်။ထို့အပြင် မွတ်စလင်လူနည်းစုများမှာ ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င်ရွေ့ပြောင်းလာသူများဖြစ်ကြသည့် အတွက် ဘင်္ဂလီဟုသာ ရည်ညွန်းရန်လည်းအကြံပေးခဲ့သည်။

ထို့အပြင် ဦးသန်းထွန်းက ကုလသမဂ္ဂအထူးကိုယ်စားလှယ်သစ်အပေါ် အကဲဖြတ်ရန် အချိန်စောသေးကြောင်းနှင့် သူမ၏ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ် လိမ့် မည်ဖြစ်ကြောင်း၊ ထိုသတင်းစာရှင်းလင်းပွဲ၌ ပြောဆိုချက်ကိုကြည့်၍ မည်သို့သော ပုဂ္ဂိုလ်ဖြစ်သည်ကို သိနိုင်လိမ့်မယ်ဟု ဆိုသည်။

တောင်ကိုရီးယားသူ မစ္စယန်းဟီးလီသည် မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် အာဂျင်တီးနားမှ မစ္စတာ သောမတ်အိုဂျေး ကင်တားနားနေရာကို ဆက်ခံခဲ့သူဖြစ်သည်။

မစ္စတာကင်တားနားသည် ရခိုင်ပြည် ပဋိပက္ခနှင့် ပတ်သက်၍ အစီရင်ခံစာ အမြောက်အမြားရေးခဲ့သည့်အပြင် ရိုဟင်ဂျာလူနည်းစုများမှာ ရခိုင်အသိုင်းအ၀ိုင်းနှင့် အာဏာပိုင်များ၏် ပြင်းထန်သော လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် ညှင်းပန်းနှိပ်စက်ခြင်းများကို ရင်ဆိုင်နေရသည်ဟု သတိပေးခဲ့သေးသည်။

အစိုးရ၊အာဏာပိုင်များနှင့် ဗုဒ္ဓဘာသာဝင်အသိုင်းအ၀ိုင်းများကမူ မစ္စတာကင်တားနား ၏အစီရင်ခံစာမှာ ဘက်လိုက်ရေးသားခြင်း ဖြစ်သည်ဟုဆိုကြပြန်သည်။

အထူးကိုယ်စားလှယ်သစ်က သူမသည် မြန်မာပြည်၏ လူ့အခွင့်ရေးအခြေအနေများကို ပထမဆုံးအနေဖြင့်လေ့လာရန် နေပြည်တော်၊ရန်ကုန်၊မန္တလေး၊ရခိုင်နှင့် ကချင်ပြည်နယ်များသို့ ဇူလိုင်လ ၁၇ရက်မှ ၂၆ရက်နေ့အထိသွားရောက်မည်ဟု ကြေငြာခဲ့သည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းအဖွဲ့ဝင်များ၊NGO ကိုယ်စားလှယ်များ၊အစိုးရအရာရှိများ၊ဘာသာရေး၊နိုင်ငံရေး၊ လူမှုအသိုင်းအ၀ိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် မစ္စယန်းဟီးလီက ပွင့်လင်းမြင်သာ၍ အပြုသဘောဆောင်သော ပြောင်းလဲမှုများတွေ့လိုကြောင်း ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်သို့ မသွားရောက်မီ ကုလသမဂ္ဂအထူးကိုယ်စားလှယ်သစ်သည် လွန်ခဲ့သောသီတင်းပတ်က မြန်မာ့လူ့အခွင့်ရေးကော်မရှင်နှင့် တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်ရှိ   နိုင် ငံရေး   အကျဉ်းသား အချို့နှင့် တွေ့ဆုံခဲ့သည်ဟု နိုင်ငံပိုင်သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

စစ်တွေမြို့ရှိ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သော ရိုဟင်ဂျာအရေး လှုပ်ရှားသူ တစ်ဦးဖြစ်သည့် ဦးအောင်ဝင်းနှင့် အခြားရိုဟင်ဂျာ ခေါင်းဆောင်များသည်လည်း တနင်္ဂနွေနေ့က မစ္စယန်း ဟီးလီ   နှင့် တွေ့ဆုံခဲ့ကြသည်။ကိုယ်စားလှယ်သည် အောင်မင်္ဂလာရပ်ကွက်အပြင် ဒုက္ခသည်စခန်းနှစ်ခုသို့လည်း သွားရောက်ခဲ့ကြသည်ဟုဆိုသည်။

“ကျွန်တော်က သူမကို ကျွန်တော်တို့ ကလေးတွေ ပညာသင်ကြားလို့မရ၊ တက္ကသိုလ် တက်လို့မရတာတွေ ပြောပြခဲ့ပါတယ်။လူတိုင်းမှာ ပညာသင်ကြားဖို့အခွင့်အရေး ရှိတယ်လို့ ကုလသမဂ္ဂက ဆိုနေပေမယ့်  ကျွန်တော်တို့ ကလေးတွေမှာ အဲဒီအခွင့်အရေးမရကြရှာပါဘူး”ဟု ဦးအောင်ဝင်းကဆိုသည်။

ရပ်မိရပ်ဖနောက်တစ်ဦးက ပြန်လည်နေရာချထားရေးနှင့် မိမိတို့၏ အိမ်များဆီသို့ ပြန်ရန်လိုကြောင်း၊အခြားတစ်ဦးမှလည်း ၁၉၈၂ခု နိုင်ငံသားဥပဒေနှင့်အညီ အခွင့်အရေးများရရှိရန်လို အပ်ကြောင်း ပြောဆိုခဲ့ကြသည်ဟု ဦးအောင်ဝင်းကဆိုသည်။၁၉၈၂ခုဥပဒေမှာ မွတ်စလင် လူနည်းစုများအပေါ် နိုင်ငံသားဖြစ်ခွင့်ကို ကန့်သတ်ထားသော ဥပဒေဖြစ်သည်။

တစ်နေ့လျှင် နှစ်နာရီခန့်သာ ကျန်းမာရေး စောင့်ရှောက်မှုရရှိပြီး ၂၄နာရီ ၀န်ဆောင်မှုမရှိသောကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများနှင့် ရင်ဆိုင်နေရ ကာ  ဒုက္ခသည်များအဖို့ အခွင့်အရေးများဆုံးရှုံးနေကြရကြောင်း ရပ်မိရပ်ဖများမှ မစ္စယန်းဟီးလီကိုပြောဆိုခဲ့သည်ဟု ဦးအောင်ဝင်းကဆိုသည်။

၂၀၁၂ခုနှစ်မှစ၍ အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ရိုဟင်ဂျာများမှာ ဒုက္ခသည်စခန်းအတွင်း၌ နေထိုင်ခဲ့ကြရသည်။အာဏာပိုင်များမှ ဒုက္ခသည်စခန်းအပြင်ဘက်သို့ ထွက်ခွာခွင့်ကိုတားဆီးခဲ့ပြီး အစားအစာ၊ပညာရေး၊ကျန်းမာရေးအပြင်လူသားချင်းစာနာမှု အကူအညီပေးမှုနေတို့ကိုပါ ကန့်သတ်ခဲ့ကြသည်။

စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ရှိ မွတ်စလင် ၆၀၀၀နီးပါးမှာလည်း ရပ်ကွက် အပြင်သို့ ထွက်ခွာခွင့်မရရှိကြပဲ ကန့်သတ် ပိတ်လှောင် ခံနေကြရပြီး ရွာရှိ မိသားစုများအတွက် အခြေခံ ၀န်ဆောင်မှုများပင် မရရှိကြချေ။

၂၀၁၂ခုနှစ်အကြမ်းဖက်မှု ဖြစ်ပွားပြီးချိန်မှစ၍ တင်းမာမှုများကျန်ရှိနေပြီး အစိုးရကလည်း ပဋိပက္ခများအပေါ် ဆုံးဖြတ်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးချေ။မွတ်စလင် အသိုင်းအ၀ိုင်းများ အတွက်   နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ အထူး လိုအပ်နေပြီး မကြာသေးမီကာလကပင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေသည့်အဖွဲ့နှစ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို အစိုးရက ကန့်သတ်တားဆီးခဲ့သေးသည်။
Myanmar Chronicle

Leave a comment